Friday, June 26, 2026

တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ

 

နေပြည်တော် ဇွန် ၂၅

တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးနဝမနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၃ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထ မြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင် သည်။

ထို့နောက် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၀) စိုင်းဝင်းခိုင်၏ ရှမ်းပြည် နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် (၂၅)ခုတင်ဆံ့ဆေးရုံမှ ခုတင်(၅၀)ဆံ့ ဆေးရုံအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက (၂၅)ခုတင်ဆံ့ တန့်ယန်းမြို့နယ် ပြည်သူ့ဆေးရုံ၏ ၃ နှစ်တာကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် တစ်နေ့ပျမ်းမျှ အတွင်းလူနာဦးရေ ၂၄ ဦးဖြစ်ပြီး ဆေးရုံခွင့်ပြု ခုတင်အသုံးပြုမှုသည် ၃ နှစ်စာ ပျမ်းမျှ ၉၇ ရာခိုင်နှုန်း ဖြစ်သည့်အတွက် ဦးစားပေးမှုအရ ခုတင်အဆင့်မြှင့် တင်ရန် လိုအပ်ချက်ရှိနေပါသော်လည်း လတ်တလော ခုတင်(၅၀)ဆံ့ ဆေးရုံအဖြစ်တိုးမြှင့်ရန် အစီအစဉ်မရှိ သေးပါကြောင်း၊ ဆေးရုံခုတင်အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မပေးနိုင်သေးသော်လည်း ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဆေးရုံသုံးပစ္စည်း များ ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ လူနာခုတင်၊ မွေ့ရာ၊ Bed Side Locker အပါ(၁၀)စုံကို ၂၀၂၆ ခုနှစ် မေလအတွင်း ပို့ဆောင်ခဲ့ပြီး ယခုလအတွင်း နောက်ထပ် (၁၀)စုံကို ပေးပို့မည်ဖြစ်ပါကြောင်း၊ ခွဲစိတ်ခန်းသုံးပစ္စည်းများဖြစ်သည့် Operation Table (၁)ခု၊ Patient Monitor (၂)ခု၊ Suction Machine (၂)ခု၊ Spot Lamp (၁)ခု၊ ECG Machine (၁)ခုနှင့် Syringe Pump (၂)ခုတို့ကိုလည်း ယခုလအတွင်း ပို့ဆောင်ပေးပြီးဖြစ်ပါကြောင်း၊ ထို့ပြင် Infant Incubator၊ Digital Blood Pressure Cuff ၊ portable Ultra Sound၊ Drip Stand များလည်း ခွင့်ပြုပေးထားပြီး ဆက်လက်ပေးပို့သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်လှထွေး၏ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေနံချောင်းမြို့တွင် ရေကြောင်း ဆက်သွယ်ရေးဆိပ်ကမ်းများ ပြန်လည်ဖွဲ့စည်းထားရှိ ပေးနိုင်ခြင်းရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ဧရာဝတီမြစ် ရေလမ်းကောင်းမွန်ရေးပင်မစီမံချက်အရ ရေနံချောင်းမြို့သို့ ဧရာဝတီမြစ်၏ ပင်မ ရေလမ်းကြောင်း မစီးဆင်းနိုင်သည့်အတွက်လည်းကောင်း၊ ရေနံချောင်းမြို့၏ အထက်ဘက် ၅ မိုင်ခန့်အကွာရှိ ပင်းချောင်း၏ သဲနုန်းပို့ချမှုကြောင့် ရေနံချောင်းမြို့ရှေ့တွင် မြေနုကျွန်းအဖြစ်တည်ရှိနေသည့် အတွက်လည်းကောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ရေလမ်းအခြေအနေအရလည်းကောင်း ရေနံချောင်း မြို့တွင် ရေကြောင်းဆက်သွယ်ရေးဆိပ်ကမ်းအဖြစ် ဆောင်ရွက်၍မရနိုင်ပါကြောင်းနှင့် လက်ရှိအချိန်တွင် ပုဂ္ဂလိကရေယာဉ်များနှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင်ရေယာဉ်များ ဆိုက်ကပ်အသုံးပြု လျက်ရှိသည့် ရေနံချောင်းမြို့ အောက်ဘက် ၇ မိုင်ခန့် အကွာရှိ ရုံးဆိပ်ဆိပ်ကမ်းတွင် ရေကြောင်းဆက်သွယ်ရေးဆိပ်ကမ်းအဖြစ် ဖွဲ့စည်းဆောင်ရွက် အသုံးပြုလျက်ရှိပါကြောင်း ဖြေကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၀) ဦးချစ်ဆွေ၏ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုကွင်းဆက်များ စနစ်တကျ အကောင်အထည်ဖော်နိုင်ရန်အတွက် သင့်လျော်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနပြုရေးစင်တာများ ဖွင့်လှစ်သွားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းက စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုကွင်းဆက်များ စနစ်တကျ အကောင်အထည်ဖော်နိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဒေသဖွံ့ဖြိုးရေးနှင့် သုတေသနပြုစင်တာများအား စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ ကျွမ်းကျင်ပညာရှင်အရာထမ်း၊ အမှုထမ်းများဖြင့် ဘာသာရပ်ဆိုင်ရာ သုတေသနပြုလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

“မွေးမြူရေးသုတေသနဦးစီးဌာန ဖွဲ့စည်းဆောင်ရွက်ရေးကို အမြန်ဆုံးဆောင်ရွက်သွားရန်လိုအပ် ကြောင်း” လမ်းညွှန်မှာကြားချက်အရ မွေးမြူရေး သုတေသနဦးစီးဌာနကို ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်ဖွင့်လှစ်ပြီး သုတေသနစခန်း ၁၄ ခု ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့မှုကြောင့် စိုက်ပျိုးမွေးမြူရေးသုတေသန ပညာရှင်များ စဉ်ဆက်မပြတ်လေ့ကျင့်ပေးနိုင်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ခြင်း၊ ထုတ်ကုန်များပိုမိုတိုးတက်ဖြစ်ထွန်းစေပြီး တောင်သူလယ်သမားများ ဝင်ငွေပိုမိုတိုးတက်မြင့်မားလာစေခြင်း၊ ရေမြေဒေသနှင့်ကိုက်ညီသည့် အရည်အသွေးနှင့် အထွက်နှုန်းကောင်းမျိုးသစ်များ၊ မျိုးသန့်မျိုးစေ့များ တိုးချဲ့စိုက်ပျိုးမွေးမြူလာနိုင်စေခြင်း၊ အရည်အသွေးစံချိန် စံညွှန်းသတ်မှတ်ချက်များ ရေးဆွဲနိုင်ခြင်း၊ မျိုးရိုးဗီဇ အရင်းအမြစ်များ ထိန်းသိမ်းနိုင်ခြင်း စသည့်သုတေသန အကျိုးကျေးဇူးများ ရရှိလျက်ရှိပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်မေးမြန်းသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနပြုရေးစင်တာ (Regional Development and Research Center-RDRC) များ၏ ရည်ရွယ်ချက်၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့်တူညီသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနနှင့် နည်းပညာဖြန့်ဖြူးရေးဌာန၊ ခြံများအား တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဖွင့်လှစ်ကာဝန်ကြီးဌာနရှိ စိုက်ပျိုးမွေးမြူရေးလူငယ်ပညာရှင်များ၊ ဒေသခံတောင်သူလယ်သမားများပူးပေါင်း၍ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့် သုတေသနပြုရေးစင်တာ(Regional Deve-lopment and Research Center-RDRC) ဖွင့်လှစ် ဆောင်ရွက်သွားရေးနှင့်ပတ်သက်၍ ကျွမ်းကျင်သူများ၊ ပညာရှင်များအပါအဝင် Stakeholders များက ဆန်းစစ်လေ့လာပြီးမှ ဆောင်ရွက်သင့်ပါကြောင်း ဖြေကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄) ဦးအောင်ကျော်မင်း၏ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးသွင်းအားစုများ၊ နည်းပညာပံ့ပိုးမှုများနှင့် စွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းက တောင်သူများလိုအပ်သည့် သွင်းအားစုများနှင့် ထွက်ရှိသည့် သီးနှံလဲလှယ်မှုအစီအစဉ်ကို ငွေကျပ် ၂၃၀ ဘီလီယံနှင့် နွေစပါး၊ မိုးစပါး သီးနှံများအတွက် လည်းကောင်း၊ ငွေကျပ် ၅၆ ဒသမ ၃၁ ဘီလီယံနှင့် ဆီထွက်သီးနှံများအတွက်လည်းကောင်း၊ အရင်းမပျောက်မတည်ရန်ပုံငွေပုံစံဖြင့် ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ထားရှိမှုအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ နွေစပါး၊ မိုးစပါးအစီအစဉ်တွင် ကျပ် ၁၀၃၄ ဒသမ ၄၆၁ ဘီလီယံသုံးစွဲ၍ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) အစီအစဉ်မှာ ၂၀၂၃-၂၀၂၄ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ကျပ် ၁၆၇ ဒသမ ၅၄၉ ဘီလီယံသုံးစွဲခဲ့ပြီး ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအစီအစဉ်ဆောင်ရွက်နေမှုကို လွှတ်တော်ကိုယ်စားလှယ်များ၊ Stakeholders များနှင့် ပေါင်းစပ်ပြီး ကျယ်ပြန့်စွာ ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ပြည်တွင်းရှိ ဓာတ်မြေဩဇာစက်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်ရေးနှင့် ပုဂ္ဂလိကကဏ္ဍမှ သဘာဝဓာတ်မြေဩဇာနှင့် ဇီဝမြေဩဇာစက်ရုံများတည်ထောင်ရာတွင် ရင်းနှီးမြှုပ်နှံမှုအထူးအခွင့်အရေးနှင့် နည်းပညာပံ့ပိုးမှုများပေးအပ်သွားရန်နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အမှတ်(၄) ဓာတ်မြေဩဇာစက်ရုံ(မြောင်းတကာ)နှင့် အမှတ်(၅) ဓာတ်မြေ ဩဇာ(ကန်ကြီးထောင့်) တို့သည် စက်စွမ်းအား တစ်ရက်လျှင် တန် ၅၀၀ ရှိသော်လည်း လက်ရှိစက်ရုံ သက်တမ်း(၁၅)နှစ်ကျော်လာပြီဖြစ်သည့်အတွက် တစ်ရက်လျှင်တန် ၃၀၀ နှုန်းစီဖြင့် နှစ်စဉ်ယူရီးယားဓာတ်မြေဩဇာတန်ချိန်ပေါင်း ၅၀၀၀၀ မှ ၈၀၀၀၀ ခန့်အထိ ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာထုတ်လုပ်မှုအနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သဘာဝမြေဩဇာစက်ရုံ ၃၁၈ ရုံမှ သဘာဝ မြေဩဇာ ၁၂၇၈၈၂ တန်ခန့်၊ ဇီဝမြေဩဇာစက်ရုံ ၁၂ ရုံမှ ဇီဝမြေဩဇာတန်ချိန် ၂၃၆၅ တန်ခန့်၊ Gypsum သဘာဝမြေဩဇာ ၂၈၀၄၈ တန်ခန့်တို့ ထုတ်လုပ်ပေး လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၅၊ ပုဒ်မ ၇၇ နှင့် ပုဒ်မ ၇၈ တို့အရ အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်၊ သက်သာခွင့်များ စသည့်အခွင့်အရေးများကို ခံစားရရှိနိုင်မည်ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် မြေအသုံးချမှုအတွက် ဥပဒေနှင့်အညီ ခွင့်ပြုကူညီနိုင်ပြီး နည်းပညာလိုအပ်ပါက ပံ့ပိုးကူညီရန် ပညာရှင်များ အသင့်ရှိပါကြောင်း။

ဈေးကွက်အတွင်းရှိ မြေဩဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးဝါးများ အရည်အသွေးပြည့်မီစေရန် ရွေ့လျားဓာတ်ခွဲခန်းများ(Mobile Lab)ဖြင့် ကွင်းဆင်းစစ်ဆေးပေးရန်နှင့် တောင်သူများမြေဩဇာနှင့် ဆေးဝါးများကို အကျိုးရှိရှိသုံးစွဲနိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနများတွင် မြေဆီလွှာစစ်ဆေးပေးခြင်း (Soil Testing)နှင့် ပိုးမွှားရောဂါဆိုင်ရာ အကြံပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန်နှင့်စပ်လျဉ်း ၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့မှ ပညာရှင်များပါဝင်သည့် ကွင်းဆင်းပညာပေးရေးအဖွဲ့များသည် လိုအပ်ချက်နှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်များအရောက် နည်းပညာဖြန့်ဖြူးပေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန Call Center မှ မေးခွန်းများဖြေကြားပေးခြင်း၊ Mobile Application ၅ ခုဖြင့် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန အင်တာနက် စာမျက်နှာမှ နည်းပညာဖြန့်ဖြူးပေးခြင်း၊ အမျိုးသား ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့်ပေါင်းစပ်၍ တောင်သူကြီး AI (Version 1 Beta) အနေဖြင့် စတင်ဆောင်ရွက်လျက်ရှိပြီး မြေဆီလွှာ စစ်ဆေးပေးခြင်း (Soil Testing)နှင့် ပိုးမွှားရောဂါဆိုင်ရာအကြံပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

အသေးစားနှင့် အလတ်စား ဆိုလာစွမ်းအင်သုံးရေတင်စနစ် (Solar Irrigation System) များ တည်ဆောက်ပေးရန် (သို့မဟုတ်) ဆိုလာရေတင်စနစ် တပ်ဆင်လိုသော တောင်သူများအတွက် အရည်အသွေးမီ ဆိုလာရေတင်စနစ်များကို အရစ်ကျ (သို့မဟုတ်) သက်သာသောအတိုးနှုန်းနှင့် နှစ်ရှည်ချေးငွေဖြင့် ရောင်းချပေးရန်နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစ၍ နှစ်စဉ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ရန်ပုံငွေများဖြင့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ၁၄ ခု၊ လျှပ်စစ်+ဆိုလာ စနစ်ဖြင့် လုပ်ငန်းပေါင်း ၄၂ ခု ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တိုင်းဒေသကြီး၊ ပြည်နယ် ၆ ခုရှိ တောင်သူတစ်ဦးချင်းအတွက် ဆိုလာစက်ရေတွင်း ၃၇၄ တွင်းနှင့် ဘတ်ဂျက် ငွေဖြင့် ဆိုလာရေတင် ၆ ခု ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်လည်း တိုင်းဒေသကြီး၊ ပြည်နယ် ၁၂ ခုရှိ မြို့နယ် ၉၁ မြို့နယ် ကျေးရွာ ၃၁၇ ရွာအတွက် ဆိုလာ စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းပေါင်း ၅၄၀ ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေမှ ဆိုလာရေတင်စနစ်ဖြင့် လုပ်ငန်း ၅၀၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရရန်ပုံငွေများမှ လုပ်ငန်း ၄၁ ခုကို ဆောင်ရွက်သွားရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရန်ပုံငွေခွင့်ပြုချက်အရ တိုင်းဒေသကြီး၊ ပြည်နယ် ၉ ခုတွင် ဆိုလာစနစ်ရေတင်စီမံကိန်း ၄၃ ခု ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် အရည်အသွေးမီ ဆိုလာရေတင်စနစ်များအား ဝယ်ယူလိုသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်၊ အရောင်းဆိုင်များမှ အရစ်ကျစနစ်ဖြင့် သက်သာသောအတိုးနှုန်းဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ချေးငွေ)မှ စီစဉ်ဆောင် ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဘဏ်များ၊ ငွေကြေး၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီ ဖွဲ့စည်းရေး တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တာဝန်ပေးအပ်ခံရသည့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုးမြင့်အောင်က ဘဏ်များ၊ ငွေကြေး၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဘဏ်များ၊ ငွေကြေး၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၃) ဒေါ်ကျော့ယဉ်ဝင်းနှင့် အတွင်းရေးမှူးအဖြစ် မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၆) ဒေါ်အေးချမ်းမုံတို့အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏အမည် စာရင်းကို လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ အတည်ပြုသဖြင့် ဘဏ်များ၊ ငွေကြေး၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် တာဝန်ပေးအပ်ခံရသည့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး ဆန်းသွင်က ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်း ပညာကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၃) ဦးခင်မောင်တင့်နှင့် အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အမှတ်(၂) ဒေါ်နီနီမာတို့အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ အတည်ပြုသဖြင့် ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီ ဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် တာဝန်ပေးအပ်ခံရသည့် တပ်မတော် သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်အောင်က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် တပ်မတော် သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်အောင်နှင့် အတွင်းရေးမှူးအဖြစ် ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ဦးဇော်ဇော် မြင့်တို့အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏အတည်ပြု ချက်ရယူရာ အတည်ပြုသဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီ ဖွဲ့စည်း ကြောင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင် ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်တစ်ဝန်းရှိ တက္ကသိုလ်အသီးသီးတွင် ဘွဲ့၊ ဒီဂရီ ရရှိခဲ့သည့် လူငယ်များအား နိုင်ငံတော်ဝန်ကြီးဌာန အသီးသီးက အလုပ်ခန့်အပ်ပေးရန်အတွက် အရည်အချင်းသတ်မှတ်ချက်များနှင့်တကွ အလုပ်လျှောက်ထားရန် ခေါ်ယူခြင်းကိစ္စအပေါ် နိုင်ငံတော်နှင့် လူငယ် များ၏ အနာဂတ်အတွက် ဖြေလျှော့စဉ်းစားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ကို ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၉) ဦးရန်နိုင်ဦးက တင်သွင်းရာတွင် အစိုးရဝန်ကြီးဌာနများတွင် အလုပ်လျှောက်ထားကြရာ၌ သာမန်အားဖြင့် လျှောက်ထားသူအများစုသည် ကိုဗစ်ကာလနှင့် အခြေအနေအရပ်ရပ်ကြောင့် ကျောင်းနှင့် တက္ကသိုလ်များ၏ ပညာသင်ကြားမှုများ ရပ်ဆိုင်းခဲ့ရသဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် မလိုအပ်ဘဲ အသက်အရွယ် ၁နှစ်၊ ၂နှစ်ခန့် ပိုမိုကြီးရင့်ခဲ့ရပါကြောင်း၊ ဘွဲ့ရလူငယ်များသည် အစိုးရ ဝန်ကြီးဌာနအသီးသီးက အလုပ်နေရာများခေါ်ယူ သည့်အခါတွင် သာမန်ထက် အသက် ၁ နှစ်၊ ၂ နှစ်ခန့် ပိုမိုကြီးရင့်နေပြီး သတ်မှတ်ချက်ထက် အသက်ကျော် လွန်နေခဲ့ကြပါကြောင်း။

အစိုးရဝန်ကြီးဌာနများတွင် အသက်အရွယ်အနည်း ငယ်ကြီးရင့်မှုကြောင့် အစိုးရဝန်ထမ်းဖြစ်ခွင့်မရတော့ဘဲ ဘဝအတွက် မရေရာသည့် ကြုံရာကျရာအလုပ်များ ကိုသာ ဝင်ရောက်လုပ်ကိုင်ကြရသောကြောင့် နိုင်ငံတော်အတွက် ပညာတတ်လူငယ်များစွာ လေလွင့် ဆုံးရှုံးပြီး ပြင်ပလမ်းမှားသို့ရောက်ရှိခဲ့ရသည့် အခြေ အနေများနှင့်လည်း ကြုံတွေ့ကြရပါကြောင်း၊ မိမိ နိုင်ငံတော်အစိုးရအဖွဲ့ကို ယုံကြည်သက်ဝင်အားကိုး၍ အစိုးရဝန်ထမ်းဆိုသည့် အစိုးရဌာနဆိုင်ရာ ထီးရိပ်တွင် အလုပ်လုပ်ချင်သည့် စိတ်ဓာတ်ဖြင့် ခံယူရောက်ရှိလာကြသည့် ဘွဲ့ရပညာတတ်လူငယ်များသည် နိုင်ငံတော်အတွက် အရေးကြီးပြီး အသက်အရွယ်ကြီးရင့်မှုကို အကြောင်းပြု၍ လမ်းလွဲလမ်းမှားခြင်းများနှင့် ကြုံတွေ့ရမည်ဆိုပါက ပညာတတ်လူငယ်များ သာမက နိုင်ငံတော်အတွက်ပါ များစွာနစ်နာရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် လူငယ်များ၏ ရေရှည်အကျိုးကို ရည်မှန်းလျက် ဘွဲ့ရပညာတတ် လူငယ်များအတွက် အသက်ကန့်သတ်ချက်များကို လျှော့ပေါ့ စဉ်းစားပေးခြင်းဖြင့် အလုပ်ခန့်ထားပေး နိုင်ပါရန် အဆိုတင်သွင်းသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၆) ဦးအေးပိုင်က ထောက်ခံသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသဖြင့် အဆိုအား လွှတ်တော်က ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ဇွန် ၂၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment