Tuesday, July 7, 2026

စိတ်ကောင်းစေတနာမှန်ကန်စွာ ငြိမ်းချမ်းရေး ဆွေးနွေးအဖြေရှာ

 


မြန်မာပြည်သူပြည်သားတို့ ငြိမ်းချမ်းရေးကို မျှော်လင့်စောင့်စားခဲ့ကြရသည်မှာ ကာလရှည်လျား ကြာမြင့်လှပြီဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးသည် မိမိတို့နိုင်ငံ မိမိတို့မြေပေါ်သို့ နှစ်ကြိမ် တိုင်တိုင်ရောက်ရှိခဲ့သည်။ စစ်ကြီးအပြီး နိုင်ငံလွတ်လပ်ရေးရ၍ ပြန်လည်ထူထောင်မှုတို့ပင် မစရသေး အချင်းချင်းကြားသံသယများ၊ အကွဲအပြဲများ၊ တိုက်ခိုက်မှုများက အရင်ဖြစ်ပေါ်လာသည်။ ဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေးစသည့် ခေါင်းစဉ်အမျိုးမျိုးတို့ဖြင့် တိုက်ခိုက်ခဲ့ကြရာ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ပြောင်းခဲ့ပြီဖြစ်သည်။

 ဒေသတစ်ခုမှာ လက်နက်ကိုင်တိုက်ခိုက်မှုတို့ ဖြစ်လာပြီဆိုလျှင် ထိုဒေသသည် ကပ်ဆိုက်ခြင်းပင်ဖြစ်သည်။ မည်သည့်ကပ်နည်းဟုဆိုလျှင် သတ္ထန္တရကပ်။ လက်နက်တို့ကြောင့် ဘေးသင့်ရသည့် ကပ်ပင်ဖြစ်သည်။ “ဒေါသဟိတ်လွန်၊ ပြန့်ပွားဝှန်သော်၊ သတ္ထန္တရ၊ ကပ်ကြီးကျ၍” ဟု မဃဒေဝလင်္ကာ၌ ပြဆိုသည်နှင့်အညီ ဤကပ်သည် ဒေါသစိတ်တို့လွန်ကဲပျံ့နှံ့ရာမှစသည်။ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးစသည့် မကျေနပ်မှုများမှ ဒေါသအဖြစ်သို့ ပြောင်းလဲကာ မိမိသာမက အခြားသူများတွင်လည်း ဒေါသတို့ ဖြစ်ပေါ်လာအောင် သွေးထိုးကြ၊ လှုံ့ဆော်ကြ၊ မြှောက်ပင့်ကြ၊ စည်းရုံးကြ၊ တိုက်တွန်းကြသည်။ လက်နက်စွဲကိုင်တိုက်ခိုက်မှုများ ဖြစ်လာသည့်အခါ သတ္ထန္တရကပ်လည်း ဆိုက်ရောက်လာသည်။ ကာယကံမြောက် ပါဝင်တိုက်ခိုက်ကြသူများသာမက မဆိုင်သူများမှာလည်း လက်နက်ဘေးသင့်ကြရသည်။

 မတည်ငြိမ် မငြိမ်းချမ်းသောဒေသများမှာ ဘ၀ပေးအခြေအနေအရ နေထိုင်ကြရသူတို့မှာ လူမှုစီးပွားဘဝများ နိမ့်ကျကြရသည်။ အခွင့်အရေးတို့လည်း ဆုံးရှုံးကြရသည်။ ဒေသများ မဖွံ့ဖြိုး မတိုးတက်သည့်အခါ နိုင်ငံသည်လည်း မဖွံ့ဖြိုး၊ မတိုးတက်။ ဖွံ့ဖြိုးတိုးတက်အောင်လည်း ဆောင်ရွက်၍မရ။ ယင်းသို့သောအခြေအနေသည် ဆယ်စုနှစ်ပေါင်း တစ်စု၊ နှစ်စု၊ သုံးစု၊ လေးစုမက။ နှစ်ပေါင်း ၇၀ ကျော် ၈ဝ ခန့်အထိ ဖြစ်နေပြီဆိုလျှင် နည်းလမ်းရှာကြရန်၊ နည်းလမ်း ပြောင်းကြရန် သင့်ပြီဖြစ်သည်။ နာကျင်စေ၊ ထိခိုက်စေ၊ ပျက်စီးစေသည့် နည်းလမ်းအစား ငြိမ်းချမ်းစွာ ဆွေးနွေးသည့်နည်းလမ်းဖြင့် အားလုံးအတွက် အကောင်းဆုံးဖြစ်စေမည့် ဆုံမှတ်တစ်ခုကို ရှာဖွေ ကြရန်ဖြစ်သည်။ အကယ်၍သာ ဤနည်းလမ်းကို အသုံးပြု၍ နောက်ထပ်ဆယ်စုနှစ်ပေါင်းများစွာ သွားကြစေကာမူ နိုင်ငံရော ပြည်သူပါ အထိခိုက်နည်းပါးမည်သာဖြစ်သည်။

ယခုလည်း နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးအတွက် မည်သည့် ကြိုတင်သတ်မှတ်ချက်မှမထားဘဲ ဖိတ်ခေါ်ထားသည်။ သည်အပေါ်မှာ တုံ့ပြန်မှုတို့ အမျိုးမျိုးရှိသည်။ ဆိုရလျှင် လက်နက်စွဲကိုင် ဆက်လက်တိုက်ခိုက်သွားမည်ဆိုသည့် သဘောထားမျိုးကား အပြုသဘောကို ဆန့်ကျင်ခြင်းသာဖြစ်ပြီး အပျက်စိတ်၊ အဖျက်စိတ်တို့ အားသန်ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးကို နှစ်ပေါင်းများစွာကပင် တောင့်တလာခဲ့ကြသော ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုခြင်းဖြစ်သည်။ ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်များ၊ ဘဝများကို တန်ဖိုးမထားခြင်းဖြစ်သည်။

ယနေ့ကမ္ဘာကြီး၏ အပြောင်းအလဲများမှာ မိမိတို့နိုင်ငံအတွက် အခွင့်အလမ်းများရော၊ အန္တရာယ်များပါ ရောပြွမ်းနေသည်။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် အတူနေပြီး ကျောခိုင်း ရန်ပြုနေကြခြင်းက အချိန်အခါမရွေး ပျက်စီးသွားနိုင်သည်။ မြန်မာနိုင်ငံဟုခေါ်ဆိုသော စတုရန်းမိုင်ပေါင်း ၂၆၀၀၀၀ ကျော် ကျယ်ဝန်းသည့် ဤမဟာပထဝီမြေကြီးသည် ဤမြေပေါ်တွင် အတူတကွ အစဉ်အဆက်နေထိုင်လာခဲ့ကြသည့် ၁၃၅ မျိုးသော မြန်မာတို့ ပိုင်သည့်မြေသာဖြစ်၍ မိမိတို့ကြား ပြောစရာများကို မပြောမပြီး ပြောကြရမည်သာဖြစ်သည်။ ဆွေးနွေးဖွယ်ရှိသည်တို့ကို ကောင်းသောစိတ်ဖြင့် အကျေအလည်ဆွေးနွေးပြီး ကောင်းကျိုးဖြစ်ထွန်းစေရန် ရှေးရှုကြရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရက စေတနာမှန်စွာ လက်ကမ်းဖိတ်ခေါ်မှုဖြင့် အခွင့်အလမ်းတို့ပေးထားပြီဖြစ်ရာ နိုင်ငံနှင့်ပြည်သူတို့၏ ပစ္စုပ္ပန်နှင့် အနာဂတ်လှပစေရေး မွန်မြတ်သောစိတ်ဖြင့် ငြိမ်းချမ်းရေးအတွက် ဖော်ဆောင်နိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment