Friday, July 31, 2026

သုတေသနနှင့် ဆန်းသစ်တီထွင်မှုဖိုရမ်တွင် သုတေသနစာတမ်း စုစုပေါင်း ၆၃ စောင် ဖတ်ကြားတင်ပြသွားမည်

 

နေပြည်တော် ဇူလိုင် ၃၀

ပညာရေးဝန်ကြီးဌာန ရက်(၁၀၀)စီမံကိန်း၏ သုတေသနနှင့်ဆန်းသစ်တီထွင်မှုဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ၌ စတင်ဖွင့်လှစ်ပြီး ဖိုရမ်တွင် သုတေသနစာတမ်း စုစုပေါင်း ၆၃ စောင်ကို ဖတ်ကြားတင်ပြသွားမည်ဖြစ်သည်။

ဖွင့်ပွဲတွင် အကျိုးပြုသုတေသန များသည် Pilot အနေဖြင့် ရှေးဦးအစပြု ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ဆက်လက်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များ၏ သုတေသနလုပ်ငန်းများသည် စာတမ်းထုတ်ဝေခြင်း၊ ပုံနှိပ်ခြင်းအတွက်သာမဟုတ်ဘဲ နိုင်ငံတော်၏ မူဝါဒချမှတ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ စက်မှုစီးပွားဖွံ့ဖြိုး ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်တွေ့အကျိုးပြုနိုင်အောင် ချိတ်ဆက်ဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က တိုက်တွန်းပြောကြားခဲ့ပြီး Poster Presentation များနှင့် Table Show များပြခန်းတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။

မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမုခ်ဦးဖွင့်ပွဲသို့ တက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်တို့နှင့်အတူ စိန်ရတုခန်းမမုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ကမ္ပည်းစာတမ်းများကို အမွှေးနံ့သာဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment