Sunday, June 28, 2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ


 

နေပြည်တော် ဇွန် ၂၇

၂၀၂၆ ခုနှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရန် စာပေပညာတစ်ခုတည်းနှင့် မလုံလောက်ဘဲ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်စုံလင်ရန် လိုအပ်ပါကြောင်း၊ ယခုလို ပြိုင်ပွဲများမှတစ်ဆင့် မိမိတို့နိုင်ငံအတွင်းသာမက အာဆီယံဒေသတွင်းနှင့် နိုင်ငံတကာအဆင့်အထိ အဆင့်ဆင့်တက်လှမ်းနိုင်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ယခုလို ပြိုင်ပွဲများကတစ်ဆင့် ထူးချွန်ထက်မြက်သည့် တက္ကသိုလ် ကျောင်းသား ကျောင်းသူ အားကစားသမားများကို ရွေးချယ်လေ့ကျင့်ပြီး လာမည့် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲများ ASEAN UNIVERSITY GAMES (AUG) တွင်လည်း နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီး မိမိတို့တက္ကသိုလ်၏ ဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်သူများအဖြစ် ပေါ်ထွန်း လာစေရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တက္ကသိုလ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ(နှစ်ယောက်တွဲ) ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်သည့် စစ်ကိုင်းတက္ကသိုလ်အသင်းနှင့် ပခုက္ကူတက္ကသိုလ်အသင်းတို့ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးသည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ် အားကစားနည်းငါးမျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရာ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို အောက်မြန်မာပြည် ဇုန် (၄) ဇုန်နှင့် အထက်မြန်မာပြည် ဇုန် (၄) ဇုန်တို့မှ အမျိုးသားအသင်းရှစ်သင်း၊ အမျိုးသမီးအသင်းငါးသင်း၊ ဖူဆယ်ပြိုင်ပွဲတွင် အမျိုးသားအသင်းရှစ်သင်း၊ အမျိုးသမီးအသင်းလေးသင်း၊ ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသားအသင်း ခုနစ်သင်း၊ အမျိုးသမီးအသင်း ခုနစ်သင်း၊ ပိုက်ကျော်ခြင်းတွင် အမျိုးသား ၂၃ သင်းနှင့် ပြေးခုန်ပစ် ပြိုင်ပွဲတွင် အမျိုးသား အမျိုးသမီး ၁၅၄ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment