Saturday, June 6, 2026

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် ဇွန် ၅

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ရက် (MYANWEN) ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့အား ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဇွန် ၂၇ ရက်တွင် ကျင်းပမည့် “ကမ္ဘာ့ MSME နေ့” (World MSME Day) အထိမ်းအမှတ် အခမ်းအနားတွင် ကွန်ရက်မှ “Made in Myanmar” ထုတ်ကုန်များ၊ ကွန်ရက်၏ဆောင်ရွက်မှုမှတ်တမ်းများ ပါဝင်ပြသသွားရေး၊ ကွန်ရက်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်လအလိုက် လုပ်ငန်းအစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ဝါးမှ ပျော့ဖတ်ထုတ်လုပ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ရုံးအမှတ် (၃၀) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုနှင့် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်မှုတို့မှတစ်ဆင့် နိုင်ငံတော်အတွက် အခြေခံကျသည့် တီထွင်ဆန်းသစ်မှုတစ်ရပ်ကို ဖော်ဆောင်နိုင်ရန်ဖြစ်ကြောင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ဝါးမှ ပျော့ဖတ်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်အား စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန်၊ နည်းပညာတိုးတက်ရရှိရန် သုတေသနလုပ်ငန်းများ စဉ်ဆက် မပြတ် ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားကာ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment