နေပြည်တော် ဇွန် ၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sugiono ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့
နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့်
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ
ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှပစိဖိတ်နှင့် အာဖရိကဌာန ညွှန်ကြားရေးမှူးချုပ်
H.E. Mr. Santo
Darmosumarto နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ
အင်ဒိုနီးရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ်
မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် မိတ်ဆွေဟောင်း၊ မိတ်ဆွေရင်းနိုင်ငံများဖြစ်ကြပြီး
လွတ်လပ်ရေးကြိုးပမ်းမှုကာလ ကတည်းကပင် နှစ်နိုင်ငံအစိုးရနှင့် ခေါင်းဆောင်များအကြား
ကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့ကြသည့် အခြေအနေများ၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့်
မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို နားလည်သိရှိပြီး
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော ရွေးကောက်ခံအစိုးရအနေဖြင့် မြန်မာနိုင်ငံကို
ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသောနိုင်ငံတော်အဖြစ်
ဖော်ဆောင်ပေးနိုင်မည်ကို အပြည့်အဝယုံကြည်မှုရှိသည့် အခြေအနေများ၊
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အာဆီယံ၏ အစိတ်အပိုင်းအဖြစ်၊
အင်ဒိုနီးရှားနိုင်ငံ၏ မိတ်ဆွေအဖြစ် အမြဲမှတ်ယူထားရှိပြီး မြန်မာနိုင်ငံကို အောင်မြင်သော၊
ငြိမ်းချမ်းသောနိုင်ငံအဖြစ် ဖြစ်ပေါ်လာစေရေး လိုအပ်သည်များ
ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အပေါ်
မြန်မာနိုင်ငံအနေဖြင့် တတ်နိုင်သမျှဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းအကြား
အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် မြန်မာ-အာဆီယံအကြား ပိုမိုတောင့်တင်းခိုင်မာသည့်
ဆက်ဆံမှုများ ပြန်လည်တိုးတက်လာစေရေး၊ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများကို
ပိုမိုကောင်းမွန်စေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဒီမိုကရေစီစနစ်သည်
ကမ္ဘာပေါ်တွင် အကောင်းဆုံးနိုင်ငံရေးစနစ်ဖြစ်သော်လည်း ဒီမိုကရေစီစနစ်ကို
အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မိမိတို့နိုင်ငံများရှိ ကိုယ်ပိုင်စရိုက်လက္ခဏာများ၊
ယုံကြည်မှု၊ ကိုးကွယ်ရာနှင့် ယဉ်ကျေးမှုတန်ဖိုးများအပေါ် အခြေခံ၍ မိမိတို့နိုင်ငံနှင့်
ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို မိမိကိုယ်ပိုင်ဟန်ဖြင့် ကျင့်သုံးဆောင်ရွက်သင့်သည့်
အခြေအနေများ၊ ဒီမိုကရေစီစနစ်နှင့်အညီ နိုင်ငံ၏ အနာဂတ်ကောင်းကျိုးများကို
ဆောင်ရွက်ပေးနိုင်မည့် အာမခံချက်ရှိသည့် အစိုးရတစ်ရပ်အဖြစ် ဆောင်ရွက်သွားမည့် အခြေအနေများ၊
မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်သူများက အားကိုးရပြီး
ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ၊ တည်ငြိမ်အေးချမ်းသော နိုင်ငံတစ်ခုအဖြစ်
ဖော်ဆောင်ပေးနိုင်သည့် မှတ်ကျောက်တင်ခံနိုင်သော အစိုးရတစ်ရပ်အဖြစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည့်
အခြေအနေများ၊ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား သံတမန်ဆက်ဆံမှု၊
ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ
တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ
အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင်
နိုင်ငံတော်သမ္မတနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment