Saturday, June 6, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပ



နေပြည်တော် ဇွန် ၅

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ဆက် လက် ကျင်းပသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၃၅၁ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၃၄၉ ဦး တက်ရောက်သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၉၉ ဒသမ ၄၃ ရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

 ထို့နောက် အောင်လံမဲဆန္ဒနယ်မှ ဦးတင်အောင်ချစ်၏ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်များပါဝင်သည့် အောင်လံခရိုင်ကို ၂ဝ၂၂ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့တွင် သရက်ခရိုင်မှခွဲထုတ်ပြီး အောင်လံခရိုင်အဖြစ် ဖွဲ့စည်းခဲ့ကြောင်း၊ သို့သော် ခရိုင်ဖွဲ့စည်းခြင်း လေးနှစ်ကြာကာလအတွင်း သက်ဆိုင်ရာခရိုင်ရုံးတချို့ လိုအပ်နေသေးကြောင်း ပြည်သူများထံမှ သိရှိရသည့်အတွက် မကွေးတိုင်းဒေသကြီး အောင်လံခရိုင်ဟု သတ်မှတ်ထားမှုနှင့်အညီ ခရိုင်အဆင့်ရုံးများဖြစ်သည့် (ကညန) ရုံး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဌာနရုံးနှင့် မြန်မာ့အာမခံလုပ်ငန်းရုံးတို့ကို ဖွင့်လှစ်ပေးနိုင်ပါရန်နှင့် ဖွင့်လှစ်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် လုပ်ဆောင်ဖွင့်လှစ်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက အောင်လံခရိုင်အတွင်းရှိ မော်တော်ယာဉ်သက်တမ်းတိုးခြင်းလုပ်ငန်းနှင့် ယာဉ်မောင်းလိုင်စင် ဖြေဆိုထုတ်ပေးခြင်းကို သရက်ခရိုင်ရုံးက တာဝန်ယူဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်နှစ်ခုပါဝင်သော အောင်လံခရိုင်အတွင်း၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ၁၂၀၈၇ စီးနှင့် ယာဉ်မောင်းလိုင်စင် ၁၈၇၀၇ စောင်ရှိပါကြောင်း၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်သက်တမ်းတိုးခြင်းနှင့် ယာဉ် မောင်းလိုင်စင် ဖြေဆိုထုတ်ပေးခြင်းလုပ်ငန်းများအား အောင်လံမြို့သို့ တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် တစ်နှစ်လျှင် ၂၄ ကြိမ် နယ်လှည့်ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

သရက်ခရိုင်ရုံးအနေဖြင့် အောင်လံခရိုင်သို့ နယ်လှည့်ကွင်းဆင်းသည့်အခါ မော်တော်ယာဉ်နှင့် သက်ဆိုင်သည့် အာမခံလုပ်ငန်းကိုတစ်ပါတည်း One Stop Service ပုံစံဖြင့် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ လတ်တလောကာလတွင် အောင်လံခရိုင်၊ သရက်ခရိုင်နှင့် တွဲဖက်၍ One Stop Service ပုံစံဖြင့် ဆောင်ရွက်ပေးနေပြီး ခရိုင်ရုံးအသစ်များ ဖွင့်လှစ်နိုင်ရန် ကန့်သတ်ချက်များရှိနေ ခြင်းတို့ကြောင့် အောင်လံခရိုင်အတွက် ခရိုင်ရုံးဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။

မာန်အောင်မဲဆန္ဒနယ်မှ ဦးကျော်သန်း၏ မာန်အောင်မြို့နယ်၊ စမုံတဲလေယာဉ်ကွင်းအား တိုးချဲ့ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် တိုးချဲ့ဆောက်လုပ်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးထွန်းလူက ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် မာန်အောင်လေယာဉ်ပြေးလမ်းတွင် ATR 72-600 အမျိုးအစား လေယာဉ်များ ဆင်း၊ တက် အသုံးပြုနိုင်ရေးအတွက် လက်ရှိလေယာဉ်ပြေးလမ်း ၄၅၀၀ x ၁၀၀ ပေ အား ဆောင်ရွက်ရမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် တောင်ဘက်သို့ ၁၅၀၀ x ၁၀၀ ပေ လေယာဉ်ပြေးလမ်းတိုးချဲ့ခြင်းနှင့် ထပ်ပိုးလွှာတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွ ရရှိပါက အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

မိုင်းခတ်မဲဆန္ဒနယ်မှ ဦးစိုင်းဝန်းဆမ်၏ မိုင်းခတ်မြို့နယ် မိုင်းနှုန်းကျေးရွာအုပ်စု တပ်မိုင်ကျေးရွာရှိ နမ့်နှုန်းချောင်းဘေးတွင် အရှည် ၅ဝဝ ပေခန့် ကျောက်စီ ရေတားနံရံတည်ဆောက်ပေးရန် အစီ အစဉ် ရှိ၊ မရှိနှင့် ရှိလျှင် မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးထွန်းလူက မိုင်းခတ်မြို့၏ တပ်မိုင်ကျေးရွာကို ရေကြီးရေလျှံမှုမှ ကာကွယ်စေရန် နည်းလမ်းနှစ်မျိုးရှိပါကြောင်း၊ ပထမနည်းလမ်းမှာ နမ့်နှုန်းချောင်းကို ရေလမ်းကြောင်း လွှဲပေးခြင်းဖြစ်ပြီး ကျေးရွာမျက်နှာချင်းဆိုင်ရှိ မြေသားခုံ အလျားပေ ၁၂၆၀ ခန့်ကို မြောင်းတူးပြီးချောင်းဖြောင့်ပေးခြင်းဖြင့် တပ်မိုင်ကျေးရွာအား ရေဦးထိုးစီးဆင်းနေမှုမှ သွေဖည်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဒုတိယနည်းလမ်းမှာ တပ်မိုင်ကျေးရွာအား နမ့်နှုန်းချောင်း ကမ်းပါးတစ်လျှောက် မြေထိန်းနံရံများဖြင့် တိုက်ရိုက်ကာကွယ်ရာတွင် ချောင်းနှင့်ထိစပ်နေသောအပိုင်းဖြစ်သည့် အလျားပေ ၆၅၀ ခန့်ကိုသာ လမ်းမကြီး Level အမြင့်နှင့်အညီ ကာကွယ်ပေးရန် လိုအပ်သည်ကို တွေ့ရှိ ရကြောင်း။

သို့ဖြစ်ပါ၍ တပ်မိုင်ကျေးရွာအနီး လက်ရှိဖြတ်သန်းစီးဆင်းနေသော နမ့်နှုန်းချောင်း ချောင်းဖြောင့်ခြင်းလုပ်ငန်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ငွေလုံးငွေရင်းရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သဖြင့် ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ် ကွင်းဆင်းတိုင်းတာစစ်ဆေး၍ အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် လျာထားစီမံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

မိုးနဲမဲဆန္ဒနယ်မှ စိုင်းထွန်းလင်း၏ မိုးနဲမြို့နယ် ဖိုင်လုံဆည်မှ ကြူတောဆည် အထိ ၅ ဒသမ ၁ မိုင်အတွင်းရှိ နုန်းမြေနှင့် ချုံနွယ်များကို တူးဖော်ရှင်းလင်းရန်ရှိ၊ မရှိ၊ ကျိုးပေါက်နေသည့် နမ့်တွန်ချောင်း တာပေါင်လေးနေရာကို ခိုင်ခံ့အောင် ပြန်တည်ဆောက်ပြီး အရန်ပေါင်များကို အဆင့်မြှင့်တင်ရန် ရှိ၊ မရှိ၊ နမ့်တွန်ချောင်းနှင့် နမ့်မယ်မန်းဆုံရာမှ (နားခံ-ဟဲကော) လမ်းအထိ ၁ ဒသမ ၄၃ မိုင်အား တာပေါင်မြှင့်တင်ခြင်းနှင့် နုန်းမြေဖယ်ရှားခြင်းစသည့် လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ၊ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်ရှိပါက မည်သည့်အချိန်တွင် လုပ်ငန်းစတင်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မိုးနဲမြို့နယ်ကြူတောဆည်မှ ဖိုင်လုံဆည်ကြား အလျား ၅ ဒသမ ၁ မိုင်အနက် အလျား ၀ ဒသမ ၄၅ မိုင်တွင် နုန်းမြေနှင့် ချုံနွယ်များကို စက်ယန္တရားများဖြင့် တူးဖော်ရှင်းလင်းခြင်းအား ယခု ၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုမူလခွင့်ပြုရန်ပုံငွေ (ငွေလုံးငွေရင်း) ဖြင့် မိုးမကျမီ ရက် ၁၀၀ အတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျန်ရှိ သည့်အလျား ၄ ဒသမ ၆၅ မိုင်ကို ၂၀၂၇-၂၀၂၈ ခု၊ ဘဏ္ဍာနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးပါက စိုက်ပျိုးမြေဧရိယာ ဧက ၃၀၀၀ ခန့်အား ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း။

ကြူတောဆည်မှ ဖိုင်လုံဆည်ကြား ၅ ဒသမ ၁ မိုင်အတွင်း ကျိုးပေါက်နေသည့် နမ့်တွန်ချောင်းတာပေါင် ငါးနေရာ၊ အလျား ၂၃၂၅ ပေ ရှိသည့်အနက် ချောင်းပေါင် အလျား ၁၁၂၅ ပေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀၀ ဒသမ ၄၉၅ သန်းဖြင့် ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာနှစ်တွင် ပြန်လည်မြေဖို့ပြုပြင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိနေသည့် နမ့်တွန်ချောင်းပေါင် လေးနေရာအလျား ပေ ၁၂၀၀ ကို ခိုင်ခံ့အောင် ပြန်လည်မြေဖို့ခြင်းလုပ်ငန်းအား ယခု ၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာနှစ် ပြည်ထောင်စုမူလရန်ပုံငွေ ကျပ်သန်း ၁၂၀ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

နမ့်တွန်ချောင်းနှင့် နမ့်မယ်မန်းချောင်းဆုံရာမှ အရန်ပေါင်များမှာ နှစ်ကာလ ကြာမြင့်လာသောကြောင့် နိမ့်ကျလျက်ရှိပါကြောင်း၊ အဆိုပါ အရန်ပေါင်အလျား ၁ ဒသမ ၃၇ မိုင်အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၂ဝ၂၇-၂၀၂၈ ခု၊ ပြည်ထောင်စုမူလရန်ပုံငွေ (ငွေလုံး ငွေရင်း) သို့မဟုတ် သင့်လျော်ရာရန်ပုံငွေတွင် ထည့်သွင်းတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း။

နမ့်တွန်ချောင်းနှင့် နမ့်မယ်မန်း ဆုံရာမှ (နားခံ- ဟဲကော) လမ်းအထိ ၁ ဒသမ ၄၃ မိုင်အား တာပေါင်မြှင့်တင် ခြင်းနှင့် နုန်းမြေဖယ်ရှားခြင်းလုပ်ငန်းများကိုလည်း ၂၀၂၇-၂၀၂၈ ခု၊ ပြည်ထောင်စု မူလရန်ပုံငွေ (ငွေလုံးငွေရင်း) သို့မဟုတ် သင့်လျော်ရာရန်ပုံငွေတွင် ထည့်သွင်းတင်ပြတောင်းခံ၍ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ထန်းတပင်မဲဆန္ဒနယ်မှ ဦးသိန်းရီ၏ ထန်းတပင်မြို့နယ် ချောင်းဟောင်း ထိန်နှစ်ပင်မှ စာဖြူစုကျေးရွာအလွန် (ရိုးရှည်) အထိ အရှည် ၃ မိုင်အား ချောင်းဟောင်းတူးဖော်ရန် လိုအပ်လျက် ရှိပါသောကြောင့် ချောင်းဟောင်းပေ အရှည် ၃ မိုင်အား ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာ ရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် မည်သည့်အချိန်၊ မည်သည့်ကာလတွင် ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိတို့အား သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ထိန်နှစ်ပင်ချောင်းဟောင်းမှ စာဖြူစုကျေးရွာအလွန် (ရိုးရှည်) ချောင်းဟောင်းအထိ အရှည် ၃ မိုင် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ လျာထားဆောင်ရွက်မည့် သဲဖြူ ကျေးရွာချောင်းအရင်းပိုင်းမှ ရွာကန့်လန့် ကျေးရွာရှိ ချောင်းသစ်ချောင်းအထိ ချောင်းဟောင်းအား (၃ ဒသမ ၅) မိုင် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းဖြစ်ပါကြောင်းနှင့် အဆိုပါလုပ်ငန်းဆောင်ရွက် နိုင်ရန်အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် လုပ်ငန်းစာချုပ်ချုပ်ဆို၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မကုန်မီ လုပ်ငန်းအား အပြီးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ပျဉ်းမနားမဲဆန္ဒနယ်မှ ဦးခင်မောင်ဌေး၏ ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်အုပ်စု အတွင်းရှိ ကိုယ့်အားကိုယ်ကိုးဆည်များ ဖြစ်ကြသည့် နှမ်းတောဆည်၊ ကြခတ်ဆည်၊ ဇီးရိုင်းဆည်နှင့် ကျောက်ဆည် ဆည်များအား တောင်သူများ စိုက်ပျိုး “ရေ” လုံလောက်စွာရရှိသုံးစွဲနိုင်ရေး ပြန်လည်တူးဖော်ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပျဉ်းမနားမြို့နယ် နှမ်းတောချောင်းပေါ်တွင် နှမ်းတောရေလွှဲဆည် (ညောင်ပင် ဝိုင်း ရေလွှဲဆည်) ကို တည်ဆောက်ထားပြီး လက်ရှိအခြေအနေ၌ ရေလွှဲဆည်၏ အထက်ပိုင်း၊ အောက်ပိုင်းနှင့် ရေပေးမြောင်းအတွင်း သဲနုန်းပို့ချတိမ်ကောနေ သောကြောင့် သဲနုန်းတူးဖော်ခြင်းနှင့် ရေပေးမြောင်းပြုပြင်ခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ပြုပြင်ခြင်းလုပ်ငန်းအား ၂၀၂၆-၂၀၂၇ ခုနှစ် နေပြည်တော်ကောင်စီရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း။

ဇီးရိုင်းချောင်းပေါ်တွင်ရှိသည့် ဇီးရိုင်းဆည်၊ ကျောက်ဆည်ရေလွှဲဆည်နှင့် ကြခတ်ရေလွှဲဆည်များ၏ လက်ရှိအခြေ အနေတွင် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ၊ ရေကာပေါင် ပြုပြင်ခြင်းလုပ်ငန်း များနှင့် ရေပေးမြောင်းသဲနုန်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ တောင်သူများ စိုက်ပျိုးရေလုံလောက်စွာသုံးစွဲနိုင်ရေးအတွက် ရေလွှဲ ဆည်များပြုပြင်ခြင်းလုပ်ငန်းကို ၂၀၂၇-၂၀၂၈ ခု၊ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာ ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီ နှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးတို့နှင့်စပ်လျဉ်းသည့် ရှင်းလင်းတင်ပြချက်များကို လွှတ်တော်၏ အတည် ပြုချက်ရယူရာ လွှတ်တော်ကသဘောတူသည့်အတွက် အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီဥက္ကဋ္ဌအဖြစ် စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးသက်ပုံ၊ အတွင်းရေးမှူးအဖြစ် ချောင်းဦးမဲဆန္ဒနယ်မှ ဦးထွန်းလွင်အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းကြောင်းနှင့် အစိုးရမဟုတ်သော ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးတို့ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကျန်းမာရေးနှင့် အားကစား ဆိုင်ရာကော်မတီဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြပြီး ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကျန်းမာရေးနှင့် အားကစားဆိုင်ရာ ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာ မျိုးထွန်းနှင့် အတွင်းရေးမှူးအဖြစ် မှော်ဘီမဲဆန္ဒနယ်မှ ဒေါက်တာနေလင်းတို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးစတုတ္ထနေ့ကို ဇွန် ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment