နေပြည်တော် ဇူလိုင် ၁၃
ပြည်တွင်းဝါစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်လာစေရန်၊ ဝါစိုက်ပျိုးထုတ်လုပ်သည်မှ အထည်အလိပ်ထုတ်လုပ်သည်အထိ ကွင်းဆက်တစ်လျှောက်အဆင့်ဆင့် တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် အဖွဲ့ဝင်များ၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ
ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ခရိုင်၊ မြို့နယ်အဆင့်
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝါစိုက်တောင်သူအစုအဖွဲ့၊ ဝါမျိုးစေ့ထုတ်လုပ်သူအစုအဖွဲ့၊
ဝါစေ့ဆီထုတ်လုပ်သူအစုအဖွဲ့၊ ဝါဂွမ်းထုတ်လုပ်သူအစုအဖွဲ့၊ ချည်ထုတ်လုပ်သူအစုအဖွဲ့၊
ဂျပ်ခန်းလုပ်ငန်းအစုအဖွဲ့၊ ဂျင်ဇံလုပ်ငန်းဆောင်ရွက်သူအစုအဖွဲ့တို့အပါအဝင်
ဝါလုပ်ငန်းဆိုင်ရာအစုအဖွဲ့များမှ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ
တက်ရောက်ကြသည်။
ဝါလုပ်ငန်းဆိုင်ရာအစုအဖွဲ့များမှ
လုပ်ငန်းရှင်များက ဆွေးနွေးပွဲရလဒ်များအရ လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေး
ဦးစွာ
ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဝါလုပ်ငန်းဆိုင်ရာအစုအဖွဲ့များမှ ဆွေးနွေးပွဲရလဒ်များအား
တင်ပြကြရာတွင် ဝါမျိုးစေ့ထုတ်လုပ်သူအစုအဖွဲ့နှင့် ဝါစေ့ကြိတ်ခွဲရောင်းချသူအစုအဖွဲ့များကိုယ်စား
ဦးလင်းမြတ်က ဝါမျိုးစေ့များ အဆင့်အတန်းမီပြီး အရည်အသွေးကောင်းဝါဂွမ်းနှင့်
ချည်ထည်များ ထုတ်လုပ်နိုင်စေရန်အတွက် တစ်နိုင်တစ်ပိုင်ထုတ်လုပ်နေသည့်အစား ဌာန၊
တောင်သူ၊ လုပ်ငန်းရှင်အဖွဲ့အစည်းများ ပူးပေါင်း၍ ကန်ထရိုက်စနစ်ဖြင့်
ဆောင်ရွက်သွားရန်လိုအပ်မှု၊ အရည်အသွေးကောင်းဂွမ်းများ Grade A, B ရရှိနိုင်မည့်
ပြည်ပဝါစေ့မျိုးများအား ရေတိုအနေဖြင့် တင်သွင်းရန်နှင့် ရေရှည်အနေဖြင့်
မိဘမျိုးရင်းများအား တင်သွင်းပြီးပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးသွားရန်လိုအပ်မှု၊
ဝါကြိတ်စက်လုပ်ငန်းများနှင့် ဝါစေ့ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး
အတွက်အတိုးနှုန်းသက်သာသည့် ချေးငွေများထုတ်ချေးပေးစေလိုမှုတို့ကိုလည်းကောင်း၊
ဝါစိုက်တောင်သူအစုအဖွဲ့မှ ဦးစိုးလှိုင်ဦးက ဝါစိုက်တောင်သူများအနေဖြင့်
ပြည်တွင်းမျိုးဖြစ်သည့် ရွှေတောင် (၁၀) နှင့် ပြည်ပဝါမျိုးများကို အများဆုံးစိုက်ပျိုးလျက်ရှိပြီး
သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ၊ စက်သုံးဆီ၊ စက်ပစ္စည်းတို့ကို
အပြည့်အဝထည့်သွင်းနိုင်ရေးအတွက် သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးပေးစေလိုမှု၊
စိုက်ပျိုးရေအလုံအလောက်ရရှိနိုင်ရေးအတွက် စဉ့်ကိုင်မြို့နယ်တွင်
ဆိုလာရေတင်စနစ်များ ဆောင်ရွက်ပေးစေလိုမှု၊ မြစ်သားမြို့နယ်တွင်
ကင်းတားရေပေးအလှည့်ကျစနစ်အား ဒီဇင်ဘာလအထိ တိုးမြှင့်ပေးစေလိုမှု၊ ပခုက္ကူမြို့နယ်တွင်
မြေအောက်ရေရရှိရေး ဆောင်ရွက်ပေးစေလိုမှု၊ ဝါဈေးနှုန်းကို ဆန်စပါးကဲ့သို့
အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ပေးစေလိုမှုတို့ကိုလည်းကောင်း၊
ဂျင်ဇံလုပ်ငန်းဆောင်ရွက်သူအစုအဖွဲ့နှင့် ဝါဂွမ်းနှင့်
ချည်ထည်ထုတ်လုပ်သူအစုအဖွဲ့များကိုယ်စား ဦးဇေယျာညီညီထွန်းက ပြုပြင်ရန်လိုအပ်သည့်
ပြည်တွင်းဝါကြိတ်စက်များအတွက် ပြည်တွင်း၌ မထုတ်လုပ်နိုင်သည့်
စက်အပိုပစ္စည်းများအား ပြည်ပမှ မှာယူတင်သွင်းခွင့်ရရှိရေး ပံ့ပိုးပေးစေလိုမှု၊
ချည်မျှင်ထုတ်လုပ်သည့် နည်းပညာဖြင့် ခေတ်မီစက်များ တင်သွင်းခွင့်ပြုပေးစေလိုမှု၊
ချည်မျှင်ထုတ်လုပ်ခြင်း နည်းပညာသင်တန်းများ ပို့ချပေးစေလိုမှုတို့ကိုလည်းကောင်း။
ဝါချည်နှင့်
ပိတ်ရက်လုပ်သူအစုအဖွဲ့နှင့် ဝါချည်မှ ပုဆိုး၊ လုံချည်၊ တာဘတ်၊ စောင်၊ အိပ်ရာခင်း
ထုတ်လုပ်သူအစုအဖွဲ့များကိုယ်စား ဒေါ်သီရိရတနာလှိုင်က
လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်သည့်ပိတ်လိပ်များအား
ဈေးကွက်လိုအပ်ချက်အတိုင်း ပြည်တွင်း၌ပင် ထုတ်လုပ်ပေးစေလိုမှု၊
ပိတ်လိပ်ကုန်ချောထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီသည့် ဓာတ်ဆေး၊ ဆိုးဆေးကုန်ကြမ်းများအား
တင်သွင်းခွင့်ရရှိလိုမှုနှင့် ခေတ်မီအဆင့်မြင့်ဆိုးဆေးစက်ရုံများ
ရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးစေလိုမှု၊ နိုင်ငံတော်ပိုင်ဆိုးဆေးစက်ရုံမှ
ဆိုးဆေးပိုးပိတ်များအား ရောင်းချပေးစေလိုမှု၊ ထုတ်ကုန်ပစ္စည်းများအား
ပြည်တွင်းဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရရှိရန်နှင့် ပြည်ပဈေးကွက်များ
ချိတ်ဆက်ပေးစေလိုမှု၊ ရက္ကန်းလုပ်ငန်းသည် မြန်မာတို့၏ မိရိုးဖလာလက်မှု ပညာရပ်တစ်ခုဖြစ်သည့်အတွက်
“မြန်မာနိုင်ငံအမျိုးသားရက္ကန်းနေ့” အား သတ်မှတ်ဆောင်ရွက်ပေးစေလိုမှုတို့ကိုလည်းကောင်း၊
မိုးပြုံးချည်အထည်ချုပ်စက်မှ ဦးနိုင်အောင်ရန်က ချည်မျှင်ထုတ်လုပ်သည့်
စက်ရုံများအတွက် တည်ငြိမ်လျှပ်စစ်ဓာတ်အား ၂၄ နာရီ ရရှိရေးဆောင်ရွက်ပေးစေလိုမှု၊
ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးစေလိုမှုနှင့် ပြည်တွင်းထုတ်ဝါအရည်အသွေးများ
တည်ငြိမ်မှုရှိစေရေး ဆောင်ရွက်ရန်လိုအပ်မှုတို့ကိုလည်းကောင်း၊
ကိန္နရီဆေးဆိုးပန်းရိုက် အထည်ချုပ်လုပ်ငန်းမှ ဦးလှမျိုးက ဝါမှအထည်ချောအထိ
ထုတ်လုပ်သည့် ကွင်းဆက်လိုအပ်ချက်အတွက် ဒေသတွင်း ချည်မျှင်ထုတ်လုပ်သည့် စက် (Spinning mill) တည်ထောင်လိုမှုနှင့်
လိုအပ်သည့် အခြေခံအဆောက်အဦနှင့် နည်းပညာဆိုင်ရာအခက်အခဲများအား နိုင်ငံတော်မှ
ကူညီဆောင်ရွက်ပေးစေလိုမှုတို့ကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးများက
လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းပြောကြား
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးဇော်သိန်း၊ ဒေါက်တာ
ချာလီသန်းတို့က “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့”
ဆွေးနွေးပွဲတွင် အစုအဖွဲ့များနှင့် ဆွေးနွေးမှုများအား ဝါမျိုးစေ့ထုတ်လုပ်ခြင်း၊
ဝါစိုက်ပျိုးခြင်း၊ ဝါစေ့ဆီထုတ်လုပ်ခြင်း၊ ဝါဂွမ်း၊ ချည်မျှင်နှင့် အထည်အလိပ်ထုတ်လုပ်ခြင်း
စသည်ဖြင့် ကွင်းဆက်တစ်ခုလုံးတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊
ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်များ၊ လိုအပ်သည့် ညှိနှိုင်းဆွေးနွေးမှုများ
ဆက်လက်ဆောင်ရွက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်မည့် အခြေအနေများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်
ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမတည်ငွေများ၊ နည်းပညာများ၊ ပြည်တွင်း၊
ပြည်ပလေ့လာရေးသင်တန်းများ၊ စက်ပစ္စည်းနှင့် နည်းပညာများ၊ လူသားအရင်းအမြစ်များ
မွေးထုတ်ပေးလျက်ရှိသည့် အခြေအနေများနှင့် အခြားလိုအပ်သည်များ
ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ ဝါနှင့် ဝါထွက်ပစ္စည်းထုတ်လုပ်သည့်
လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်
ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်းကောင်း ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ဝါစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များ ဆွေးနွေးမှာကြား
ထို့နောက်
နိုင်ငံတော်သမ္မတက နိဂုံးချုပ်လမ်းညွှန်အမှာစကားပြောကြားရာတွင် ဝါလုပ်ငန်းဆိုင်ရာ
အစုအဖွဲ့များ၏ ဆွေးနွေးချက်များအရ နိုင်ငံတော်အပိုင်းမှ ဆောင်ရွက်ပေးရမည့်
ကိစ္စရပ်များ၊ တောင်သူများအပိုင်းမှ လုပ်ဆောင်ရမည့် ကိစ္စရပ်များ၊
ထုတ်လုပ်သူများအပိုင်းမှ ဆောင်ရွက်ရမည့် ကိစ္စရပ်များဟူ၍ တွေ့ရှိရကြောင်း၊
အဓိကအားဖြင့် ဝါစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကို မြှင့်တင်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊
ဝါစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းသည် နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်စေနိုင်သည်ဖြစ်သဖြင့်
ဝါစိုက်ပျိုးထုတ်လုပ်မှုကို ထိရောက်ရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး
ယခုဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးသူ၊ ထုတ်လုပ်သူ၊
အဆင့်မြင့်ကုန်ချော ထုတ်လုပ်သူနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများကြား၌ လုပ်ငန်းဆောင်ရွက်မှုများ
ပိုမိုလျှင်မြန်ချောမွေ့စေရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်စေလိုခြင်းကြောင့်
ဆွေးနွေးဆောင်ရွက်ခြင်းဖြစ်ပြီး ဝါနှင့်ပတ်သက်၍ နိုင်ငံတော်တွင် ပထမဆုံးဆောင်ရွက်သည့်
ဆွေးနွေးပွဲဖြစ်ကြောင်း။
နိုင်ငံစီးပွားတိုးတက်ရေးအတွက်
အဓိကအရေးကြီးသည်မှာ ကုန်ထုတ်လုပ်မှုပင်ဖြစ်ပြီး ဝါစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းမှ
ကုန်ထုတ်လုပ်မှုလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
ဝါစိုက်ပျိုးမှုများ မှန်မှန်ကန်ကန်ဖြစ်ရန်နှင့် စိုက်ဧကများ
မှန်ကန်ရန်လိုသကဲ့သို့ စာရင်းဇယားများလည်း မှန်ကန်ရန်လိုကြောင်း၊ မန္တလေး၊ မကွေး၊
စစ်ကိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဝါစိုက်ပျိုးဖြစ်ထွန်းပြီး
ဝါစိုက်ဧကများ တည်ငြိမ်မှုရှိရန်နှင့် အထွက်နှုန်းများ ကောင်းမွန်နေရန်လိုကြောင်း၊
ဝါမျိုးကောင်းများ စိုက်ပျိုးနိုင်မည်ဆိုပါက အရည်အသွေးကောင်းမွန်သည့်
ချည်မျှင်များ ရရှိမည်ဖြစ်သဖြင့် ဝါမျိုးကောင်းမျိုးသန့်များရရှိစေရေး
မိမိအနေဖြင့် အမြဲအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အရည်အသွေးကောင်းမွန်သည့်
ဝါမျိုးများရရှိစေရေးပြည်တွင်း၌ သုတေသနပြုထုတ်လုပ်လျက်ရှိသကဲ့သို့ ပြည်ပမှလည်း
မှာယူတင်သွင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းထုတ်ဝါမျိုးများကို
အပြည့်အဝထုတ်လုပ်ရန်လိုပြီး အရည်အသွေးများ တည်ငြိမ်ကောင်းမွန်နေစေရေး
အမြဲသုတေသနပြု သုံးသပ်ဆန်းစစ်ဆောင်ရွက်သွားရန်လိုကြောင်း။
ဝါစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးအတွက်
ဝါစိုက်တောင်သူများ၏ လိုအပ်ချက်များကိုလည်း
ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ
အောင်မြင်စေအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း ၄ သွယ်သည် မဖြစ်မနေလိုအပ်ကြောင်း၊
ထို့ကြောင့် ဝါမျိုးများ လုံလောက်စွာရရှိရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့
သက်ဆိုင်ရာ ဝါစိုက်တောင်သူအစုအဖွဲ့များကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊
မြေပြုပြင်ခြင်းနှင့် ပတ်သက်၍ သဘာဝဓာတ်မြေဩဇာများ အသုံးပြုလျက်ရှိသကဲ့သို့
ပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့်လည်း မြေပြုပြင်ခြင်းများကို ဆောင်ရွက်နိုင်ကြောင်း၊
အလားတူ ကျွဲ၊ နွားမွေးမြူခြင်းများမှရရှိသည့် နွားချေးများကိုလည်း သဘာဝဓာတ်မြေဩဇာအဖြစ်
အသုံးပြုနိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများဖြင့်
သဘာဝဓာတ်မြေဩဇာများ ပြုလုပ်၍လည်းအသုံးပြုနိုင်ကြောင်း၊ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများ
စနစ်တကျထည့်သွင်းပေးခြင်းဖြင့်လည်း အထွက်နှုန်းများ
တိုးတက်လာစေနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်လျက်ရှိသည့်
စိုက်ပျိုးရေနှင့် အောင်ရေများလုံလောက်စွာ ရရှိရန်အတွက် နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်လုပ်ငန်းများဖြင့်
ဆောင်ရွက်နိုင်ပြီး ဝါစိုက်ပျိုးရာတွင်လည်း နည်းစနစ်ကျနမှုနှင့်အညီ
စိုက်ပျိုးသွားမှသာလျှင် အထွက်နှုန်းများ တိုးတက်ကောင်းမွန်နိုင်မည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့်
ဝါနှင့် ပတ်သက်၍ ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် ပြည်တွင်းလိုအပ်ချက်နှင့်
ပြည်ပဈေးကွက်များကို စနစ်တကျသုတေသနပြု လုပ်ဆောင်ရွက်သွားရန်လိုကြောင်း၊
ကမ္ဘာပေါ်တွင် ဝါစိုက်ပျိုးသည့် နိုင်ငံများရှိသကဲ့သို့ ဝါတင်သွင်းသည့်
နိုင်ငံများသည်လည်း များစွာရှိကြောင်း၊ မိမိတို့နိုင်ငံ၏
အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင်လည်း
ဝါလိုအပ်ချက်များရှိသဖြင့် အမျိုးအစားကောင်းသည့် ချည်မျှင်ရှည်ဝါများ
တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေများရရှိပြီး
နိုင်ငံစီးပွားရေးကိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း။
ဝါထုတ်လုပ်မှုနှင့်ပတ်သက်၍
ယခင်နိုင်ငံတော်ပိုင် ချည်မျှင်နှင့် အထည်စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးနှင့်
ရက္ကန်းစက်များအဆင့်မြှင့်တင်နိုင်ရေး၊ ခေတ်မီရက္ကန်းစက်များ အသုံးပြုနိုင်ရေးလည်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
ပြည်နယ်များနှင့် တိုင်းအလိုက် ချည်ထည်ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့်
ရက္ကန်းစက်များ အဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှ ရင်းနှီးမတည်ငွေများ
ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းမှထွက်ရှိသည့်
ဝါများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကို
ထုတ်လုပ်ဆောင်ရွက်သွားကြရန်လိုပြီး ထိုသို့ ဆောင်ရွက်ရာတွင်လည်း
ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပဈေးကွက်လိုလားချက်ကို စနစ်တကျတွက်ချက်၍
ဆောင်ရွက်ရန်လိုကြောင်း။
ဝါထုတ်လုပ်မှုတိုးတက်လာစေရေး
မိမိအနေဖြင့် ပြည်တွင်း၌ ဝါကြိတ်စက်များ ထုတ်လုပ်ရန် တပ်မတော်ကို
တာဝန်ပေးဆောင်ရွက်ခဲ့ပြီး ယခုအခါအရည်အသွေးမီသည့် ဝါကြိတ်စက်ကို
ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၂/၈၀ ချည်များ ထုတ်လုပ်နိုင်ရေးအတွက်
စက်မှုဝန်ကြီးဌာနနှင့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံတို့တွင်
ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်၏ ဝါထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် စုပေါင်းသမဝါယမစနစ်ဖြင့်
ဆောင်ရွက်သွားရန်လိုပြီးဝါကြိတ်စက်၊ ချည်မျှင်စက်နှင့် ရက္ကန်းစက်များ တိုးတက်စေရေးနိုင်ငံတော်မှ
ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
မြေအသုံးချမှုများနှင့်
ပတ်သက်၍ မိမိတို့နိုင်ငံတွင် ယခင်ကတည်းကပင် မမှန်မကန်ဆောင်ရွက်မှုများရှိခဲ့ပြီး
ချမှတ်ထားသည့် ဥပဒေသတ်မှတ်ချက်များကို သိရှိနားလည်မှုမရှိခြင်း၊
ချိုးဖောက်ဆောင်ရွက်ခဲ့ခြင်းများကြောင့် နိုင်ငံ၊ မြို့ပြတိုးတက်ရေးအတွက်
ဆောင်ရွက်ရာတွင် ကန့်သတ်ချက်အချို့ ဖြစ်ပေါ်လျက်ရှိကြောင်း၊
စိုက်ပျိုးမြေနေရာများတွင် အခြားနည်းများဖြင့် အသုံးပြုခြင်းများမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုပြီး
ခွင့်ပြုချက်များအရ စက်ရုံ၊ အလုပ်ရုံများ၊ တည်ဆောက်ရာတွင်လည်း
စနစ်တကျခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိတို့နိုင်ငံအနေဖြင့်
ဝါစိုက်ပျိုးထုတ်လုပ်ခြင်းများကို အောင်မြင်စွာဆောင်ရွက်နိုင်သည့် ရေခံမြေခံနှင့်
အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် ဝါတင်ပို့ရောင်းချသည့်
နိုင်ငံအဖြစ် မလွဲမသွေတည်ဆောက်နိုင်ကြောင်း၊ ယခုကျင်းပပြုလုပ်ခဲ့သည့်
“ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲမှတစ်ဆင့်
ထွက်ပေါ်လာသည့် ဆွေးနွေးချက်များ၊ လိုအပ်ချက်များကို ပြန်လည်သုံးသပ်ပြီး
လိုအပ်သည်များကို ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့
မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းအတွေ့အကြုံများနှင့် လိုအပ်ချက်များကို
အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းဖြင့် ကောင်းမွန်သည့်ရလဒ်များ
ထွက်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး လုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင်
ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ ယခုကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသို့
အောင်မြင်သည့် ဆွေးနွေးပွဲတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံကောင်းအောင် ဆောင်ရွက်ရန်အတွက်
နည်းလမ်းရှာဖွေခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍
နိုင်ငံတော်သမ္မတသည် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအား
ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး သက်ဆိုင်ရာအစုအဖွဲ့အလိုက် ခင်းကျင်းပြသထားသည့်
ဝါစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကာ
ပြခန်းများအလိုက် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ
ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



No comments:
Post a Comment