မန္တလေး ဇွန် ၁
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့စတင်ဖွင့်လှစ်ရာ မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
“ဒီနေ့ ကျောင်းစတင်ဖွင့်လှစ်တဲ့နေ့မှာ
ကျွန်တော်တို့ကျောင်းမှာ ကျောင်းသား ကျောင်းသူ သုံးထောင်ကျော် တက်ရောက်နေပါတယ်။
ကျောင်းအပ်နှံမှုကို ဇွန်လတစ်လလုံးဆက်လက်လက်ခံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အခမဲ့ပညာရေးစနစ်ဖြစ်တဲ့အတွက်
မိဘတွေအနေနဲ့ ကျောင်းနေအရွယ် ရင်သွေးရတနာသားသမီးတွေကို ကျောင်းအပ်နှံကြဖို့ တိုက်တွန်းလိုပါတယ်။
မိဘတွေအတွက်သာမက နိုင်ငံတော်အတွက် အရေးကြီးလှတဲ့ ရင်သွေးရတနာတွေဖြစ်တဲ့အတွက်
ပညာသင်ကြားလေ့လာခွင့် အခွင့်အလမ်းကို ရရှိစေချင်ပါတယ်။” ဟု မန္တလေးမြို့ အမှတ်
(၁၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးက
ပြောကြားသည်။
အခြေခံကျောင်းများတွင် ကျောင်းသား ကျောင်းသူများ
အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အခမဲ့အခြေခံပညာရေးစနစ်ကို
ဖော်ဆောင်ထားသည့်အပြင် ကျောင်းသား ကျောင်းသူများကို
ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ
အခမဲ့ထောက်ပံ့ပေးသည့် အစီအစဉ်ကိုလည်း ဆောင်ရွက်ထားသည်။
“ပညာကို ကလေးတိုင်းသင်ယူလေ့လာကြရမှာပါ။
ဒီလိုလေ့လာပညာသင်ကြားမှ တစ်နှစ်ထက်တစ်နှစ် ပညာရည်မြင့်မားပြီး မှန်မှန်ကန်ကန်
တွေးခေါ်မြော်မြင်ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်ကို ရရှိလာမှာပါ။ ဒါကြောင့်
ကျောင်းနေအရွယ်ကလေးငယ်တွေ အားလုံးပညာရေးကို အလေးထားကြဖို့၊ ကြိုးစားအားထုတ်ပြီး
တစ်နှစ်တစ်တန်းအောင်မြင်အောင်သင်ယူကြဖို့ တိုက်တွန်းလိုပါတယ်။ ပညာတွေလေ့လာသင်ယူပြီး
တိုင်းပြည်အတွက် အားထားရတဲ့ လူကောင်းလူမွန်၊ လူရည်ချွန်တွေဖြစ်လာပါစေလို့
ဆုတောင်းပေးပါတယ်” ဟု မန္တလေးမြို့မှ ကျောင်းသားမိခင်တစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း၊
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများအားလုံး
ရာနှုန်းပြည့်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ကြပြီး
ကျောင်းစတင်ဖွင့်လှစ်သည့် ယနေ့တွင် ကျောင်းများအလိုက်၊ အတန်းစဉ်အလိုက်
သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားပေးလျက်ရှိသည်။
“အထက (၁၆) မှာ Grade - 6 ဒီနေ့
စတင် တက်ရောက်ပညာသင်ကြားပါတယ်။ သမီးအနေနဲ့ Grade - 6
အတန်းကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်ချင်ပါတယ်။ ဒါကြောင့် ဆရာ ဆရာမတွေရဲ့
သင်ကြားပေးမှုကို နေ့စဉ်သေချာလိုက်နာ မှတ်သားပြီး ကြိုးစားသွားမှာပါ” ဟု အထက (၁၆) Grade
- 6 ကျောင်းသူတစ်ဦးက ပြောပြသည်။
မျိုးသန့်(မန္တလေးနေ့စဉ်)၊ ဓာတ်ပုံ- ကိုမျိုး

No comments:
Post a Comment