Monday, June 8, 2026

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများနှင့် ရှေးခေတ်ရေလမ်းကြောင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး


ပုဂံ ဇွန် ၇

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရှေးမူလက်ရာမပျက် ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေသည့် ဆင်ကအုတ်တိုက်ကို ကြည့်ရှုစစ်ဆေးပြီး ထိန်းသိမ်းရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးဂရုပြုဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဖွင့်လှစ်ထားသော ပုဂံမြို့ဟောင်းရှိ Bagan Information and Training Center ၌ ခရီးသွားဧည့်သည်များအတွက် စီစဉ်ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။

ယမန်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် အဂ္ဂတေဂူဘုရားနှင့် ပေါင်းကူးကုန်းဘုရားများ၊ အနော်ရထာမင်းနှင့် ကျန်စစ်သားမင်းတို့၏ နန်းတော်ရာနေရာနှင့် ပုဂံရွှေနန်းတော်ကြီးကိုလည်းကောင်း၊ ပုတ္တလင်ဘုရားနှင့် သရဝတ်တံခါးအနီးရှိ ရေလမ်းကြောင်းအမှတ် (၁) တွင် ပါဝင်သော ပုဂံနန်းမြို့ရိုး အရှေ့ဘက်ကျုံးနေရာ အာနန္ဒာဂူဘုရားနှင့် ထီးလိုမင်းလိုဂူဘုရား ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ထားမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆွေးနွေးပြောကြား

မွန်းလွဲပိုင်းတွင် Heritage Hotel ၌ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)၊ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)၊ ပုဂံဧည့်လမ်းညွှန်များအသင်း၊ မြန်မာနိုင်ငံ ခရီးသွားသယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)၊ Bagan Plastic Campaign အဖွဲ့၊ နိုင်ငံပိုင်ဟိုတယ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပုဂံဒေသတွင် ယဉ်ကျေးမှုကိုအခြေခံသော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment