နေပြည်တော် ဇွန် ၂၄
တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းပိုင်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး စစ်ကြောင်းများခွဲကာ ၂၀၂၆ ခုနှစ် ဇွန် ၂ ရက်မှစတင်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ဇွန် ၂ ရက်တွင် ရေလယ်ကျွန်းကျေးရွာအားလည်းကောင်း၊ ဇွန် ၃ ရက်တွင် ကျောက်လုံးကြီး တဲစုကျေးရွာအားလည်းကောင်း၊ ဇွန် ၆ ရက်တွင် ချောင်းမကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာတို့အားလည်းကောင်း၊ ဇွန် ၇ ရက်တွင် သစ်ရာပင်လမ်းဆုံအားလည်း ကောင်း၊ ဇွန် ၈ ရက်တွင် သစ်ရာပင်ကျေးရွာအားလည်းကောင်း၊ ဇွန် ၉ ရက်တွင် ဝင်းကုန်းကျေးရွာအားလည်းကောင်း၊ ဇွန် ၁၁ ရက်တွင် ညောင်ပင်လယ်ကျေးရွာအားလည်းကောင်း၊ ဇွန် ၁၃ ရက်တွင် ယာကြီးကျေးရွာအားလည်းကောင်း၊ ဇွန် ၁၅ ရက်တွင် ကွမ်းပင်ရေနှင့် ဇွန် ၁၈ ရက်တွင် လာပို့ကျေးရွာအားလည်းကောင်း၊ ဇွန် ၂၁ ရက်တွင် စစ်လင်းချောင်း ကျေးရွာအားလည်းကောင်း၊ ဇွန် ၂၂ ရက်တွင် ထုံးကြီးကျေးရွာအားလည်းကောင်း အဆင့်ဆင့်ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကာ ယမန်နေ့ ဇွန် ၂၃ ရက်တွင် ကျော်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာရှိလခရတပ်ဖွဲ့များနှင့်ပူးပေါင်း၍ ကျေးရွာတစ်ဝိုက် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
တပ်မတော်စစ်ကြောင်းများသည် အဆိုပါလမ်းတစ်လျှောက်၌ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်စဉ် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူအလောင်းများ၊ လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများနှင့် အခြေပြုစခန်းနေရာများအား သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။ ထို့ပြင် တပ်မတော်စစ်ကြောင်းများအနေဖြင့် လာပို့ကျေးရွာနှင့် ကျော်ကျေးရွာအကြားရှိ လမ်းကြောင်းတစ်လျှောက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ယုတ်မာရိုင်းစိုင်းစွာထောင်ထားသည့် မိုင်းများအားဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
တပ်မတော်အနေဖြင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်စည်စီးဆင်းမှုနှင့် ဒေသတွင်းကုန်စည်ပို့ဆောင်မှုများအတွက် အရေးပါလှသည့် အဆိုပါ ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းအား ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာသွားလာ နေထိုင်နိုင်ရေးအတွက် အမြန်ဆုံး အပြည့်အဝပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် နှောင့်ယှက်ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအား အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter– Terrorism Operation) ဖြင့် ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်




No comments:
Post a Comment