တွေ့ဆုံမေးမြန်း - သစ္စာ(MNA)
ဓာတ်ပုံ
- ဇွဲမာန်
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၌ ထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကျောင်းသား ကျောင်းသူ ၄၆၈၈၉ ဦး ဝင်ရောက်ဖြေဆိုမှုတွင် ၂၃၂၀၃ ဦး အောင်မြင်ကာ အောင်မြင်မှုရာခိုင်နှုန်း ၄၉ ဒသမ ၄၈ ရာခိုင်နှုန်းရရှိခဲ့ပြီး ခြောက်ဘာသာဂုဏ်ထူးရှင် ၇၉ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၂၉၇ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၆၄၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၉၈၈ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၁၇၅ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၂၄၇၉ ဦး ရှိခဲ့သည်။
ထို့ပြင်
သိပ္ပံတွဲနှင့် ဝိပ္ပံတွဲတို့ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆင့် ၁ မှ ၁၀
အတွင်းရရှိသူသုံးဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း)
အမှတ် (၁၄) အထက်တန်းကျောင်းမှ ဝိပ္ပံတွဲဖြင့် အဆင့် (၁) တစ်ဦး၊ သိပ္ပံတွဲဖြင့်
ဒဂုံမြို့နယ်အမှတ် (၁) အထက်တန်းကျောင်းမှ အဆင့် (၄) တစ်ဦးနှင့် ဝိပ္ပံတွဲဖြင့် လှည်းကူးမြို့နယ်
မဟောသဓာကိုယ်ပိုင်အထက်တန်းကျောင်းမှ အဆင့် (၅) တစ်ဦးတို့ ဖြစ်ကြသည်။
ထိုကဲ့သို့
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများ၊
ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသူများ၏ ဝမ်းသာပီတိစကားသံများကို စုစည်းဖော်ပြအပ်ပါသည်-
ဒေါက်တာစန္ဒာမြငြိမ်း
(ကျောင်းအုပ်ကြီး၊
ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း
၂၀၂၆
ခုနှစ်မှာ ဒဂုံ အထက (၁) အနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ကျောင်းသူ ၂၄၉
ဦး ဖြေဆိုခဲ့ပြီး အောင်မြင်သူ ၁၈၈ ဦးမှာ ဂုဏ်ထူးက ၈၆ ဦးနဲ့ ရိုးရိုးအောင်မြင်မှု ၁၀၂
ဦးရှိတဲ့ အတွက် အောင်ချက် ၇၅ ဒသမ ၅၀ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ ကျောင်းကနေ မြန်မာတစ်နိုင်ငံလုံးအဆင့်
၄ နဲ့ အောင်မြင်သူတစ်ဦး၊ တိုင်းဒေသကြီးအနေနဲ့ အဆင့်၁၊ အဆင့် ၄ နဲ့ အဆင့် ၇ သုံးဦး
အောင်မြင်မှုရရှိခဲ့ပါတယ်။
အခုလိုအောင်မြင်မှုရရှိတာဟာ
မိဘ၊ ဆရာနဲ့ ကျောင်းသား ကျောင်းသူ ပူးပေါင်းရလဒ်ပဲ ဖြစ်ပါတယ်။ စာသင်နှစ်တစ်ခုလုံး
တတ်မြောက်မှုစစ်ဆေးခြင်း လေးကြိမ်ပြုလုပ်ခဲ့ပါတယ်။ ဒီလိုစစ်ဆေးရာမှာ ကောင်း၊ သင့်၊
ညံ့ ကလေးအားလုံး အကျုံးဝင်ဖြေဆိုနိုင်အောင် ဘာသာရပ်မှူးတွေ ဦးဆောင်မှုနဲ့ မေးခွန်းပြုစုပြီး
စစ်ဆေးခဲ့ပါတယ်။ အဲဒီကနေရရှိတဲ့ ရလဒ်အရ အားနည်းတဲ့ကလေးတွေကို သက်ဆိုင်ရာ ဘာသာရပ်မှူးတွေနဲ့
မိဘတွေပူးပေါင်းပြီး အောင်ချက်မြင့်မားရေးအစီအစဉ်တွေ ပြုလုပ်ခဲ့ပါတယ်။ ကျောင်းကနေထူးချွန်ကျောင်းသားတွေ
နှစ်စဉ်ပေါ်ထွန်းမှုအပေါ် နိုင်ငံအတွက်သာမက ရန်ကုန်တိုင်းဒေသကြီးနဲ့ အထက-၁ ဒဂုံအတွက်
အတိုင်းမသိဝမ်းမြောက်ဂုဏ်ယူပါတယ်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့
ကျောင်းသား ကျောင်းသူတွေအနေနဲ့ အောင်မြင်မှုကိုအခြေခံပြီး ပိုမိုမြင့်မားတဲ့
ပညာရပ်တွေကို ဆည်းပူးပြီး နိုင်ငံနဲ့ လူမှုအသိုက်အဝန်းအတွက် အကျိုးပြုနိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းပါတယ်။ အားနည်းခဲ့တဲ့သူတွေကလည်း တစ်ခါမအောင်မြင်တာဟာ
ဘဝတစ်ခုလုံးရှုံးနိမ့်သွားတာမဟုတ်တဲ့အတွက် စိတ်ဓာတ်မကျဘဲ ထပ်မံကြိုးစားဖို့ အားပေးတိုက်တွန်းပါတယ်။
မသက်နှင်းစံ
(သိပ္ပံတွဲ၊
တစ်နိုင်ငံလုံး အဆင့်-၄)
၂၀၂၆ ခုနှစ်
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံး အဆင့် (၄) နဲ့ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့
အဆင့် (၁) ရရှိခဲ့ပါတယ်။ ကျောင်းနဲ့ မိဘအတွက် အခုလိုအောင်မြင်မှုရရှိအောင်
ကြိုးစားပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်မကို အမြဲပံ့ပိုးစောင့်ရှောက်ပေးခဲ့တဲ့
ဖေဖေနဲ့ မေမေကို အဓိကကျေးဇူးတင်ပါတယ်။ ပြီးတော့ သင်ခန်းစာတိုင်းကို စနစ်တကျသင်ကြားပြသပေးခဲ့တဲ့
ဆရာ ဆရာမတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အနန္တဂိုဏ်းဝင်မိဘနဲ့ ဆရာတွေကို
လက်စုံမိုးပြီး ဦးခိုက်ကန်တော့ပါတယ်။ ကျောင်းမှာ စာသင်ယူတဲ့ အချိန်တုန်းက
အမှတ်အများဆုံးရတဲ့ ကျောင်းသား ကျောင်းသူ ၁၀ ဦးကို ထူးချွန်ထက်မြက်တံဆိပ်ဝိုင်းလေးတွေ
တပ်ဆင်ပေးထားတာကြောင့် အဲဒီတံဆိပ်လေး မပြုတ်သွားအောင်စာကို အမြဲကြိုးစားလေ့လာခဲ့ပါတယ်။
စာမေးပွဲဖြေဆိုတဲ့ အခါမှာလည်း အမှတ်ပေးစည်းမျဉ်းနဲ့အညီ ဖြေဆိုတတ်အောင် တက္ကသိုလ်က
ပါမောက္ခ ဆရာ ဆရာမကြီးတွေကို ဖိတ်ခေါ်ပြီး သင်ပြပေးခဲ့ပါတယ်။ ဒီလိုသင်ယူနိုင်အောင်စီစဉ်ပေးတဲ့
ကျောင်းအုပ်ဆရာမကြီးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။
အခုလိုတက္ကသိုလ်ဝင်တန်းကို
အောင်မြင်ဖို့ တစ်နေ့သင်ကြားတဲ့စာကို တစ်နေ့အပြတ်လေ့လာခဲ့ပါတယ်။ စာသင်နှစ်တစ်ခုလုံးမှာ
သာမန်ကြိုးစားမှုထက် ပိုတဲ့လေ့ကျင့်မှုနဲ့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်
တစ်ချိန်လုံးစာကြည့်နေတာမျိုး မဟုတ်ဘဲ စိတ်အပန်းဖြေဖို့ နားချိန်လည်း ထားဖို့လိုအပ်တယ်ဆိုတာ
အကြံပြု လိုပါတယ်။
မမေမြတ်သဲခိုင်
(ရန်ကုန်တိုင်းဒေသကြီး
အဆင့်-၄)
တက္ကသိုလ်ဝင်တန်း
စာမေးပွဲကို ဂုဏ်ထူးခြောက်ဘာသာနဲ့ အောင်မြင်ခဲ့ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးမှာ
အဆင့် ၄ ရရှိခဲ့ပါတယ်။ အခုလိုအောင်မြင်မှုရရှိအောင် မိဘနှစ်ပါးနဲ့ ဆရာ ဆရာမတွေက
အများကြီးပံ့ပိုးခဲ့ပါတယ်။ အခုလို ကျောင်းရဲ့ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့အတွက်
ဝမ်းသာပီတိဖြစ်ရပါတယ်။
တက္ကသိုလ်ဝင်တန်း
ဖြေဆိုကြမယ့် မောင်လေး၊ ညီမလေးတွေကို အကြံပြုချင်တာက ကိုယ့်ကိုယ်ကိုယ် မလိမ်ပါနဲ့။
စာမရတာ၊ မသိတာရှိရင် ဆရာ ဆရာမတွေကို သေသေချာချာမေးမြန်းပြီး ရှင်းပြပေးဖို့တင်ပြသင့်ပါတယ်။
တက္ကသိုလ်ဝင်တန်းဟာ အရေးကြီးတာကြောင့် အချိန်ဇယားရေးဆွဲပြီး စာကိုသေချာလုပ်ဖို့
အကြံပြုလိုပါတယ်။ ကြိုးစားမှုတိုင်းဟာ အချည်းအနှီးမဟုတ်ပါဘူး။ ကိုယ်ကြိုးစားတဲ့အတိုင်း
ပြန်ရပါတယ်။ ကျွန်မကတော့ ဆေးပညာကို သင်ယူလေ့လာပြီး နိုင်ငံတော်အတွက်
လိုအပ်တဲ့နေရာမှာ တာဝန်ထမ်းဆောင်ချင်ပါတယ်။
မောင်ကောင်းခန့်ဇော်
(ရန်ကုန်တိုင်းဒေသကြီး
အဆင့်-၇)
ကျွန်တော်က
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပြီး
ရန်ကုန်တိုင်းဒေသကြီးမှာ သတ္တမအဆင့်ရရှိခဲ့ပါတယ်။ ပျော်ရွှင်မှုထဲမှာ
တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ ခံစားမှုဟာ ထူးခြားပါတယ်။ စာသင်နှစ်မှာ ဖေဖေနဲ့ မေမေက
လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးပြီး ဆရာ ဆရာမတွေကလည်း စိတ်ရှည်ရှည်နဲ့ လေ့ကျင့်သင်ကြားပေးကြပါတယ်။
တစ်နှစ်ပတ်လုံးစာကိုပဲ တစိုက်မတ်မတ်ကြိုးစားခဲ့ပါတယ်။ အဲဒီကျေးဇူးတွေနဲ့
ကြိုးစားခဲ့မှုကြောင့် ဒီအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့
တက္ကသိုလ်ဝင်တန်းဖြေမယ့် ညီငယ် ညီမငယ်တွေကို ကြိုးစာ ဖို့ တိုက်တွန်းအကြံပြုပါတယ်။
ကြိုးစားမှုအတိုင်း အောင်မြင်မှုကို ပြန်လည်ရရှိပါလိမ့်မယ်။ ကျွန်တော်ကတော့
ဆေးပညာကို သင်ယူပြီးတော့ နိုင်ငံတော်အတွက် လိုအပ်တဲ့ဘက်ကနေ ကူညီပေးသွားမှာပါ။




No comments:
Post a Comment