Sunday, June 14, 2026

Myanmar Women’s League 2026 -27 Official Partnership Signing Ceremony ကျင်းပပြီး ဝင်ငွေပိုမိုရရှိသဖြင့် ကလပ်အသင်းများအား ပိုမိုထောက်ပံ့ပေးနိုင်မည်

 


ရန်ကုန် ဇွန် ၁၃

Myanmar Women’s League 2026-27 ဘောလုံးရာသီမစတင်မီ OfficialPartnership Signing Ceremony ကို ဇွန် ၁၁ ရက် နံနက်ပိုင်းက နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အမှာစကားပြောကြားပြီး Myanmar Women’s League 2026-27 ပြိုင်ပွဲ၏ Official Main Partner အဖြစ် ပံ့ပိုးကူညီပေးသွားမည့် Max Energy မှ Chief Executive Officer ဒေါ်နုနုဝေက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

ဆက်လက်၍ Official Main Partner နှင့် Official Partners များအကြား Partnership Agreement များကို အသီးသီးလက်မှတ်ရေးထိုးခဲ့ကြပြီး တက်ရောက်လာကြသူများ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြသည်။ Myanmar Women’s League 2026-27 ရာသီအတွက် Partner ကုမ္ပဏီများနှင့် လက်တွဲခြင်းမှ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၂၁၅၀၀ နှင့် In-kind တန်ဖိုး ငွေကျပ်သိန်း ၂၃၅၀ ကို လက်ခံရရှိ မည်ဖြစ်ပြီး Official Main Partner အဖြစ် Max EnergyOfficial Partners များအဖြစ် Shwe Li Yadanar EstateBYDAYA PayPro1 GlobalOcean SupercenterJ’DonutsCoral AgriForever GroupHEY PlayPUMA Energy DrinkDong Luc နှင့် Alpine Drinking Water တို့ က ပံ့ပိုးကူညီသွားမည်ဖြစ်သည်။

ထောက်ပံ့ပေးသွားမည်

ကလပ်အသင်းများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပရော်ဖက်ရှင်နယ်စံနှုန်းများ မြှင့်တင်ရေးနှင့် မြန်မာ့အမျိုးသမီးဘောလုံးအဆင့်အတန်း တိုးတက်မြင့်မားလာရေးတို့အတွက် အထောက်အကူပြုစေရန်ရည်ရွယ်ကာ ယခင်ရာသီများထက် ပိုမိုများပြားသော ငွေကြေးအထောက်အပံ့များ ပေးအပ်မည်ဖြစ်ကာ အခြေခံထောက်ပံ့ငွေအဖြစ် ငွေကျပ်သိန်း ၅၀၀ နှင့် အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပခြင်းနှင့် ဆက်စပ်သော ကုန်ကျစရိတ်များအတွက်လည်း သီးခြားထောက်ပံ့မှု၊ Myanmar Women’s League မှ သတ်မှတ်ထားသော Develop-ment Criteria များကို ပြည့်မီအောင် ဆောင်ရွက်နိုင်သော ကလပ်အသင်းများအား Club Development Subsidy အဖြစ် အများဆုံးငွေကျပ်သိန်း ၂၀၀ အထိ ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ယခုရာသီတွင် ပထမဆုံးအဖြစ် Ranking Subsidy စနစ်ကို စတင် ကျင့်သုံးသွားမည်ဖြစ်ပြီး အမှတ်ပေးချန်ပီယံအသင်းကို ငွေကျပ်သိန်း ၁၀၀၀၊ ဒုတိယအသင်းကို ငွေကျပ်သိန်း ၇၀၀၊ တတိယအသင်းကို ငွေကျပ်သိန်း ၅၀၀၊ စတုတ္ထအသင်းကို ငွေကျပ်သိန်း ၃၀၀၊ ပဉ္စမအသင်းကို ငွေကျပ် သိန်း ၂၀၀၊ ဆဋ္ဌမအသင်းကို ငွေကျပ် ၁၇၅ သိန်း၊ သတ္တမအသင်းကို ငွေကျပ်သိန်း ၁၅၀၊ အဋ္ဌမ အသင်းကို ငွေကျပ် ၁၂၅ သိန်း၊ နဝမအသင်းကို ငွေကျပ်သိန်း ၁၀၀ နှင့် အဆင့် (၁၀) အသင်းကို ငွေကျပ် ၇၅ သိန်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ထို့ပြင် AYA Pay ၏ အဓိကပံ့ပိုးကူညီမှုဖြင့် AYA Pay Player of the Match ဆုကို ချီးမြှင့်သွားမည်ဖြစ်ပြီး ပွဲစဉ်တစ်ပွဲချင်းစီ၏ အကောင်းဆုံးကစားသမားအဖြစ် ဆုကြေးငွေကျပ် ငါးသိန်းအထိ တိုးမြှင့်ချီးမြှင့်မည်ဖြစ်သည်။

၂၀၂၆-၂၀၂၇ ဘောလုံးရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ဇွန် ၁၅ ရက်တွင် အသင်း ၁၀ သင်းဖြင့် စတင်ကျင်းပသွားမည်ဖြစ်ပြီး Free-to-air ရုပ်သံလိုင်းများနှင့် Online Streaming တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - စိုးညွန့်သော်

No comments:

Post a Comment