Friday, June 26, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကျင်းပ

 

နေပြည်တော် ဇွန် ၂၅

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံသားမှတ်ပုံတင်လျှောက်ထားရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ ဖြေရှင်းပေးနိုင်ရေး၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP)စာအုပ်လွယ်ကူလျင်မြန်စွာ ထုတ်ယူရရှိနိုင်ရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းတည် ငြိမ်စေရေး၊ ဒေသခံဆရာဝန်များပေါ်ထွန်းရန် ဆေးတက္ကသိုလ်များတွင် တက်ရောက်ခွင့်ရရှိရေး၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ သတ်မှတ်စံနှုန်းဖြစ်စေရေး၊ ဆောက်လုပ်ဆဲ ကျောင်းဆောင်များ အပြီးသတ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်း ၈ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဦးစွာ ကျေးသီးမဲဆန္ဒနယ်မှ ဒေါ်နန်းတင်ဦး၏ ကျေးသီးနှင့် မိုင်းကိုင်မြို့နယ်များတွင် နိုင်ငံသား မှတ်ပုံတင်လျှောက်ထားရာတွင် ရက်ချိန်းမမှန်ခြင်း၊ ပိုက်ဆံအဆမတန်တောင်းခံခြင်းများအား အစိုးရမှ အောက်ခြေဌာနဝန်ထမ်းများထံသို့ ညွှန်ကြားစာများ ထုတ်ဆင့်ပေးပါရန်သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် ပြည်သူလူထုကို ဝန်ဆောင်မှုပေးရသည့်ဌာနဖြစ်ပြီး ပြည်သူလူထုမှ မိမိဌာနသို့ လုပ်ငန်းများလာရောက် ဝန်ဆောင်မှုရယူရာတွင် အကြိမ်ကြိမ်ချိန်းဆိုခြင်းနှင့် အချိန်ကြန့်ကြာမှုမဖြစ်ပွားစေရေးအတွက် အလေးအနက်ထား လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားပါကြောင်း၊ နိုင်ငံသားလုပ်ငန်းနှင့်ပတ်သက်၍ ကြန့်ကြာမှုမရှိစေရေးအတွက် ညွှန်ကြားထားရှိပြီး အထောက်အထားပြည့်စုံသည့် မွေးရာပါနိုင်ငံသားများအား နေ့ချင်းပြီးထုတ်ပေးရန်နှင့် လိုင်စင်ဓာတ်ပုံ၊ သွေး အုပ်စုစစ်ဆေးချက် မပြည့်စုံသောသူများအား ၁၄ ရက်အတွင်း ထုတ်ပေးရန်၊ ဥပဒေအရ နိုင်ငံသားများနှင့်ပတ်သက်၍ မြို့နယ်ရုံးတွင် ၇ ရက်အတွင်း အမှုတွဲပြုစုပြီး ခရိုင်ဦးစီးမှူးက ရက် ၃ဝ အတွင်း လက်မှတ် ရေးထိုးရန် ညွှန်ကြားထားရှိပါကြောင်း၊ ဧည့်နိုင်ငံသား နှင့် နိုင်ငံသားပြုခွင့်ရသူများ အမှုတွဲများနှင့်ပတ်သက်၍ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် နိုင်ငံသားစုံစမ်း စစ်ဆေးရေးအဖွဲ့များမှစိစစ်ပြီး ဦးစီးဌာန(ရုံးချုပ်)မှ ဗဟိုအဖွဲ့သို့ အဆုံးအဖြတ်ခံယူနိုင်ရေး တင်ပြဆောင်ရွက်ရပါကြောင်း။

မြို့နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများသည် မိခင်ဌာနလုပ်ငန်းများအပြင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ် နိုင်ငံတော်မှ တာဝန်ပေးအပ်ထားသဖြင့် လုပ်ငန်းသဘာဝအရ ကွင်းဆင်းဆောင်ရွက်ရသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ရပါကြောင်း၊ သို့ဖြစ်၍ မြို့နယ်ဦးစီးမှူးများအနေဖြင့် မြို့နယ်ရုံးများတွင် အချိန်ပြည့်တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိသည့်အတွက် ပြည်သူများအား ပြန်လည် ချိန်းဆိုရသည့် ဖြစ်စဉ်များလည်း ရှိနိုင်ပါကြောင်း။

လုပ်ငန်းဆောင်ရွက်မှု အဆင်မပြေသဖြင့် တိုင်ကြားမှုများအား ဝန်ကြီးဌာနအနေဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းစစ်ဆေး၍ မှန်ကန်ပါက တာဝန်ရှိသူဝန်ထမ်းများကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိသကဲ့သို့ ရှမ်းပြည်နယ်တွင် နိုင်ငံသားလုပ်ငန်းများနှင့်ပတ်သက်၍ ငွေကြေး တောင်းခံမှုဖြစ်စဉ် စစ်ဆေးပေါ်ပေါက်သဖြင့် အရာထမ်း ၄ ဦး၊ အမှုထမ်း ၈ ဦးအား နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေနှင့်အညီ အရေးယူခဲ့ပြီး အခကြေးငွေရယူ၍ နိုင်ငံသားလုပ်ငန်းဆောင်ရွက်ပေးသည့် ပွဲစား ၃၀ အား သက်ဆိုင်ရာ မြို့နယ်များတွင် ရာဇသတ်ကြီး ဥပဒေအရ အရေးယူထားရှိပြီး ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်မေးမြန်းသည့် ကိစ္စနှင့် ပတ်သက်၍ ခရိုင်ဦးစီးမှူးများ ဦးဆောင်သည့် ရှေးဦးစုံစမ်းရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး စုံစမ်းရေးအဖွဲ့များအနေဖြင့် ကျေးသီးမြို့နယ်တွင် မိမိဌာနမှ ဝန်ထမ်း ၂ ဦး၊ နိုင်ငံသားလုပ်ငန်းဆောင်ရွက်သူ ပြည်သူ ၅ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် မိုင်းကိုင်မြို့နယ်တွင် မိမိဌာနမှ ဝန်ထမ်း ၆ ဦး၊ နိုင်ငံသား လုပ်ငန်းဆောင်ရွက်သူ ပြည်သူ ၄ ဦး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၃ ဦးတို့အား စစ်ဆေးခဲ့ပြီး ဖြစ်စဉ်ပေါ်ပေါက်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသဖြင့် ငွေကြေးပေးဆောင်ရပါက နစ်နာသူမှ တိကျစွာတိုင်ကြားပေးမှသာလျှင် ဌာနအနေဖြင့် အရေးယူဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မူဆယ်မဲဆန္ဒနယ်မှ ဦးအောင်ဇော်မိုး(ခ) အောင်ဇော်မိုးထွန်း၏ မူဆယ်မြို့ဒေသခံများ တရုတ်နိုင်ငံ ရွှေလီမြို့သို့ဝင်ရောက်ရန် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP) စာအုပ် လျင်မြန်လွယ်ကူစွာရရှိရေး ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP) စာအုပ်ကို နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့်ပုဂ္ဂိုလ်များ၊ နယ်စပ်တွင်နေထိုင်သူများမှ သတ်မှတ်လျှောက်ထားရမည့် ပုံစံများတွင် ဖြည့်စွက်လျှောက်ထားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်၊ ခရိုင်ဝန်ထမ်းများမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား၊ ဧည့်နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံသားပြုခွင့်စိစစ်ရေးကတ်ပြား၊ UID ကတ်၊ အိမ်ထောင်စု လူဦးရေစာရင်း စသည်တို့ဖြင့် အချက်အလက်များ မှန်ကန်ခြင်း ရှိ/မရှိ ကာယကံရှင်နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ အမည်မည်းစာရင်းနှင့် တရားခံပြေးစာရင်းတွင် ပါဝင်ခြင်း ရှိ/မရှိတို့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းစိစစ်၍ အချက်အလက်မှန်ကန်သူတရားခံပြေးစာရင်းနှင့် အမည်မည်းစာရင်း ကင်းရှင်းသူများကို နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP) စာအုပ်ထုတ်ပေးခြင်းဖြစ်ပါကြောင်း။

နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP) စာအုပ်ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ မသမာမှုများလုပ်ဆောင် နေကြောင်းတွေ့ရှိပါက နစ်နာတိုင်ကြားသူများအနေဖြင့် အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ ပြည့်စုံစွာဖြင့် မသမာမှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာ၊ နေ့ရက်၊ အချိန်၊ တာဝန်ကျဝန်ထမ်း အမည်တို့ကို ဖော်ပြတိုင်ကြားနိုင်ပြီး မိမိတို့ဝန်ကြီးဌာနမှ စိစစ်ဖော်ထုတ်၍ မှန်ကန်ပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပါကြောင်း။

ကွတ်ခိုင်မြို့နယ် (တာမိုးညဲအပါအဝင်) သည် ကွတ်ခိုင်ခရိုင်အတွင်း ပါဝင်ခဲ့သောကြောင့် အဆိုပါ ဒေသခံများအား နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP) စာအုပ်ထုတ်ပေးခြင်းမရှိနိုင်တော့ကြောင်း၊ ကွတ်ခိုင်ဒေသမှ ဒေသခံပြည်သူလူထုများသည်လည်း တိုက်ပွဲ ဖြစ်စဉ်များကြောင့် မူဆယ်ဒေသတွင် လာရောက် နေထိုင်နေလျက်ရှိသဖြင့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (BP) စာအုပ်ထုတ်ပေးပါက ပိုမိုအဆင်ပြေ နိုင်မည်ဖြစ်ကြောင်း အကြံပြုချက်နှင့်စပ်လျဉ်း၍ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာချုပ်အပိုဒ် ၂၀ အရ မူဆယ်နယ်စပ်ဒေသခရိုင်အတွင်း နေထိုင်သူများကို သတ်မှတ်လုပ်ထုံးလုပ်နည်း များနှင့်အညီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP)စာအုပ်ထုတ်ပေးနေခြင်းဖြစ်သဖြင့် တိုက်ပွဲဖြစ်စဉ်များကြောင့် လုံခြုံစိတ်ချရသည့် မူဆယ်မြို့သို့လာရောက် နေထိုင်သော ကွတ်ခိုင် (တာမိုးညဲအပါအဝင်) ဒေသမှ ဒေသခံပြည်သူများသည်လည်း သတ်မှတ်ချက်များနှင့်အညီ ကွတ်ခိုင်မှ မူဆယ်သို့ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့နေထိုင်မည်ဆိုပါက နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(BP)စာအုပ်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ပေးရန် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

နောင်ချိုမဲဆန္ဒနယ်မှ ဦးကျော်မြင့်နိုင်၏ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့များတွင် အစိုးရ စက်သုံးဆီခွဲဝေပေးမှုမရရှိခြင်းကြောင့် မြို့နယ်အသီးသီးသို့ စက်သုံးဆီခွဲဝေပေးမှု မည်သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စက်သုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် အစဉ်တစိုက်စီမံ ဆောင်ရွက်ပေးလျက်ရှိပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအတွင်း နယ်မြေဒေသအခြေအနေ ကောင်းမွန် တည်ငြိမ်စဉ်က အဆိုပါစက်သုံးဆီအရောင်းဆိုင်များ တစ်ရက် 92 RON လီတာခြောက်သိန်းခန့်၊ 95 RON လီတာ ငါးသောင်းခွဲခန့်၊ ဒီဇယ်လီတာ သုံးသိန်းခန့်နှင့် ပရီမီယမ်ဒီဇယ် လီတာငါးသိန်းခွဲခန့်တို့ကို ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှတစ်ဆင့် ကျောက်မဲမြို့နှင့် သီပေါမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်များအတွက် စက်သုံးဆီ ခွဲတမ်း(Purcahase Order –PO)နောင်ချိုမြို့၊ လားရှိုးမြို့နယ် တန့်ယန်း၊ မိုင်းရယ်နှင့် နမ့်လန်မြို့နယ်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များအတွက် စက်သုံးဆီ ခွဲတမ်း PO ကို ၂၀၂၄ ခုနှစ် ဩဂုတ်အထိ ခွင့်ပြုပေးခဲ့ ပြီးနောက်ပိုင်း နယ်မြေဒေသအခြေအနေအရ ယာယီ ရပ်ဆိုင်းထားခဲ့ရပါကြောင်း၊ လက်ရှိအချိန်အထိ လမ်းခရီးတွင် အဆင့်ဆင့်ခွင့်ပြုချက်များ ရယူသွားလာနေရပြီး စက်သုံးဆီသယ်ယူမှု အဆင်ပြေချောမွေ့ မှုမရှိသေးသည့် အခြေအနေဖြစ်ကြောင်း သုံးသပ်ရပါသဖြင့် စက်သုံးဆီခွဲတမ်းအား ဆက်လက်ယာယီ ရပ်ဆိုင်းထားခဲ့ပါကြောင်း။

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ပတ်သက်၍ နယ်မြေဒေသအခြေအနေနှင့် စက်သုံးဆီများ သယ်ဆောင်မည့် လမ်းခရီးအခြေအနေတို့ အဆင်ပြေချောမွေ့ ကောင်းမွန်ခြင်းရှိ/မရှိ စဉ်ဆက်မပြတ်စောင့်ကြည့် လျက်ရှိပါကြောင်း၊ နိုင်ငံတော်အရန် စက်သုံးဆီ အလုံအလောက်ရှိနေခြင်းကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မြို့များသို့ စက်သုံးဆီဖြန့်ဖြူးပေးပို့နိုင်ရန် အခက်အခဲမရှိသော်လည်း စက်သုံးဆီများကို မသက်ဆိုင်သည့်အဖွဲ့အစည်းများသို့ မရောက်ရှိအောင် ထိန်းသိမ်းကြပ်မတ်ရန်အတွက်မူ များစွာ ခက်ခဲလှပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ မြို့နယ်များအတွက် နယ်မြေဒေသတည်ငြိမ်မှုရှိပြီး စက်သုံးဆီများသယ်ယူပို့ဆောင်မည့် လမ်းခရီးအဆင်ပြေချောမွေ့ ကောင်းမွန်ချိန်တွင် စက်သုံးဆီ ခွဲတမ်း ပြန်လည်ခွင့်ပြုပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ကမာရွတ်မဲဆန္ဒနယ်မှ ဦးကိုကိုသင်း၏ စက်သုံး ဆီပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေး အတွက် ခိုင်မာသောမဟာဗျူဟာမြောက် အရန်ဆီသိုလှောင်မှုစနစ်(Strategic Petroleum Reserve) ဖော်ဆောင်ရန်နှင့် တင်သွင်းဖြန့်ဖြူးမှုကွင်းဆက်ကို စနစ်တကျ ထိန်းကျောင်းပေးနိုင်သည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက မြန်မာနိုင်ငံ၏ စက်သုံးဆီအရင်းအမြစ်သည် တင်သွင်းမှုအခြေခံစနစ်ဖြစ်ပြီး လက်ရှိတွင် စက်သုံးဆီတင်သွင်းမှုအား စင်ကာပူ Source တစ်ခုတည်းကို Trading Hub အဖြစ် မှီတည်နေရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် “နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေးအတွက် မတူညီသည့် အရင်းအမြစ်၊ လမ်းကြောင်းများမှ စွမ်းအင်တင်သွင်းမှုနည်းလမ်းများကို အကောင်အထည်ဖော်ရန်နှင့် ကမ္ဘာ့နိုင်ငံများနှင့် စွမ်းအင်ကုန်သွယ်မှုလုပ် ငန်းများမြှင့်တင်ဆောင်ရွက်ရန်” ဆိုသည့်မူဝါဒကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် စက်သုံးဆီတင်သွင်းမှု ပြတ်လပ်ခြင်းမဖြစ်စေရန်နှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်တို့အတွက် အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် Long-term Supply Agree-ment များ ချုပ်ဆိုနိုင်ရေးကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

Supply Chain တစ်လျှောက် မလိုအပ်သော ကုန်ကျစရိတ်များ လျှော့ချနိုင်ရေးနှင့် စက်သုံးဆီ တင်သွင်းရေးလုပ်ငန်းစဉ်အတွင်း စနစ်တကျစီမံ ဆောင်ရွက်နိုင်ရေးတို့အတွက် သိုလှောင်ကန်များ တွင် ATG (Automatic Tank Gauge) စနစ်၊ ဆီတင် ကား GPS စနစ်၊ လက်လီအရောင်းဆိုင်များတွင် QR Code စနစ်ဖြင့် Real Time Monitoring စောင့်ကြည့်ခြင်းများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း စွမ်းအင်ဖူလုံမှုရှိစေရေးအတွက် အစီအမံများချမှတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ သင့်တင့်မျှတသည့် တန်ဖိုးနှုန်းထားဖြင့် အသုံးပြုခွင့် ရရှိစေရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီဖြန့်ဖြူးမှု ကွင်းဆက်တစ်လျှောက် စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

လဲချားမဲဆန္ဒနယ်မှ စိုင်းစိန်ဝင်း၏ ဒေသဆရာဝန် များပေါ်ထွန်းရန် ခရိုင်၊ မြို့နယ်အလိုက် ခွဲတမ်းဖြင့် ဆေးကျောင်းတက်နိုင်မည့် အခွင့်အလမ်းဖွင့်ပေးရန် မူဝါဒရေးဆွဲပေးရေး အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဒေသစရိတ်ခံစားခွင့်ရှိပြီး သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ “ဝ” ) တို့ရှိ စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများကို အထူးကိစ္စရပ်အနေဖြင့် ဆေးတက္ကသိုလ်များသို့ တက်ရောက် ခွင့်ပြုနိုင်ရေးအတွက် နိုင်ငံပိုင်သတင်းစာများနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့၏ Website တို့တွင် နှစ်စဉ်ကြော်ငြာထည့်သွင်းပြီး လျှောက်လွှာခေါ်ယူခဲ့ပါကြောင်း။

ဒေသအလိုက် ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက် ထားသူများအနက်မှ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများကို နှစ်စဉ်ဆေးတက္ကသိုလ်များ၏ မူလပုံမှန်ဝင်ခွင့်ပြု အနိမ့်ဆုံးရမှတ်အောက်လျှော့ပေါ့ ပြီး တက်ရောက်ခွင့်ပြုခဲ့သည့်အနက် ၁၀၀ ကျော် ဆေးပညာဘွဲ့ ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနက ဒေသဆရာဝန်များ ပေါ်ထွန်းရန်အတွက် ခရိုင်၊ မြို့နယ်အလိုက် ခွဲတမ်းသတ်မှတ်၍မရဘဲ ဒေသအလိုက်လျှောက်ထားမှု၊ တက်ရောက်ခွင့်ရရှိခဲ့မှု၊ တာဝန်ထမ်းဆောင်မှု၊ လက်ထောက်ဆရာဝန် လစ်လပ်မှုအပေါ်မူတည်ပြီး ဝေးလံခက်ခဲဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများကို မူလပုံမှန်ဝင်ခွင့်ပြု အနိမ့်ဆုံးရမှတ် အောက်လျှော့ပေါ့ပြီး ဆေးတက္ကသိုလ်တက်ရောက် ခွင့်ပြုရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့် မောင်၏ Grade 11 ENGLISH TEXTBOOK Unit 6 TRAVEL IN SOUTHEAST ASIA II 6 A Reading “Myanmar” Page 59 တွင် ဖော်ပြထားသည့် “old pagodas” အစား “ ancient monuments ” လို့ ပြင်ဆင်သင်ကြားပေးရန် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က မေးခွန်းနှင့်စပ်လျဉ်း၍ သရုပ်ခွဲကြည့်ရာ ဝေါဟာရအသုံးအနှုန်းနှင့် အရေအတွက်ဆိုပြီး နှစ်ပိုင်းတွေ့ရှိရပါကြောင်း၊ ဝေါဟာရ အသုံးအနှုန်းအနေနှင့် မြန်မာစာအဖွဲ့က ထုတ်ဝေသည့် အင်္ဂလိပ်-မြန်မာ အဘိဓာန်တွင် Pagodas ကို “စေတီပုထိုးများ” ဟု လည်းကောင်း၊ Monuments ကို “အထိမ်းအမှတ်အဆောက်အအုံ၊ မော်ကွန်းတိုင်၊ ရုပ်တု၊ ထိန်းသိမ်းစောင့်ရှောက် ထားသော သမိုင်းဝင်အဆောက်အအုံ ထင်ရှားသော သာဓက”ဟုလည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါ ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် ထုတ်ဝေသည့် Oxford Advanded learns Dictionary(11th edition)တွင် Pagoda ကို temple ဟု define လုပ်ထားပါကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယူနက်စကိုကမ္ဘာ့အမွေအနှစ်စင်တာသို့တင်ပြသော ကမ္ဘာ့အမွေအနှစ်အဆိုပြုလွှာစာတွဲ၌ “Bagan includes 3595 surviving monuments” ဟု ဖော်ပြထားသည် ကိုတွေ့ရှိရပါကြောင်း၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပညာရေးဝန်ကြီးဌာနသို့ ပြန်ကြားစာတွင် ၂၀၁၈ ခုနှစ် ကမ္ဘာ့အမွေအနှစ်စင်တာသို့ တင်ပြခဲ့သည့် ရှေးဟောင်းအဆောက်အအုံ (Monuments) တင်ပြထားပါကြောင်း။

သင်ရိုးညွှန်းတမ်းပြုစုရာတွင် သုတေသနစာတမ်း အနေဖြင့်မဟုတ်ဘဲ သင်ကြားရေးရှုထောင့်အနေဖြင့် ရေးသားပြုစုကြပါကြောင်း၊ ရှေးယခင် ကျောင်း သင်ခန်းစာများတွင် “လှည်းဝင်ရိုးသံ တညံညံ ပုဂံ ဘုရားပေါင်း” ဆိုပြီး “ဘုရား”ဟုသုံးနှုန်းသင်ကြားခဲ့ပါကြောင်း၊ Grade-11 Textbook ပြုစုစဉ်ကလည်း ဘာသာရပ်ပါမောက္ခကြီးများက သင်ကြားရေးရှုထောင့်ဖြင့် old pagodas ဟု သုံးနှုန်းပြုစုခဲ့ခြင်း ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိသင်ရိုးညွှန်းတမ်းများကို ပြန်လည်သုံးသပ် တည်းဖြတ်လျက်ရှိပါ ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်၏ ယခုအကြံပြုချက်ကို အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီနှင့် ဘာသာရပ်သင်ကြားရေးအဖွဲ့ ပညာရှင်ပါမောက္ခကြီးများက အလေးအနက်ထားကာ ခိုင်လုံသောဝေါဟာရ အသုံးအနှုန်းနှင့်အရေအတွက်ကို လိုအပ်သလိုစိစစ် တည်းဖြတ်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးသက်ပုံ၏ စစ်ကိုင်းမြို့နယ်ရှိ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းများ၌ ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်စံနှုန်းများဖြင့် များစွာကွဲပြားနေကြောင်း တွေ့ရှိရသဖြင့် နိုင်ငံတော်က စီမံကြပ်မတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အမျိုးသားသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ပုဂ္ဂလိကအခြေခံပညာအထက်တန်း၊ အလယ်တန်း၊ အခြေခံပညာမူလတန်းကျောင်း ၉၇ ကျောင်းဖွင့်လှစ် ခွင့်ရရှိခဲ့ပါကြောင်း၊ ပုဂ္ဂလိကကျောင်းများတွင် အတန်းကျော်အပ်နှံခြင်း၊ ကျောင်းသားများ အမှန်တကယ် ကျောင်းတက်ရောက်ခြင်းမရှိဘဲ အမည်စာရင်းသာ သွင်းထားခြင်း၊ ကျောင်းသားဝင်ဆံ့အင်အားထက် ပိုမိုလက်ခံထားခြင်း စသည့်အခြေအနေများဖြစ်ပွား ခဲ့သည့်အတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ထိုသို့သောပြဿနာများမဖြစ်ပေါ်စေရေးအတွက် ပညာရေးဝန်ကြီးဌာနမှ စနစ်တကျကြပ်မတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကကျောင်းများတွင် သင်ကြားသင်ယူမှုလုပ်ငန်းများ စနစ်တကျနှင့် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေးအတွက် အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက် လျက်ရှိပါကြောင်း။

သာသနာရေးဝန်ကြီးဌာနသည် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများအား အဆောက်အအုံနှင့် ကျောင်းသုံးပရိဘောဂပြည့်စုံပြီး အရည်အချင်းပြည့်ဝသော ဆရာ၊ ဆရာမ အင်အားရှိ၍ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်သောကျောင်းဖြစ်ကြောင်း အဆင့်ဆင့် ထောက်ခံတင်ပြမှသာ ဖွင့်လှစ်ခွင့် ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ ဆရာ၊ ကျောင်းသား စာရင်းများ မှန်ကန်မှုရှိစေရေး၊ ခွင့်ပြုအတန်းအဆင့်ထက် ကျော်လွန်သင်ကြားမှု မရှိစေရေးအတွက်ကိုလစဉ် စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သင်ကြားရေး၊ သင်ယူမှုလုပ်ငန်းစဉ်များကို ချမှတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်လမ်းညွှန်ပေးလျက်ရှိပါကြောင်း။

ထို့ပြင် ကျောင်းသားဝင်ဆံ့ဦးရေအရ ကျောင်းအပ်လက်ခံဆောင်ရွက်ရေး၊ စာသင်ခန်း၊ စာသင်ခုံနှင့် ဆရာအင်အား ပြည့်စုံလုံလောက်မှုရှိစေရေး စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး သတ်မှတ် စံနှုန်းများနှင့်ကိုက်ညီအောင် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

အုတ်တွင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်၏ အုတ်တွင်း မြို့နယ် အ.ထ.က (အုတ်တွင်း)ကျောင်းမှ (၄)ခန်းတွဲ (၃)ထပ် ကျောင်းဆောင်၊ ဇီးဖြူသောင်အုပ်စု၊ ပဲကြီးကုန်းကျေးရွာ (အခြေခံပညာ အလယ်တန်းကျောင်းခွဲ)ရှိ တစ်ထပ်ကျောင်းဆောင်နှင့် ဘန့်ဘွေးပင်ကျေးရွာ၊ မူလွန်ကျောင်း၊ (၁)ထပ် ကျောင်းဆောင်တို့အား တာဝန်ယူတည်ဆောက်ခဲ့သည့် တင်ဒါအောင်ကုမ္ပဏီတို့မှ ရပ်တန့်ထားသော လုပ်ငန်းဆောင်ရွက်မှုတို့အား မည်သည့်အချိန်တွင် ပြန်လည်စတင်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အုတ်တွင်းမြို့နယ်အတွင်းရှိ အ.ထ.က-အုတ်တွင်း RCC ၃ ထပ်ကျောင်းဆောင် အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ်၆၁၅ ဒသမ၂၃၉ သန်းဖြင့်ဆောင်ရွက်ခဲ့ပြီး မြေပြင်ပြီးစီးမှုရာခိုင်နှုန်းမှာ ၄၅ ရာခိုင်နှုန်းသာပြီးစီးပြီး ၅၅ ရာခိုင်နှုန်း ဆောင်ရွက်ရန်ကျန်ရှိနေပါကြောင်း၊ အလက(ခွဲ)-ပဲကြီးကုန်းတွင် ပေ (၆၀x၃၀) ၁ ထပ်ကျောင်းဆောင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေ ကျပ် ၃၅ ဒသမ ၈၂ဝ သန်းနှင့် ဆောင်ရွက်ခဲ့ပြီး မြေပြင်ပြီးစီးမှု ရာခိုင်နှုန်းမှာ ၅၀ ရာခိုင်နှုန်းသာ ပြီးစီးပြီး ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ရန်ကျန်ရှိနေပါကြောင်း၊ မူလွန် ဘန့်ဘွေးပင်တွင် ၁ ထပ်ကျောင်းဆောင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ် ၅၃ ဒသမ ၇၈၀ သန်းနှင့် ဆောင်ရွက်ခဲ့ပြီး မြေပြင်ပြီးစီးမှု ရာခိုင် နှုန်းမှာ ၅၀ ရာခိုင်နှုန်းသာပြီးစီးပြီး ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ရန် ကျန်ရှိနေကြောင်း စိစစ်တွေ့ရှိရပါ ကြောင်း၊ အဆိုပါလုပ်ငန်း ၃ ခုသည် ကုမ္ပဏီ၏ အားနည်းချက်ကြောင့် လုပ်ငန်းများပြန်လည်အပ်နှံရ ခြင်းဖြစ်ပါသဖြင့် စာချုပ်ပါစည်းကမ်းနှင့်အညီ လုပ်ငန်းအာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူပြီး လုပ်ငန်းလုပ်ပိုင်ခွင့် ရပ်ဆိုင်းထားပြီးဖြစ်ပါကြောင်း။

ယခုကဲ့သို့ မပြီးပြတ်သေးသည့် လုပ်ငန်းများကို အပြီးသတ် ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိဒေသ ပေါက်ဈေးနှုန်းများအရ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတ်မှတ် PAE နှုန်းထားများနှင့်အညီ စီမံကိန်း တန်ဖိုးပြောင်းလဲ ဆောင်ရွက်ရမည်ဖြစ်ပြီး စီမံကိန်း တန်ဖိုးပြောင်းလဲဆောင်ရွက်ရာတွင် နိုင်ငံပိုင်ကဏ္ဍ ငွေလုံးငွေရင်းစရိတ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်း သို့မဟုတ် လုပ်ငန်းစီမံကိန်းများ၏ ခန့်မှန်းစီမံကိန်း တန်ဖိုးပြောင်းလဲခြင်းနှင့်စပ်လျဉ်းပြီး အမိန့်ကြော်ငြာစာအရ အမျိုးသားစီမံကိန်းဥပဒေတွင် ထည့်သွင်းအတည်ပြုနိုင်ရန် နောက်ဆုံးထားတင်ပြခြင်းများ ဆောင်ရွက်ရပါကြောင်း။

သို့ဖြစ်ပါ၍ အုတ်တွင်းမြို့နယ်မှ မပြီးပြတ်သေးသော လုပ်ငန်း ၃ ခုအား မြေပြင်တွင် အမှန်တကယ် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ ကို စိစစ်ဆောင်ရွက်ပြီး စီမံကိန်းတန်ဖိုးပြောင်းလဲဆောင်ရွက်ခွင့် ရရှိသည့်အခါ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေမှ ခွင့်ပြုနိုင်ရေးလျာထားတင်ပြခြင်းများကိုဆောင်ရွက်၍ အပြီးသတ်နိုင်ရေး လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီးအစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ဇွန် ၂၉ ရက် တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment