Friday, June 19, 2026

အစွန်းရောက်ရာသီဥတုဖြစ်စဉ်များကြောင့် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးနှင့် ဆည်တမံများ၏ ဝင်ရေစုဆောင်းသိုလှောင်ခြင်းအပေါ် ထိခိုက်မှုမရှိစေရေး ဆောင်ရွက်

 



ရန်ကုန် ဇွန် ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းငါးလုပ်ငန်းစခန်း၌ ငါးသားပေါက်ထုတ်လုပ်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဘဏ္ဍာနှစ်အလိုက် ငါးသားပေါက်ထုတ်လုပ်မှု လျာထားချက်ပြည့်မီကျော်လွန်ရေး၊ ဒေသ၏ ငါးမွေးမြူထုတ်လုပ်မှုဖွံ့ဖြိုးရန်နှင့် ရေဆင်းငါးလုပ်ငန်းစခန်းပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ စံချိန်စံညွှန်းမီဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ဆွေးနွေးမှာကြား

ထို့နောက် ဇေယျာသီရိမြို့နယ်အတွင်း မိုးရာသီရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေးဆောင်ရွက်လျက်ရှိသည့် မပိုက်ကယ်ရိုးတစ်လျှောက်နှင့် သက်နှင်းအင်းကျေးရွာ အောက်ပိုင်းတစ်လျှောက်ရှိ ချောင်းမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြား သည်။

ယင်းနောက် ပေါင်းလောင်းရေလှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ယခုနှစ်တွင် ကြုံတွေ့နိုင်သည့် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များကြောင့် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးဆောင်ရွက်မှုနှင့်အတူ မိုးခေါင်မိုးပြတ်ခြင်းကြောင့် ဆည်တမံများ၏ ဝင်ရေသိုလှောင်စုဆောင်းခြင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းများအပေါ် ထိခိုက်မှုမဖြစ်ပေါ်စေရေးအတွက် ရေဝေရေလဲဧရိယာ၏ ရာသီဥတု၊ မိုးရွာသွန်းမှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ထိန်းချုပ်နိုင်ရေး စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment