နေပြည်တော် ဇွန် ၃၀
နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၊ ဘက်စုံသုံးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံခရီးစဉ်များအတွင်း ဆောင်ရွက်ချက်များ၊ အစိုးရ၏ ရက် ၁၀၀ စီမံချက်အတွင်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့ပြင် မြန်မာ-အိန္ဒိယပူးတွဲကြေညာချက်ဖြစ်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းအပြီးသတ်ရေး၊ အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံအဝေးပြေး လမ်းမကြီးအကောင်အထည်ဖော်ရေး၊ ၂၀၂၆ ခုနှစ်မှ စတင်ပြီး မြန်မာကျောင်းသားများအတွက် ပေးခဲ့သည့် မဲခေါင်- ဂင်္ဂါ ICCR ပညာသင်ဆု ၃၆ ခုမှ ၁၀၀ အထိ တိုးမြှင့်ပေးရေး၊ ၂၀၂၄ ခုနှစ် မေလမှ စတင်ခဲ့သည့် ရူပီး - ကျပ် ငွေပေးချေမှုစနစ်အပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုများ ပိုမိုလွယ်ကူချောမွေ့စေရေးနှင့် ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားရေးတို့ကို ထုတ်ပြန်နိုင်ခဲ့ပါကြောင်း။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတအနေဖြင့် စီးပွားရေးနှင့် ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု၊ မြန်မာ- အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲများကို တက်ရောက်ခဲ့ပါကြောင်း၊ စွမ်းအင်ကုမ္ပဏီနှင့် အိန္ဒိယနိုင်ငံ၏ အဓိကကျသည့် ဂျဝါဟာ လာနေရူးဆိပ်ကမ်းတို့ကိုလည်း ကြည့်ရှုလေ့လာခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ ခရီးစဉ်တွင် ရရှိခဲ့သည့် အကျိုးရလဒ်အနေဖြင့် အိမ်နီးချင်းဒီမိုကရေစီနိုင်ငံကြီး၏ သံတမန်ရေးရာ အသိအမှတ်ပြုမှု၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအတွက် သဘောတူညီချက်များ၊ ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် သုံးနိုင်ငံအဝေးပြေးလမ်းမစီမံကိန်း အမြန်အကောင်အထည်ဖော်ရေး သဘောတူညီချက်၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစေမည့်ကိစ္စရပ်များကို တစ်နိုင်ငံမှ မဆောင်ရွက်ရေး စသည်သဘောတူညီချက်များကို ရရှိခဲ့ပါကြောင်း။
အလားတူ နိုင်ငံတော်သမ္မတသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်ဖြင့် ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပါကြောင်း၊ ခရီးစဉ်အတွင်း သမ္မတမစ္စတာရှီကျင့်ဖျင်၊ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီချန်းနှင့် တရုတ်အမျိုးသားကွန်ဂရက်ဥက္ကဋ္ဌ မစ္စတာကျောက်လဲ့ကျိတို့နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် နှစ်နိုင်ငံဘက်စုံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံထာဝရ ငြိမ်းချမ်းရေးရရှိရန် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာများကို အဓိကဆွေးနွေးနိုင်ခဲ့ပါကြောင်း။
ထို့ပြင် နိုင်ငံတော်သမ္မတအနေဖြင့် မြန်မာ - တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုရရှိရေး၊ Belt and Road Initiative (BRI)နှင့် China-Myanmar Economic Corridor (CMEC) စီမံကိန်းများအရှိန်မြှင့် ဆောင်ရွက်ရေး၊ မြန်မာဘက်မှ “တရုတ်တစ်နိုင်ငံတည်း” မူဝါဒကို ထပ်မံထောက်ခံအတည်ပြုနိုင်ခဲ့ပြီး တရုတ်ဘက်မှ မြန်မာအစိုးရအသစ်အပေါ် အပြည့်အဝထောက်ခံကြောင်းကို ခိုင်ခိုင်မာမာပြောဆို ဆွေးနွေးခဲ့ပါကြောင်း။
နှစ်နိုင်ငံနားလည်မှုစာချွန်လွှာများအဖြစ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ သတင်းမီဒီယာ၊ လူသားချင်းစာနာထောက်ထားမှု၊ အာကာသနှင့် Al နည်းပညာအပါအဝင် နည်းပညာ၊ အသိပညာများဖလှယ်ရေး၊ GSI, GDI,GCI,GGI အကောင်အထည်ဖော်ရေးတို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ လေ့လာရေးခရီးစဉ်အဖြစ် စက်မှုနှင့် နည်းပညာလုပ်ငန်းများဖြစ်သည့် တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း၊ ရထားလမ်းဖောက်လုပ်မှု၊ Shanghai Lingang Special Area ၊ လျှပ်စစ်ကား၊ ဝါးပင်ကုန်ကြမ်းမှ ချည်ထည်၊ အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများ၊ Unitree Robotics တို့ကို သွားရောက်ခဲ့ပါကြောင်း။
နိုင်ငံတော်သမ္မတအနေဖြင့် “မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ချိတ်ဆက်နိုင်ရေးဆွေးနွေးပွဲ” သို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ အဆိုပါဆွေးနွေးပွဲတွင် မြန်မာ- တရုတ် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း နားလည်မှုစာချွန်လွှာ ၇၀ ကျော်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ခရီးစဉ်နှင့် စပ်လျဉ်း၍ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ပြီး သံတမန်ရေးရာအောင်မြင်မှု၊ ချစ်ကြည်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးအပါအဝင် သတ္တု၊ ဒီဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ ရထားလမ်းဖောက်လုပ်ရေးနှင့် ဓာတ်သတ္တုတူးဖော်ရေးကဏ္ဍများတွင် သဘောတူညီမှုများ ရရှိခဲ့ပါကြောင်း။
အဆိုပါ နိုင်ငံတော်သမ္မတ၏ ခရီးစဉ်များသည် နိုင်ငံတော်နှင့် အစိုးရသစ်အတွက် ရလဒ်ကောင်းများ၊ အခွင့်အလမ်းကောင်းများရရှိခဲ့သည်ဟု သုံးသပ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်အတွင်း ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုများ၊ ယခုပညာသင်နှစ်အတွင်း ကျောင်းအပ်နှံမှု၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံကျောင်းများ ဖွင့်လှစ်နိုင်မှုနှင့် ကျောင်းသားကျောင်းသူများတက်ရောက်နေမှု၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုရာခိုင်နှုန်း၊ ရက် ၁၀၀ အတွင်း မြန်မာ့မီးရထား၏ DEMU ခရီးသစ်များ ပြေးဆွဲနိုင်မှု၊ နိုင်ငံတော်သမ္မတရုံး သတင်းနှင့်ပြန်ကြားရေးဗျူရို၏ ဝက်ဘ်ဆိုက်နှင့် ဆိုရှယ်မီဒီယာအကောင့်များနှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ပြည်တွင်း/ပြည်ပ သတင်းဌာနများမှ မေးမြန်းသည့် သဘာဝဓာတ်ငွေ့သိုက်တွေ့ရှိခဲ့မှုအပေါ် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံ ပညာရေး ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးဆောင်ရွက်နိုင်မှုအခြေအနေ၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ နိုင်ငံတကာချစ်ကြည်ရေးအတွက် ဆောင်ရွက်နေမှု၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နေမှု၊ ရက် ၁၀၀ အတွင်းဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ Black List စာရင်းသွင်းခံရသူနှင့် မိသားစုဝင်များဆက်စပ်မှုရှိမရှိ၊ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦစီမံကိန်းများတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ စသည်တို့နှင့် စပ်လျဉ်း၍ မေးခွန်းများကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။



No comments:
Post a Comment