Tuesday, July 7, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ ကျင်းပ



နေပြည်တော် ဇူလိုင် ၆

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တရားသူကြီးနှင့် ရှေ့နေများ လိုက်နာရမည့် Code of Conduct ကျင့်ဝတ်နီတိများ ပညာပေးရေး၊ လမ်းအဆင့်မြှင့်တင်ပေးနိုင်ရေး၊ မြို့တော်ခန်းမတစ်ခုနှင့် ဘောလုံးကွင်းတစ်ကွင်း တည်ဆောက်ပေးနိုင်ရေး၊ မြို့ပြဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲဆောင်ရွက်ပေးနိုင်ရေး၊ စနစ်ကျသော ရေပေးဝေ ရေးလုပ်ငန်းများ စီမံဆောင်ရွက်ပေးနိုင်ရေး၊ မြေအငှားဂရန်ထုတ်ပေးနိုင်ရေးနှင့် မြေအငှားဂရန်အမည် လွှဲပြောင်းခွင့်ပေးနိုင်ရေး၊ ကျောင်းဆောင်သစ်များ တိုးချဲ့ဆောက်လုပ်ပေးနိုင်ရေး၊ ကျောင်းနေအရွယ် အသက်ငါးနှစ်ကလေးများ စာရင်းကောက်ယူခြင်းနှင့် စာသင်ခန်းသို့ အရောက်ပို့ဆောင်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်း ၁၂ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဦးစွာ မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဦးနေလင်းအောင်၏ တရားသူကြီးနှင့် ရှေ့နေများ လိုက်နာရမည့် Code of Conduct ကျင့်ဝတ်နီတိများ ပညာပေးခြင်းနှင့် တရားသူကြီးများနှင့် ရှေ့နေများပါဝင်သော Joint Training Program များ တရားလွှတ်တော်ချုပ်မှ စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသောင်းနိုင်က ရှေ့နေများအတွက် စောင့်ထိန်းရမည့် ကျင့်ဝတ်များကို ရှေးယခင်ကပင် သတ်မှတ် ပြဋ္ဌာန်းထားခဲ့ပြီး ခေတ်အဆက်ဆက် တရားစီရင်ထုံးများဖြင့်လည်း လမ်းညွှန်ပြသမှုများပြုခဲ့ပါကြောင်း၊ ထိုနည်းတူစွာပင် တရားသူကြီးများဘက်ကလည်း မိမိတို့၏ ကျင့်ဝတ်သိက္ခာနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြုမူနေထိုင်ခြင်းအားဖြင့် ရှေ့နေရှေ့ရပ်များ၊ အမှုသည်များအပါအဝင် တရားရုံးအသုံးပြုသူများ၏ ယုံကြည်လေးစားမှုကို ရရှိနိုင်မည်ဖြစ်ပါကြောင်း။

သို့ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး အကြံပြုတင်ပြသကဲ့သို့ ကျင့်ဝတ်နီတိများ ကျယ်ပြန့် စွာ ပညာပေးခြင်းသည် လွန်စွာအရေးကြီးကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလည်း သတိပြုမိခဲ့ပါကြောင်း။

ထို့ကြောင့် ယခင်က  အထက်တန်းရှေ့နေလိုင်စင် ပေးအပ်ခြင်းများကို လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်ခဲ့သော်လည်း ၃၁-၁-၂၀၂၆ ရက်နေ့မှစတင်ပြီး အထက်တန်းရှေ့နေလက်မှတ် လက်ခံရယူမည့် အလုပ်သင်ရှေ့နေ ၉၄ ဦးကို ရှေ့နေကျင့်ဝတ်သိက္ခာနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာအသိပညာပေးသင်တန်းကို လေးကြိမ် ပို့ချပေးခဲ့ပြီးဖြစ်ပါကြောင်း။

တရားသူကြီးများအတွက် ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် တရားစီရင်ရေးကျင့်ဝတ်ဘာသာရပ် အား တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းများနှင့် မွမ်းမံသင်တန်းများတွင် သင်ရိုးညွှန်းတမ်းအဖြစ် ထည့်သွင်းပို့ချခြင်း၊ တရားရုံးသို့ လာရောက်သူများကို ယဉ်ကျေးပျူငှာစွာဖြင့် လေးစားစွာ ဆက်ဆံပြောဆိုတတ်စေရန် တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများအတွက် ဝန်ဆောင်မှုသင်တန်းပေးခြင်းတို့ကို တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း ၂၀၂၃-၂၀၂၇ တွင် နှစ်စဉ် ထည့်သွင်းဆောင်ရွက်လျက်ရှိပါကြောင်း။

တရားရုံးများအနေဖြင့် ရှေ့နေရှေ့ရပ်ကဲ့သို့ အကျိုးသက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံခြင်းအားဖြင့် အပြန်အလှန်နားလည်၍ ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန်လည်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ကြီးအကြံပြုသကဲ့သို့ တရားရုံးနှင့် ရှေ့နေရှေ့ရပ်များအပါအဝင် အခြားသက်ဆိုင်သူများကို ဖိတ်ကြားပြီး ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်နိုင်ရန်အတွက် တရားစီရင်ရေးမဟာဗျူဟာအစီအစဉ်တစ်ရပ်အဖြစ် ထည့်သွင်းထားပါကြောင်း။

သို့ပါ၍ ကျင့်ဝတ်ဆိုင်ရာ အသိပညာပေးမှုအစီအစဉ်များနှင့် တရားသူကြီးများနှင့် ရှေ့နေရှေ့ရပ်များ ပါဝင်သည့် ပူးပေါင်းလေ့ကျင့်သင်ကြားမှုအစီအစဉ် (Joint Training Program) များကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဆောင်ရွက်ပေးလျက်ရှိပြီး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

နမ့်စန်မဲဆန္ဒနယ်မှ ဦးဌေးလွင် (ခ) ဦးဒီလုံး၏ နမ့်စန်မြို့နယ်ရှိ နားရိုင်းရွာမကြီးမှ နောင်ခမ်း −နောင်ခါး - နမ့်ခမ်း (နမ့်ဟူးမိုင်) − နောင်ဒေးကျေးရွာထိ ကျောက်ချောလမ်းအား ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက နောင်ခမ်း - နောင်ခါး - နမ့်ခမ်း (နမ့်ဟူးမိုင်) - နောင်ဒေးကျေးရွာသွားလမ်းမှာ နယ်စပ်ရေးရာဝန်ကြီးဌာနက စီမံခန့်ခွဲသည့်လမ်းဖြစ်ပြီး လမ်းမိုင်အရှည်အနေဖြင့် ၈/ ၆ မိုင်ရှိကြောင်း၊ အဆိုပါကျောက်လမ်း ၈/ ၆ မိုင် လမ်းပိုင်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန် လာမည့်ဘဏ္ဍာနှစ်များတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေမှ ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး လျာထားဆောင်ရွက်မည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားသည်။

လယ်ဝေးမဲဆန္ဒနယ်မှ ဦးဝင်းဌေး၏ ဇေယျာသီရိမြို့နယ်တွင် မြို့တော်ခန်းမတစ်ခုနှင့် ပြေးလမ်း/ ပွဲကြည့်စင်ပါသည့် ဘောလုံးကွင်းတစ်ကွင်းအား နိုင်ငံတော်အစီအစဉ်ဖြင့် ဆောက်လုပ်ပေးရန်အစီ အစဉ်ရှိ၊ မရှိနှင့် ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ဇေယျာသီရိမြို့နယ်တွင် အားကစားရေးရာဝန်ကြီးဌာနပိုင် မြို့နယ်အားကစားကွင်းမရှိပါကြောင်း၊ မြို့နယ်အဆင့် ဘောလုံးအားကစားကွင်းတစ်ကွင်း ဖောက်လုပ်မည်ဆိုပါက မြေဧရိယာ ၁၀ ဧကခန့်၊ မြို့တော်ခန်းမတည်ဆောက်မည်ဆိုပါက မြေဧရိယာ နှစ်ဧကခန့် စုစုပေါင်းမြေဧရိယာ ၁၂ ဧကခန့် လိုအပ်မည်ဖြစ်ပါကြောင်း။

မြို့တော်ခန်းမ၊ ပြေးလမ်းပါဘောလုံးကွင်းနှင့် အားကစားပွဲကြည့်စင်များ ဆောက်လုပ်ပေးလိုသော် လည်း လိုအပ်သည့် စုစုပေါင်း မြေဧရိယာ ၁၂ ဧက မှာ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် အုပ်ချုပ်ရေးဦးစီးဌာနတို့မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများနှင့် အများပြည်သူပိုင်မြေနေရာများတွင် လုံလောက်သော မြေအကျယ်အဝန်းမရှိပါကြောင်း၊ လုံလောက်သော မြေအကျယ်အဝန်းရရှိပါက အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း၊ အထူးတန်းပွဲကြည့်စင်၊ အားကစားခန်းမ၊ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာတို့အား ဆောက်လုပ်ပေးနိုင်ရေးအတွက် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဦးစားပေးလုပ်ငန်းအလိုက် လျာထားတင်ပြတောင်းခံ၍ ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။

ပျဉ်းမနားမဲဆန္ဒနယ်မှ ဦးခင်မောင်ဌေး၏ ပျဉ်းမနားမြို့ပေါ်ရပ်ကွက် ခုနစ်ခုအား ရေနုတ်မြောင်း၊ ရေဆိုးထုတ်မြောင်းများပါဝင်သည့် မြို့ပြဖွံ့ဖြိုးရေးစီမံချက် (Town Plan) အဖြစ် ရေးဆွဲဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးဝင်းမိုးခိုင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်း၍ ပျဉ်းမနားမြို့ပြဖွံ့ဖြိုးတိုးတက်မှုအခြေအနေအား လေ့လာသုံးသပ်ခဲ့ပြီး မြို့ပြစီမံကိန်းပညာရှင်များမှ ပျဉ်းမနားမြို့၏ မြို့ပြစီမံကိန်းရေးဆွဲခြင်းအစီရင်ခံစာအား ပြုစုခဲ့ပါကြောင်း၊ မြို့ပြစီမံကိန်းရေးဆွဲခြင်းအစီရင်ခံစာပါ ပျဉ်းမနားမြို့ကို တစ်မြို့လုံးအတိုင်းအတာဖြင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အဆိုပြုလျာထားအစီအမံများ ပါဝင်ပါကြောင်း၊ ပျဉ်းမနားမြို့ Drainage System အား ရေးဆွဲထားရှိပြီး ပျဉ်းမနားမြို့တွင်း လက်ရှိတွင် ပင်မရေနုတ်မြောင်းများအနေဖြင့် ငလိုက်ချောင်း (တောင်ဘက်) အုတ်ရေမြောင်း ၂၀ ဒသမ ၅၄၄ မိုင်၊ ကျောက်စီရေမြောင်း ၁ ဒသမ ၈၀၄ မိုင်၊ ငလိုက်ချောင်း (မြောက်ဘက်) အုတ်ရေမြောင်း ၁၃ ဒသမ ၃၂၃ မိုင်၊ ကျောက်စီရေမြောင်း ၁ ဒသမ ၈၅၆ မိုင်ရှိပြီး ပျဉ်းမနားမြို့တွင်း ပင်မရေမြောင်းများသို့ စီးဝင်သည့်ရေနုတ်မြောင်းများအား မိုးမကျမီ (၄/၂၀၂၆ လမှ ၁၀/၂၀၂၆ လအထိ) လအလိုက် ရေနုတ်မြောင်း တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအား ပျဉ်းမနားမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးသက်ပုံ၏ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များတွင် စနစ်ကျသော ရေပေးဝေရေး လုပ်ငန်းများ စီမံဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က စစ်ကိုင်းမြို့သည် မြို့မ ၁၈ ရပ်ကွက် နှင့် တိုးချဲ့ ငါးရပ်ကွက် စုစုပေါင်း ၂၃ ရပ်ကွက်ရှိပါ ကြောင်း၊ အိမ်ခြေပေါင်း ၁၈၄၉၂ တွင် လူဦးရေပေါင်း ၈၈၃၀၈ ဦး နေထိုင်ပါသဖြင့် တစ်နေ့လျှင် မြို့အတွက် ရေလိုအပ်မှုအနေဖြင့် ဂါလန် ၂ ဒသမ ၃ သန်းဖြစ်ပါကြောင်း။

လက်ရှိ မြို့ရေပေးဝေရေးအနေဖြင့် စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (ရွှေမင်းဝံ၊ ဇေယျာ၊ မြို့သစ်) သုံးရပ်ကွက်တို့အား ပယ်ငါးဆယ်ကျေးရွာမှ ဧရာဝတီမြစ်ရေကို မင်းဝံတောင်ပေါ်ရှိ ရေစစ်ကန် သို့တွန်းတင်ပြီး ရေစစ်ကန်တွင် ကျောက်ချဉ်ထည့်ခြင်း၊ လေဖြင့်သန့်စင်ခြင်း၊ ကျောက်စရစ်ဖြင့် သန့်စင်ခြင်း၊ သဲအနှေးရေစစ်ကန်မှတစ်ဆင့် Chlorine ခတ်ခြင်း အဆင့်ဆင့်သန့်စင်ပြီးသောရေ နေ့စဉ် ဂါလန် ၄ဝဝဝဝဝ ဖြန့်ဝေပေးလျက်ရှိပါကြောင်း။

မင်းလမ်းရပ်ကွက်၊ ပိုးတန်းရပ်ကွက်၊ ပန်းဘဲတန်းရပ်ကွက်၊ မိုးဇာရပ်ကွက်၊ နန္ဒဝန်ရပ်ကွက်၊ တကောင်း ရပ်ကွက်၊ စိန်ကုန်းရပ်ကွက်၊ ထုံးဘိုရပ်ကွက်၊ မြို့သစ်ရပ်ကွက် (အရှေ့ပိုင်း)၊ ပါရမီရပ်ကွက်၊ နီလာရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ ရွာထောင်ရပ်ကွက်၊ မီးရထားရပ်ကွက်၊ ဧမြဝတီရပ်ကွက်တို့အနေဖြင့် ရပ်ကွက်အလိုက် ရေပေးရေးကော်မတီများဖွဲ့စည်း၍ ဧရာဝတီ မြစ်ရေမှ တိုက်ရိုက်တွန်းပို့စနစ်ဖြင့် အိမ်သွယ်ရေတိုင်များဖြင့် ပေးဝေလျက်ရှိပါကြောင်း။

တစ်မြို့လုံး သန့်ရှင်းသောသောက်သုံးရေဖြန့်ဝေပေးနိုင်ရန်အတွက် တိုးချဲ့ဆောင်ရွက်ရာတွင် HDPE ရေတင်ပိုက်လိုင်း ပေ ၄၅ဝဝ ခန့် သွယ်တန်းခြင်း၊ HDPE ရေဖြန့်ဝေပိုက်လိုင်း ပေတစ်သန်းခန့် သွယ်တန်း ခြင်း၊ မြို့သစ်ရပ်ကွက် ရေကန် နှစ်ဧက အကျယ်နေရာတွင် စက်ရုံတည်ဆောက်ပြီး တစ်ရက်လျှင် ရေဂါလန် နှစ်သန်းခန့်ဖြန့်ဝေပေးနိုင်ရေးဆောင်ရွက်ရန် ရည်ရွယ်ထားရှိပါကြောင်း။

ကုန်ကျစရိတ်များပြားပြီး ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ဖိတ်ခေါ်ပြီး BOT စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိပါကြောင်းနှင့် BOT ဆောင်ရွက်မည့် လုပ်ငန်းရှင်များ ဖိတ်ခေါ်ပြီးပါက အဆင့်ဆင့်တင်ပြခွင့်ပြုချက်ရယူပြီး လုပ်ငန်းအပ်နှံအကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။

ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၏ ပုဗ္ဗသီရိမြို့နယ် ဇေယျာဒီပရပ်ကွက်တွင် မြေအငှားဂရန် ဆက်လက် ထုတ်ပေးရန်နှင့် တပ်ပုဗ္ဗရှိ မြေကွက်များအား မြေအငှား ဂရန် အမည်လွှဲပြောင်းခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ပုဗ္ဗသီရိမြို့၊ ဇေယျာဒီပရပ်ကွက် (Block 7 မှ Block 11) အတွင်းရှိ မြေကွက်များအား အဆောက်အအုံဆောက်လုပ်ရန် မြေပုံ၊ မြေရာဇဝင် ရေးကူးပေးခြင်း၊ မြေငှားစာချုပ် (ဂရန်) ထုတ်ပေးခြင်းနှင့် အမည်ပြောင်းလဲပေးခြင်း စသည့်မြေစီမံခန့်ခွဲမှုကိစ္စရပ်များအား လမ်းညွှန်ချက်အရ ဆက်လက်ဆောင်ရွက်ပေးခြင်းမပြုဘဲ ဆိုင်းငံ့ထားရှိခဲ့ပါကြောင်း။

စစ်မှုထမ်းများအနေဖြင့် ဤမြေကွက်သည် အမှန်တကယ် အိမ်ရာဆောက်လုပ်နေထိုင်မည့်သူများသာ နေရာချထားပေးခြင်းဖြစ်ကြောင်း၊ ထပ်ဆင့်လွှဲပြောင်းခြင်း၊ ရောင်းချခြင်းမပြုပါကြောင်းနှင့် မိမိ ကိုယ်တိုင်သာ နေထိုင်မည်ဖြစ်ပါကြောင်း၊ နေအိမ်အား တစ်ထပ်အဆောက်အအုံသာ ဆောက်လုပ်ရမည်ဖြစ်ပါကြောင်း၊ အဆောက်အအုံဆောက်လုပ်ရာတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာပါမည်ဖြစ်သည်ဟု ကတိပြုလက်မှတ်ရေးထိုးထားပါကြောင်း။

သို့ဖြစ်ပါ၍ ပုဗ္ဗသီရိမြို့ရှိ ဇေယျာဒီပရပ်ကွက်၊ ဆင်ဖြူရှင်ရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်နှင့် နဝဒေး ရပ်ကွက်တို့တွင် စစ်မှုထမ်းများသို့ နေရာချထားပေးသော မြေကွက်များအား မြေငှားစာချုပ် အမည်ပေါက်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ထောက်ချုပ်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

သာပေါင်းမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုး၏ သာပေါင်းမြို့နယ် ရွှေလှေကွင်းကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းတွင် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ရွှေလှေကွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပေ (၆၀ x ၃၀) အုတ်ညှပ်တစ်ထပ် တစ်ဆောင်ရှိပါကြောင်း၊ လက်ရှိတွင် ကျောင်းသားအင်အားနည်းပါး သည့်အတွက် စာသင်ခန်း သုံးခန်းဖြင့် လုံလောက်စွာ ပညာသင်ကြားနိုင်ပါကြောင်းနှင့် နောင်အခါ ကျောင်းသားအင်အားတိုးပွားလာပါက ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းဆိုင်နော်၏ မောက်မယ်မြို့နယ် ဈေးတန်း အလက (ခွဲ) မူလတန်း ကျောင်း၏ ပင်မဆောင်အား ဖျက်သိမ်းခွင့်ပြုရန်နှင့် နှစ်ထပ်စာသင်ကျောင်းတစ်ဆောင် တိုးချဲ့ရရှိရေး အတွက် မည်ကဲ့သို့ပံ့ပိုးပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ရှမ်းပြည်နယ် (တောင်ပိုင်း) မောက်မယ်မြို့နယ် ဈေးတန်း - အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တွင် ဆရာ ဆရာမ ၁၅ ဦးရှိပြီး ကျောင်းသား ကျောင်းသူဦးရေ ၄၄၄ ဦးရှိပါကြောင်း။

စာသင်ဆောင်များအနေဖြင့် ကျောင်းဆောင် သုံးဆောင်ရှိပြီး ပညာပန်းခင်းဆောင်သည် သက်တမ်း ၃၃ နှစ်ခန့် ကြာမြင့်ပြီဖြစ်သော်လည်း အင်ဂျင်နီယာစိစစ်ချက်အရ အန္တရာယ်ရှိကျောင်းဆောင်မဟုတ် ကြောင်း တွေ့ရှိရသည့်အတွက် ပညာပန်းခင်းဆောင်အား အကြီးစားပြင်ဆင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ကျောင်းသား တန်းခွဲဦးရေအရ အလယ်တန်းအဆင့်အတွက် လိုအပ်နေသော စာသင်ခန်း နှစ်ခန်း အတွက် ပေ (၆၀ x ၃၀) RCC တစ်ထပ်ဆောက်လုပ်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် ပြည်နယ်၏ ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူ၏ မလှိုင်မြို့နယ် အထက (ခွဲ) ဖက်ကုန်း၊ အမက (မူလွန်ရပ်-၁) နှင့် အထက (မြို့သစ်) ကျောင်းတို့တွင် RC တစ်ထပ် ကျောင်းဆောင် တစ်လုံးစီ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့ နယ် ဖက်ကုန်း-အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် ဆရာ ဆရာမ ဦးရေနှင့် ကျောင်းသား ကျောင်းသူဦးရေအနေဖြင့် ကျောင်းဆောင် လေးဆောင်၊ စာသင်ခန်း ၁၂ ခန်းရှိပြီး ကျောင်းသားဦးရေအရ စာသင်ခန်း လုံလောက်မှုရှိပါကြောင်း။

အလားတူ မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်၊ ရပ်(၁)-အခြေခံပညာမူလတန်း (လွန်)ကျောင်း တွင် ကျောင်းဆောင် သုံးဆောင်၊ စာသင်ခန်း ကိုးခန်းရှိပြီး ကျောင်းသားဦးရေအရ စာသင်ခန်းလုံလောက်မှု ရှိပါကြောင်း။

မြို့သစ်-အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင် ရှစ်ဆောင်၊ စာသင်ခန်း ၂၁ ခန်းရှိပါ ကြောင်း၊ အဆိုပါ မြို့သစ်-အခြေခံပညာအထက်တန်း ကျောင်းတွင် ထပ်မံလိုအပ်နေသော စာသင်ခန်း သုံးခန်းအတွက် ပေ (၉၀ x ၃၀) RCC တစ်ထပ် ဆောက်လုပ်ရန် ၂၀၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ဝေါမဲဆန္ဒနယ်မှ ဦးအောင်နိုင်၏ ဝေါမြို့နယ် ဖိုးဦးစိန်ကျေးရွာ အထက ကျောင်းတွင် RC နှစ်ထပ် တိုးချဲ့ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က ပဲခူးတိုင်းဒေသကြီး(အရှေ့) ဝေါမြို့နယ် ဖိုးဦးစိန်-အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား စုစုပေါင်း ၉၃၂ ဦးရှိပြီး ဆရာ ဆရာမ ၂၆ ဦး ရှိပါကြောင်း၊ စာသင်ဆောင်များအနေဖြင့် ကျောင်းဆောင် ငါး ဆောင်၊ စာသင်ခန်း ၁၅ ခန်း၊ တန်းခွဲ ၂၃ ခုရှိပါကြောင်း၊ ကျောင်းသားတန်းခွဲအရ စာသင်ခန်း ရှစ်ခန်း လိုအပ်နေကြောင်း တွေ့ရပြီး အဆိုပါလိုအပ်နေသည့် စာသင်ခန်း ရှစ်ခန်းအတွက် ပေ (၁၄၀ x ၃၀) RCC နှစ်ထပ် ကျောင်းဆောင်အား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှု အပေါ် တိုင်းဒေသကြီး၏ ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

တောင်ငူမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဦး၏ တောင်ငူမြို့နယ် သရက်တော အခြေခံပညာမူလတန်း (လွန်)ကျောင်းတွင် ကျောင်းဆောင်သစ်နှင့် သန့်စင်ခန်းဆောက်ခြင်း၊ ခြံစည်းရိုးကာခြင်း၊ အဝီစိတွင်း တူးခြင်း၊ အဝင်လမ်းခင်းခြင်းများ ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊ မရှိနှင့် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပဲခူး တိုင်းဒေသကြီး(အရှေ့) တောင်ငူမြို့နယ် သရက်တော-အခြေခံပညာ မူလတန်းလွန်ကျောင်း ဆရာ ဆရာမ ခုနစ်ဦးရှိပြီး ကျောင်းသား ကျောင်းသူ ဦးရေ ၉၈ ဦး ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) တောင်ငူမြို့နယ် သရက်တော-အခြေခံပညာမူလတန်းလွန်ကျောင်းတွင် မြစ်ကမ်းပါးအန္တရာယ်ကြောင့် ဖျက်သိမ်းခဲ့ရသော ကျောင်းဆောင် သုံးဆောင်အစား ပေ (၉၀ x ၃၀) RCC တစ်ထပ်ဆောက်လုပ်ရန်အတွက် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုချက်ရရှိပြီးဖြစ်ပါကြောင်း။

ခြံစည်းရိုး ၃၃၇ ပေ အုတ်တံတိုင်းကာရံခြင်း၊ ကျောင်းအဝင်တံခါး ၁၂ ပေပြုလုပ်ခြင်း ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ ဦးစားပေး အဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း။

နှစ်လက်မ အဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ကျောင်းအဝင်လမ်း ၂၂၀ x ၄ x ၃ ပေ ခင်းခြင်းလုပ်ငန်း နှင့် နှစ်ခန်းတွဲ သန့်စင်ခန်း နှစ်လုံး ဆောက်လုပ်ခြင်းလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သာမန် အသုံးစရိတ်ခေါင်းစဉ်အောက်မှ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ပေါင်းတည်မဲဆန္ဒနယ်မှ ဒေါ်ဆွေဆွေသင်း၏ မြန်မာနိုင်ငံအတွင်းရှိ လတ်တလောဖြစ်နိုင်ခြေရှိ သောဒေသများတွင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များကဦးဆောင်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကျောင်းနေအရွယ် အသက်ငါးနှစ်ကလေးများစာရင်းကောက်ယူခြင်း (Survey on School-Age Children (or) School Survey) ကို တွန်းအားပေးဆောင်ရွက်၍ စာသင်ခန်းအရောက် ပို့ဆောင်ရန် အစီအစဉ်ရှိ၊ မရှိနှင့် ရှိပါက မည်သည့်ပညာသင်နှစ်တွင် စတင်ဆောင်ရွက်မည်ကို သိရှိလို ခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် နှစ်စဉ် ပညာသင်နှစ်တစ်ခုမစမီ (ဧပြီလနှင့် မေလ)တွင် သက်ဆိုင်ရာဌာနတို့မှ တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်း၍ အသက်ငါးနှစ်ပြည့်ပြီးသူများစာရင်းကို တောင်းခံရယူပြီး KG တွင် ကျောင်းစတင်အပ်နှံနိုင်ရေး နှိုးဆော်ဆောင်ရွက်လျက်ရှိ ပါကြောင်း။

စနစ်သစ်ပညာရေးအစီအစဉ်အရ အသက်ငါးနှစ်ပြည့်ပြီး KG မတက်ခဲ့ရသော ကလေးများအနက် အသက် ခြောက်နှစ်ပြည့်ပြီးသူ ကလေးများအား Grade 1 တွင် ကျောင်းအပ်နှံတက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် အသက်ခြောက်နှစ်ပြည့်ပြီး ကျောင်းမနေရသေးသည့် ကလေးများစာရင်းကိုလည်းကောက်ယူပြီး ကျောင်းသို့ ရောက်ရှိရေး သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

ကျောင်းအပ်နှံရေးသီတင်းပတ်မတိုင်မီ ကျောင်းအလိုက် ကျောင်းအပ်နှံမည့် ကျောင်းနေအရွယ် ကလေးစာရင်းပြုစုခြင်း၊ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ကျောင်းအပ်နှံရန်ကျန်ရှိသည့် ကလေး များစာရင်းကိုလည်းကောက်ယူ၍ ကျောင်းသို့ရောက်ရှိရေး သက်ဆိုင်ရာဌာနများ၊ ရပ်မိရပ်ဖများ၊ မိဘဆရာအသင်းများနှင့်ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေး တိုင်း ကျောင်းအပ်နှံနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ၂၀၂၇-၂၀၂၈ ပညာသင်နှစ် မတ်လမှစ၍ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများ၏ ကြီးကြပ်မှုဖြင့် အသက်ငါးနှစ်ပြည့်ပြီးသူ ကလေးများစာရင်းနှင့် အသက် ခြောက်နှစ်ပြည့်ပြီး KG မတက်ရသေးသူကလေးများစာရင်း ကောက်ယူခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ရပ်နား လိုက်ပြီး အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ဇူလိုင် ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment