Wednesday, July 15, 2026

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ


နေပြည်တော် ဇူလိုင် ၁၄

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၅၀ တက်ရောက်သဖြင့် ၉၈ ဒသမ ၂၁ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၂၆) ကို လိုအပ်သောကာလအပိုင်းအခြားအထိ ဆက်လက်အတည်ဖြစ်စေရေး လွှတ်တော်၏ သဘောတူညီချက်ရယူရန်နှင့်စပ်လျဉ်း၍ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦးက ၂၀၂၆ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၆) ထုတ်ပြန်ကြေညာသည့် ရက်ပေါင်း ၉၀ ပြည့်မြောက်မည်ဖြစ်သော်လည်း အဆိုပါအမိန့်ဖြင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၆) အရေးပေါ် အခြေအနေကြေညာခြင်း အတည်ဖြစ်သည့်ကာလကို တိုးမြှင့်သတ်မှတ်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၂ ပုဒ်မခွဲ (ဃ) တွင် “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ထိုဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို လိုအပ်သောကာလအပိုင်းအခြားထိ ဆက်လက်အတည်ဖြစ်စေနိုင်သည်” ဟု ပြဋ္ဌာန်းထားပါကြောင်း။

သို့ဖြစ်ပါ၍ အဆိုပါပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်သမ္မတက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၆) ဆက်လက်အတည်ဖြစ်သည့် ကာလတိုးမြှင့်သတ်မှတ်ခြင်းကို ပြည်ထောင်စုလွှတ်တော်က သဘောတူပေးနိုင်ရေး နိုင်ငံတော်သမ္မတ၏ကိုယ်စား အဆိုတင်သွင်းသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (World Artificial Intelligence Cooperation Organization) ဖွဲ့စည်းတည်ထောင်ခြင်း သဘောတူညီချက်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က AI နည်းပညာသည် လူသားသမိုင်းတစ်လျှောက်တွင် အထူးခြားဆုံးနည်းပညာတစ်ခုအဖြစ် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုပုံစံများကို အသစ်ပုံဖော်နေသည့် နည်းပညာတစ်ရပ်ဖြစ်ပါကြောင်း၊ အလားတူ လူသားများ၏ နေ့စဉ်နေထိုင်စားသောက်မှုကစပြီး နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများအပေါ်တွင်ပါ ကြီးကြီးမားမား ပြောင်းလဲသက်ရောက်စေနိုင်သည့် နည်းပညာ ဖြစ်ပါကြောင်း။

ယခု ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (World Artificial Intelligence Cooperation Organization) သည် AI နည်းပညာကို ဘေးကင်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ထားသည်ကို တွေ့ရသကဲ့သို့ AI နည်းပညာကို စနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုနိုင်ရေးနှင့် နည်းပညာသည် လူသားတို့၏ ကောင်းကျိုးကိုသာ ဆောင်ကြဉ်းစေရေးအတွက်ရည်ရွယ်ပြီး ဖွဲ့စည်းထားသည်ကို တွေ့ရှိရပါကြောင်း၊ အဓိကအားဖြင့် AI နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပေါ်ပေါက်လာသည့် လူအများ၏ စိုးရိမ်ပူပန်မှုများ လျှော့ချရန်၊ AI ကို လူ့အဖွဲ့အစည်းနှင့် အံဝင်ခွင်ကျဖြစ်သည့် နည်းပညာတစ်ရပ်အဖြစ် ပေါ်ထွန်းလာစေရန်၊ လူမှုပတ်ဝန်းကျင် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် လိုက်လျောညီထွေရှိသည့် မူဘောင်သတ်မှတ်ချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားသည်ကို တွေ့ရှိရပါကြောင်း။

ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ရည်ရွယ်ချက်များမှာ လူသားဗဟိုပြုချဉ်းကပ်မှုကို လိုက်နာစောင့်ထိန်းရန်နှင့် အဖွဲ့ဝင်အားလုံးအတွက် AI နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ အသုံးပြုမှုနှင့် လက်တွေ့အသုံးချမှုတို့ကို မြှင့်တင်ရန်၊ AI နည်းပညာအရှိန်အဟုန်မြှင့် ဖြစ်ပေါ်တိုးတက်မှုများကို ရှုမြင်လျက် AI နည်းပညာဆိုင်ရာ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုတိုးချဲ့ရန်နှင့် AI ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပွင့်လင်းမျှတပြီး ခွဲခြားမှုမရှိသည့် ပတ်ဝန်းကျင်တစ်ရပ်ကို ပူးတွဲတည်ထောင်သွားရန်၊ မတူကွဲပြား သည့် AI နည်းပညာကိုပေါင်းကူးနိုင်ရန်၊ AI နည်းပညာများနှင့် ဝန်ဆောင်မှုများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ရေး တိုးမြှင့်လုပ်ဆောင်ရန်၊ ခေတ်မီ AI များမှ ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များ၊ စိန်ခေါ်မှုများနှင့် သက်ရောက်မှုများကို စုပေါင်းကိုင်တွယ်ဖြေရှင်းရန်တို့ ဖြစ်ပါကြောင်း။

ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အဖွဲ့ဝင်နိုင်ငံများအကြား အုပ်ချုပ်ထောက်ပံ့မှု လိုအပ်ချက်များ ဆောင်ရွက်နိုင်ရေးအတွက် ပလက်ဖောင်းတစ်ခုတည်ထောင်ရန်၊ AI စွမ်းရည် တည်ဆောက်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ AI ဖွံ့ဖြိုးရေးမဟာဗျူဟာများ၊ အုပ်ချုပ်မှု စည်းမျဉ်းများ၊ နည်းပညာစံနှုန်းများနှင့်ပတ်သက်၍ ထိန်းညှိမှုများနှင့် ညှိနှိုင်းမှုများကို တိုးမြှင့်သွားရန်၊ ဆွေးနွေးပွဲများ အဆင်ပြေချောမွေ့စေရန်၊ မူဝါဒဆိုင်ရာ ဘုံသဘောတူညီချက်များ တည်ထောင်ရန်၊ အချင်းချင်း ပေါင်းစည်းလုပ်ဆောင်မှု မြှင့်တင်ရန်နှင့် အကောင်းဆုံးလုပ်ငန်း အလေ့အထများကိုမျှဝေရန်၊ AI သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ Open-Source စနစ်များ ဖွံ့ဖြိုးရေးတို့တွင် ပူးတွဲကြိုးပမ်းမှုများကို အားပေးအားမြှောက်ပြု ရန်၊ ကမ္ဘာလုံးဆိုင်ရာ AI အုပ်ချုပ်မှုမြှင့်တင်ရန်၊ ကုလသမဂ္ဂမူဘောင်အတွင်းရှိ လုပ်ငန်းစဉ်များကို အထောက်အကူပြုရန်နှင့် တိုးမြှင့်လုပ်ဆောင်ရန်၊ အခြားသော နိုင်ငံတကာအဖွဲ့များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန်၊ သင့်လျော်သော ပူးပေါင်းဆောင်ရွက်မှုပုံစံများကို စူးစမ်းလေ့လာရန်၊ အဖွဲ့၏ လုပ်ငန်း တာဝန်များကို အရပ်ဘက်သုံး AI နည်းပညာကဏ္ဍအတွက်သာ ကန့်သတ်ထားရန်တို့ဖြစ်ပါကြောင်း။

အခြေခံစည်းမျဉ်းများတွင် အဓိကဖော်ပြထားသည်မှာ ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် ကုလသမဂ္ဂပဋိညာဉ်၏ ရည်ရွယ်ချက်များနှင့် စည်းမျဉ်းများကို လေးစားလိုက်နာပြီး အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ မတူကွဲပြားမှုများကို အလေးထားမည်ဟု ဖော်ပြထားပါကြောင်း။

အဖွဲ့ဝင်နိုင်ငံများ၏ နှစ်စဉ်ထည့်ဝင်ထောက်ပံ့ငွေကြေးကို ကောင်စီက သတ်မှတ်မည်ဖြစ်ပြီး ထိုသို့ သတ်မှတ်ရာတွင် သဘောတူညီထားသည့် ငွေကြေးသတ်မှတ်ချက်နှင့် Universal Postal Union တွင် ထည့်ဝင်သည့်ငွေကြေးအချိုးအစားသတ်မှတ်ချက်တို့ကို ထည့်သွင်းစဉ်းစားသွားမည်ဖြစ်သည့်အပြင် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ငွေကြေး ထည့်ဝင်နိုင်မှုအခြေအနေတို့ကိုလည်း ထည့်သွင်း စဉ်းစားသွားမည်ဖြစ်ကြောင်း။

ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တွင် အခန်း (၁၈) ခန်းပါဝင်ပါကြောင်း၊ ကမ္ဘာ့ဉာဏ်ရည်တု နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (World Artificial Intelligence Cooperation Organization) ၏ တည်ထောင်ရေးဆိုင်ရာ သဘောတူညီချက်ပါ အချက်အလက်များကို ခြုံငုံကြည့်ပါက လက်မှတ်ရေးထိုးမှုကို ၂၀၂၆ ခုနှစ် မေ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ သတ်မှတ်ထားပြီး အဆိုပါကာလအတွင်း လက်မှတ်ရေးထိုးကြသည့် နိုင်ငံများသည် ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထူထောင်သည့် အဖွဲ့ဝင်နိုင်ငံများ (Founding Members of the Organization) အဖြစ် သတ်မှတ်မည်ဖြစ်ပါကြောင်း။

ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် AI စွမ်းရည် တည်ဆောက်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေး၊ AI ဖွံ့ဖြိုးရေး မဟာဗျူဟာများ တိုးတက်ရေးတို့ကို လုပ်ဆောင်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ AI နည်းပညာဖွံ့ဖြိုးရေးအပေါ် များစွာအထောက်အကူဖြစ်စေမည့် အဖွဲ့အစည်းဖြစ်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကို ဦးစားပေး စံနှုန်းများအဖြစ်ထားရှိပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရလဒ်ကောင်းများရရှိနိုင် မည်ဖြစ်ပါကြောင်း၊ AI နည်းပညာဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးများကို နိုင်ငံတကာနှင့် တန်းတူညီမျှ မျှဝေခံစားနိုင်ခြင်း၊ နည်းပညာဈေးကွက်နှင့် Digital Economy ဖော်ဆောင်မှုတို့တွင် ကမ္ဘာ့နိုင်ငံများနှင့် တန်းတူပူးပေါင်းပါဝင်ခြင်းအားဖြင့် အခွင့်အလမ်းများ ရယူနိုင်ခြင်း စသည်ဖြင့် အကျိုးကျေးဇူးကောင်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။

ယခုအချိန်ကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးက လွှတ်တော်အရပ်ရပ်တွင် AI နည်းပညာ၏ အရှိန် အဟုန်နှင့် တိုးတက်လာမှု၊ စိန်ခေါ်မှုများကို အလေးအနက်ထား ထည့်သွင်းဆွေးနွေးနေကြပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေကြပြီဖြစ်ပါကြောင်း၊ ထိုကမ္ဘာ့ ဉာဏ်ရည်တု နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ပါကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၂၆ ခုနှစ်) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးရေးဆွဲတင်သွင်းခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၂၆ ခုနှစ်) တို့နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက လက်ရှိ ကျင့်သုံးလျက်ရှိသည့် ဘဏ္ဍာရေးနှစ်နှင့်အညီဖြစ်စေရေးအတွက် ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေပါနေ့ရက်များကို ပြန်လည်ပြင်ဆင်ရန် လိုအပ်လာသည့်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၂၆ ခုနှစ်) နှင့် ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးရေးဆွဲတင်သွင်းခြင်းဆိုင်ရာဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် နေ့ရက်များကို လက်ရှိကျင့်သုံးလျက်ရှိသည့် ဘဏ္ဍာရေးနှစ်နှင့်အညီ ပြင်ဆင်ရန် လိုအပ်သည့်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်သွင်းခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း (၂၀၂၆ ခုနှစ်) တို့ကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် အဆိုတင်သွင်းသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီအနေဖြင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းပြီး လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ လွှတ်တော်သို့တင်သွင်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကြေညာသည်။

ထို့နောက် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး နဝမနေ့ကို ဇူလိုင် ၂၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment