နေပြည်တော် ဇွန် ၂၈
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၆) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၀) စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့
လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဒေါက်တာမျိုးသိန်းကျော်၊
ဦးမင်းနောင်၊ ဦးကိုကိုလွင်၊ ဦးထွန်းအုံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ MSME အေဂျင်စီဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ အသင်းအဖွဲ့များမှ ပညာရှင်များနှင့် ဖိတ်ကြားထားသူများ
တက်ရောက်ကြသည်။
ဦးစွာ
လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစောက ဗဟိုကော်မတီအစည်းအဝေးတွင်
နိုင်ငံတော်သမ္မတ လမ်းညွှန်မှာကြားခဲ့သည့်အချက်များနှင့် ကမ္ဘာ့အသေးစား၊
အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ အထိမ်းအမှတ်အခမ်းအနားတွင်
ထည့်သွင်းပြောကြားခဲ့သည့် MSME
လုပ်ငန်းကော်မတီအနေဖြင့် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန်
အခြေအနေများ၊ နိုင်ငံတော်အတွက်အကျိုးရှိမည့် ဝါ၊ ဝါး၊ ရော်ဘာနှင့် ကော်ဖီတို့ကို
တိုးချဲ့စိုက်ပျိုးရေးနှင့် ကုန်ချောများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး
အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အခြေအနေများ၊ အရည်အသွေးပြည့်မီသည့်
နိုင်ငံတကာဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ကုန်ကြမ်း၊ နည်းပညာ၊
အရင်းအနှီးနှင့် ကျွမ်းကျင်လုပ်သားစသည့် ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံကို
ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် အခြေအနေများ၊
လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှသာ MSME လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းတွင် အရေအတွက်နှင့်
အရည်အသွေးနှစ်မျိုးလုံးတိုးတက်အောင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဇွန် (၂၇)
ရက်က ကျင်းပခဲ့သည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနေ့
အထိမ်းအမှတ်အခမ်းအနားတွင် MSME ထုတ်ကုန်ပြပွဲကို
စည်စည်ကားကားကျင်းပခဲ့ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် MSME ထုတ်ကုန်များကို ပြည့်ပြည့်စုံစုံပြသနိုင်ခဲ့ပြီး အမယ်သစ်များ ထပ်မံတိုးတက်အောင်
ဆောင်ရွက်ရမည့် အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်
မွေးမြူရေးလုပ်ငန်းများကို ခေတ်မီသည့်စနစ်များဖြင့် တိုးချဲ့ဆောင်ရွက်သွားရမည့်
အခြေအနေများ၊ နိုင်ငံအတွင်းစားသုံးဆီဖူလုံမှုရှိစေရန် တိုင်းဒေသကြီးနှင့်
ပြည်နယ်အလိုက် ဆီထွက်သီးနှံအမျိုးမျိုးကို တိုးချဲ့စိုက်ပျိုးပြီး ထွက်ရှိလာသည့်
ဆီထွက်သီးနှံများကို အဆင့်မီဆီသန့်များ ထုတ်လုပ်နိုင်ရေးအတွက် ဆီစက်များကို
အဆင့်မြှင့်တင်ရမည့် အခြေအနေများ၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်တစ်ခုဖြစ်သည့်
ဒေသတစ်ခုထုတ်ကုန်တစ်ခုစီမံကိန်းသည် နိုင်ငံတကာတွင်လည်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး
ထုတ်ကုန်အမယ်သစ်များ ထုတ်လုပ်ရာတွင် ပြည်တွင်း၌ရှိသည့် ကုန်ကြမ်းများကိုသာအသုံးပြုနိုင်မည့်
အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သဘာဝပတ်ဝန်းကျင်များကို
တရားမဝင်သုံးစွဲခြင်းမပြုဘဲ စနစ်တကျသုံးစွဲရန်နှင့် စက်ရုံ၊ အလုပ်ရုံများ၊ ရေ၊
လျှပ်စစ်မီး၊ အခြေခံအဆောက်အအုံများ စနစ်တကျရရှိရန်လိုအပ်မှု အခြေအနေများ၊
ဉာဏ်ရည်တုနည်းပညာ (AI) အပါအဝင် ခေတ်မီနည်းပညာများကို
အသုံးပြုရေးနှင့် ဒေသတွင်း MSME လုပ်ငန်းများကို
အချိန်တိုအတွင်း မြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် Quick Win ဖြစ်မည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရမည့် အခြေအနေများကို
ဆွေးနွေးမှာကြားသည်။
ထို့နောက်
လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် MSME အေဂျင်စီဥက္ကဋ္ဌတို့က
လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၅) ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်
လုပ်ငန်းကော်မတီသို့ တင်ပြလာသည့် အမှာစာများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်
လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံတော်၏ မူဝါဒများနှင့်အညီ
လုပ်ငန်းကော်မတီက ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍
ရှင်းလင်းတင်ပြသည်။
ဆက်လက်၍
လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊
ဒုတိယဝန်ကြီးများနှင့် အသင်းအဖွဲ့များမှ ပညာရှင်များက စိုက်ပျိုးရေးကို အခြေခံသည့်
ကုန်ထုတ်လုပ်မှုတိုးတက်စေရန်နှင့် ကုန်ထုတ်လုပ်မှုမှတစ်ဆင့် ရောင်းဝယ်မှု၊
ဝန်ဆောင်မှုကွင်းဆက်တစ်လျှောက် တိုးတက်အောင် ဆောင်ရွက်သွားမည့်အခြေအနေ၊
ပြည်တွင်းကုန်ကြမ်းကို အသုံးပြုပြီး စိုက်ပျိုးရေးအခြေခံ
ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သော ဝါ၊ ဝါး၊ ရော်ဘာ၊ ကော်ဖီလုပ်ငန်းများကို
အားပေးမြှင့်တင်ဆောင်ရွက်နေမှုအခြေအနေ၊ SME ဥပဒေအရ MSME လုပ်ငန်းကော်မတီ၏
လုပ်ငန်းတာဝန် (၁၄) ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊
လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍဖွံ့ဖြိုးရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု
အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက်
လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက အသေးစား၊ အငယ်စားနှင့် အလတ်စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တင်ပြချက်များအပေါ်
ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို
ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)

No comments:
Post a Comment