နေပြည်တော် ဇူလိုင် ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၁၀ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ မြို့မိမြို့ဖအဖွဲ့မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များအား အမျိုးသား ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ ရှင်းလင်းဆောင်ခန်းမ၌ တွေ့ဆုံရာ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့၏ အစဉ်အလာကောင်းများ စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊
ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဦးဆန်းဦး၊ ဦးမျိုးသန့်၊
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊
ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊
ပြင်ဦးလွင်မြို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတက
ပြင်ဦးလွင်မြို့မှ မြို့မိမြို့ဖအဖွဲ့ဝင်များအား ယခုကဲ့သို့ တွေ့ဆုံရသည့် အတွက်ဝမ်းမြောက်မိပါကြောင်း၊
ပြင်ဦးလွင်ဒေသသည် သမိုင်းကြောင်းအစဉ်အလာအရ ထင်ရှားသည့် တောင်ပေါ်မြို့တစ်မြို့ဖြစ်ပြီး
ပန်းမြို့တော်၊ အပန်းဖြေမြို့တော်ဟူ၍ ခေါ်ဆိုခဲ့ကြကြောင်း၊ မြို့၏ ကောင်းမြတ်သည့် သမိုင်းကြောင်းစဉ်လာများကို
မိမိတို့အနေဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ခေတ်စနစ်များ
ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အညီ လူတို့၏နေထိုင်မှုပုံစံများသည်လည်း အဆင့်ဆင့်ပြောင်းလဲတိုးတက်လာသည်ကို
တွေ့မြင်ရမည်ဖြစ်ပြီး နေအိမ်အဆောက်အအုံများ၊ လမ်းတံတားများသည်လည်း များစွာတိုးတက်ပြောင်းလဲလာသည်ကို
တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့သည် ထူးခြားသည့်ရေခံမြေခံနှင့် သာယာလှပသည့်
မြို့တစ်မြို့ဖြစ်ပြီး ကောင်းမွန်သည့် အစဉ်အလာကောင်းများကို စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက်
ဒေသတွင် နေထိုင်သူများက ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပြင်ဦးလွင်မြို့
မြို့မိမြို့ဖ အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ပြင်ဦးလွင်ဒေသရှိ
လူဦးရေ၏ ၇၂ ဒသမ ၅ ရာခိုင်နှုန်းသည် ဒေသခံများဖြစ်ကြပြီး ကျန်သည့်သူများသည် အခြားသောဒေသများမှ
ပြောင်းရွှေ့ရောက်ရှိလာကြ သူများဖြစ်ကြကြောင်း၊ မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့နေထိုင်သည့်မြို့ကို
ဒေသတွင်နေထိုင်ကြသူများအားလုံးက စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက် သွားကြရမည်ဖြစ်ကြောင်း။
ပြင်ဦးလွင်မြို့တော်သည်
အပန်းဖြေမြို့တော်ဖြစ်ပြီး လက်ရှိအချိန်၌ ခေတ်စနစ်နှင့် လူနေမှုပုံစံများ တိုးတက်ပြောင်းလဲလာခြင်း၊
ဒေသတွင်းနေထိုင်သူ များပြားလာခြင်းများကြောင့် သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းမှာ
ကျဆင်းလျက်ရှိကြောင်း၊ ပြင်ဦးလွင်ဒေသကို ချယ်ရီမြို့တော်အဖြစ် ပြန်လည်အသက် သွင်းနိုင်ရေး
မိမိအနေဖြင့် လမ်းညွှန်မှာကြားခဲ့ပြီး အကောင်အထည်ဖော်စေလျက်ရှိကြောင်း၊ ဒေသနှင့်ကိုက်ညီပြီး
ရာသီဥတုညီညွတ်မျှတမှုနှင့် စိမ်းလန်းစိုပြည်မှုကို ဖြစ်ပေါ်စေနိုင်သည့် ထင်းရှူးပင်၊
ခါတော်မီပင်၊ စိန်ပန်းပြာပင်များကိုလည်း တစ်အုပ်တစ်မ ပြန်လည်စိုက်ပျိုးရမည်ဖြစ်ကြောင်း၊
ဒေသ၏ ထူးခြားသည့် ဝိသေသများဖြစ်သည့် ချယ်ရီမြို့တော်၊ ပန်းမြို့တော်ဆိုသည့်အမည်နာမကို
ပြန်လည်အသက်သွင်းအကောင်အထည်ဖော်ပေးရမည်ဖြစ် ကြောင်း၊ စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်၊
အေးမြသာယာသည့် ရာသီဥတုတို့ နှင့်အတူ ကျန်းမာ ရေးမြို့တော်၊ ကော်ဖီမြို့တော်ဖြစ်စေရေးအတွက်လည်း
အကောင်အထည်ဖော်စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ပြင်ဦးလွင်ဒေသမှ ထွက်ရှိသည့် ကော်ဖီထုတ်ကုန်များသည်
ပြည်တွင်းပြည်ပ၌ နာမည် ကောင်းရပြီးဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ရှိသည့် ထုတ်ကုန်တစ်ခုဖြစ်ကြောင်း၊
ပြင်ဦးလွင်ဒေသသည် ရေခံမြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများလည်း
အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း။
ထို့အပြင် ပြင်ဦးလွင်ဒေသသည်
ပညာရေးနှင့်ပတ်သက်၍လည်း အစဉ်အလာကောင်းများနှင့် ပြည့်စုံသည့်ဒေသတစ်ခုဖြစ်ပြီး ပညာရေးမြို့တော်အဖြစ်သို့လည်း
ရောက်ရှိလာပြီဖြစ်ကြောင်း၊ ထိုကဲ့သို့သော ဒေသ၏ကောင်းမြတ်သည့်ဝိသေသများနှင့် သာယာလှပမှုများကြောင့်
ဒေသသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားများသည်လည်း တိုးတက်များပြားလာလျက်ရှိကြောင်း၊
“အိမ်သာ၍ ဧည့်လာသည်” ဖြစ်သဖြင့် ပြင်ဦးလွင်ဒေသ၌ နေထိုင်ကြသူများအနေဖြင့် မိမိတို့ဒေသ၏
သန့်ရှင်းသာယာလှပရေး၊ နေထိုင်သွားလာစားသောက်ရေးတို့အတွက် ဝန်ဆောင်မှုကောင်းပေးနိုင်ရေးတို့အတွက်
ဒေသခံတစ်ဦးချင်းစီက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွား ကြရန်နှင့် ပြင်ဦးလွင်မြို့ မြို့မိမြို့ဖအဖွဲ့အနေဖြင့်
မိမိတို့ဒေသကို မည်ကဲ့သို့ကောင်းအောင်ဆောင်ရွက်မည်ကို ဘက်ပေါင်းစုံမှ ဆွေးနွေးတိုင်ပင်ဆောင်ရွက်
သွားကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။
မြို့မိမြို့ဖအဖွဲ့မှ
တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးတင်ပြ
ထို့နောက် မြို့မိမြို့ဖအဖွဲ့မှ
တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များကိုယ်စား မြို့မိမြို့ဖအဖွဲ့ဥက္ကဋ္ဌ ဦးအောင် မြင်က
ပြင်ဦးလွင်မြို့မိမြို့ဖအဖွဲ့အား နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ
ဖွဲ့စည်းခဲ့မှု၊ ဖွဲ့စည်းပြီးသည့်နောက်ပိုင်းတွင် ဒေသ၏ ကောင်းရာကောင်းကျိုးလုပ်ငန်းများ
ဖြစ်ပေါ်လာစေရေး ဆွေးနွေးတိုင်ပင် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိမှု၊ ပညာရေး၊ ကျန်းမာရေး၊
ဘာသာရေး၊ လူမှုရေးအခန်းကဏ္ဍတို့၌လည်း တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေးလျက်ရှိမှု၊ ကန်တော်လေးပတ်လမ်းအနေဖြင့်
လက်ရှိအချိန်တွင် ယိုယွင်းပျက်စီးလာပြီဖြစ်သဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊
ကျန်းမာရေးမြို့တော်အဖြစ် ဖော်ဆောင်နေမှုနှင့်အတူ ဒေသ၌ လိုအပ်လျက်ရှိသည့် ကျောင်းအားကစားကွင်းများ၊
ရေကူးကန်များ၊ တင်းနစ်ကွင်းများကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှု၊ ဂဲလောင်ချောင်းအတွင်း
နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးထားသည့်အတွက် ရေစီးရေလာများ ကောင်းမွန်လျက်ရှိပြီး
ရေရှည်ကောင်းမွန်တည်တံ့စေရေးအတွက် လိုအပ်သည့်နေရာများတွင် မြေထိန်းနံရံများနှင့် လျှောက်
လမ်းနေရာများ ထည့်သွင်းဆောင်ရွက်ပေးစေလိုမှု၊ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက်
လိုအပ်သည့် သွင်းအားစုနှင့် အရင်းအနှီးများ ဆောင်ရွက်ပေးစေလိုမှု၊ ဒေသတွင်းရှိ ရပ်ကွက်၊
ကျေးရွာများအချင်းချင်း ဆက်သွယ်ထားသည့် လမ်းကြောင်းများအနက် ကောင်းမွန်ခြင်းမရှိသည့်
အချို့သောလမ်းများအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုမှုတို့နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့်ပတ်သက်၍
လိုအပ်သည်များကို ဆွေးနွေးတင်ပြသည်။
ဆွေးနွေးတင်ပြမှုများအပေါ်
နိုင်ငံတော်သမ္မတက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့်
ဒေသ၏ သမိုင်းတန်ဖိုးကြီးမားသည့် အမွေအနှစ်များ ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် ဆွေးနွေးပြောကြားရာတွင်
ရပ်ကွက်၊ ကျေးရွာချင်း ဆက်လမ်းများအနက် အဆင့်မြှင့်တင်ပေးသွားရန်လိုသည့် လမ်းကြောင်းများအား
သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေးကော်မတီတို့မှ စိစစ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊
လူတို့၏ နေ့စဉ်ဘဝ စားဝတ်နေရေးတွင် စားသောက်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိပြီး
မိမိတို့နိုင်ငံနည်းတူ ကမ္ဘာ့နိုင်ငံများအသီးသီး၌လည်း စားရေရိက္ခာလုံခြုံရေးနှင့်ပတ်သက်၍
အလေးထားဖြေရှင်း ဆောင်ရွက်ရလျက်ရှိကြောင်း၊ လူတစ်ဦးချင်းစီအလိုက် စားသောက်နေထိုင်ရေး
အဆင်ပြေချောမွေ့စေရန်အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မဖြစ်မနေ အားပေးဆောင်ရွက်
သွားကြရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများရှိမှသာလျှင် ရောင်းကုန်ပစ္စည်းများ ရရှိမည်ဖြစ်ပြီး
ငွေကြေးလည်ပတ်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်ဒေသ၌ ဒေသတွင် နေထိုင်ကြသူများ၏
စားရေရိက္ခာဖူလုံမှုရှိစေရေး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း စနစ်တကျဖြင့်
လျာထားတွက်ချက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သောက်သုံးရေများ လုံလောက်စွာရရှိစေရေးအတွက်လည်း
မိမိတို့အနေဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိပြီး ရေအရင်းအမြစ်များရှိရာ ဆည်တာတမံများ၊
ချောင်းများ၏ ရေအရင်းအမြစ်နေရာများကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မြို့သာယာလှပရေးနှင့်ပတ်သက်၍
သန့်ရှင်းသာယာလှပသည့် ပတ်ဝန်းကျင်နှင့် စိမ်းလန်းစိုပြည် မှုကို ဖန်တီးပေးသွားရန်လိုကြောင်း၊
နေအိမ်တစ်အိမ်ချင်းစီအလိုက်၊ လမ်းတစ်လမ်းချင်းစီအလိုက်၊ ရပ်ကွက်၊ ကျေးရွာများတစ်ခုချင်းစီအလိုက်
စည်းကမ်းစနစ်တကျရှိခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ သန့်ရှင်းရေး စနစ်တကျဆောင်ရွက်ခြင်းတို့ဖြင့်
သန့်ရှင်းသာယာလှပမှုနှင့် စိမ်းလန်းစိုပြည်မှုတို့ကို ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုများကို မြို့နေ
လူထုက တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားခြင်းဖြင့် မြို့၏
ကောင်းမြတ်သည့် ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ချယ်ရီပင်များအား
မိမိအနေဖြင့် ပြန်လည်စိုက်ပျိုးစေလျက်ရှိပြီး ချယ်ရီပင်များနှင့် ပြင်ဦးလွင်သည် ခွဲ၍မရသည့်
အစဉ်အလာကောင်းများရှိခဲ့ကြောင်း၊ ချယ်ရီပင်များ ပြန်လည်စိုက်ပျိုးစေခြင်းအားဖြင့် သာယာလှပမှုနှင့်
စိမ်းလန်းစိုပြည်မှုကို အထောက်အကူများစွာ ဖြစ်စေ နိုင်မည်ဖြစ်ကြောင်း၊ စိမ်းလန်းစိုပြည်မှုနှင့်
သာယာ လှပပြီး မျက်စိပသာဒဖြစ်ဖွယ် မြင်ကွင်းများသည် ပြင်ဦးလွင်ဒေသ၏ အဖိုးမဖြတ်နိုင်သည့်
Landmark တစ်ခုပင်ဖြစ်သဖြင့် ဒေသတွင် နေထိုင်သူများအားလုံး က ကိုယ်စီအသိစိတ်ဖြင့် ဆက်လက်ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
ဒေသ၏ အေးချမ်းသာယာလှပမှုနှင့်အတူ
ဒေသတွင်းသို့ လာရောက်နေထိုင်ကြသည့်သူများနှင့် လာရောက်လည်ပတ်ကြသည့်သူများ များပြားလာသည်နှင့်အမျှ
ဒေသ၏လူမှုစီးပွားဘဝကို မြှင့်တင် ပေးနိုင်သည်ဖြစ်သော်လည်း မြို့ပြလုံခြုံရေးအတွက် လုံခြုံရေးအသိ၊
လုံခြုံရေးသတိ အမြဲရှိနေရမည် ဖြစ်ကြောင်း။
မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို
စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်သွားကြရမည် ဖြစ်သကဲ့သို့ ကျေးလက်ဒေသများနှင့် ကျေးလက်နေပြည်သူများ၏
လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း စီမံဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊
ပြင်ဦးလွင်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများသည်လည်း တန်ဖိုးဖြတ်၍မရနိုင်သည့် အမွေအနှစ်များပင်ဖြစ်သဖြင့်
ပျက်စီးယိုယွင်းမှုမရှိစေရေး စဉ်ဆက်မပြတ်ထိန်းသိမ်းခြင်း၊ မူလလက်ရာများ မပျောက်ပျက်အောင်
စနစ်တကျထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြင်ဦးလွင်ဒေသ၌ ယခင်က
သစ်ပင်ကြီးများ များစွာပေါက်ရောက်လျက်ရှိပြီး လက်ရှိအချိန်တွင် အကြောင်းအမျိုးမျိုးကြောင့်
လျော့နည်းလာလျက်ရှိသည်ကို တွေ့မြင်နေရကြောင်း၊ အန္တရာယ်ရှိသစ်ပင်များ၊ လမ်းမကြီးများနှင့်
မလွတ်ကင်းသည့် သစ်ပင်များကို ဖယ်ရှားရှင်းလင်းခြင်းများလိုအပ်ပါက ဆောင်ရွက်ကြရသော်လည်း
သစ်ပင်သစ်တောများ ပြန်လည်စိုက်ပျိုးခြင်းဖြင့်လည်း စဉ်ဆက်မပြတ်သည့် စိမ်းလန်းစိုပြည်မှုကို
ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ပညာရေးနှင့်ပတ်သက်၍
မိမိတို့နိုင်ငံ၏ ပညာရေးသည် မဖြစ်မနေ ပြုပြင်ပြောင်းလဲရမည်ဖြစ်သဖြင့် ပညာရေးကဏ္ဍကို
မိမိတို့အနေဖြင့် အလေးထားအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ KG + 9 အထိ အား မသင်မနေရပညာရေးအဖြစ်လည်း
ဆောင်ရွက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်ဒေသသည် ပညာရေးတွင် အစဉ်အလာကောင်းများရှိပြီး တန်းစဉ်ကူးပြောင်းမှုများ
ရာခိုင်နှုန်းမြင့်မားစေရေးအတွက် လည်း ကျောင်းသား၊ မိဘ၊ ဆရာအားလုံးက အလေးထား ဆောင်ရွက်သွားကြစေလိုကြောင်းနှင့်
အခြားလိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင်
နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသည့် ပြင်ဦးလွင်မြို့ မြို့မိမြို့ဖ အဖွဲ့များအား
ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်
အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ဘာဂီယာဉ်ငယ်များဖြင့် လှည့်လည်၍
ဥယျာဉ်အတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဝါးပင်တန်းလျှောက်လမ်း
ဆောင်ရွက်ထားရှိမှု၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအစိုးရအဖွဲ့မှ ချစ်ကြည်ရင်းနှီးသော
ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အပေါ် အလေးအနက်ထား
လေးစားမှုရှိကြောင်း ဖော်ညွှန်း သည့်အနေဖြင့် လက်ဆောင်ပေးအပ်ခဲ့သည် ဆိုက်ဘေးရီးယားစီဒါရ်ပျိုးပင်အား
စိုက်ပျိုးထားရှိမှု၊ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ချယ်ရီပင်စိုက်ပျိုးထားရှိမှု၊
သစ်ပင် ပန်းမန်များ စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏
ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်
အဖွဲ့ဝင်များ သည် ပြင်ဦးလွင်မြို့ ခရိုင်အားကစားကွင်းသို့ ရောက်ရှိ ကြပြီး ရေကူးကန်တည်ဆောက်ရန်
လျာထားသည့် မြေနေရာအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ
လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment