(၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်)
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (ဘင်းမ်စတက်) ၏ (၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့ မင်္ဂလာ အခါသမယတွင် မိမိအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများ ကိုယ်စား ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအစိုးရများ၊ ပြည်သူများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးရုံးတို့ကို နွေးထွေးစွာ နှုတ်ခွန်းဆက်သလျက် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ဗန်ကောက်ကြေညာစာတမ်းမှတစ်ဆင့်
ပေါ်ပေါက်လာသည့် ဘင်းမ်စတက်အဖွဲ့ကြီးသည် တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့်
မိတ်ဖက်စိတ်ဓာတ်ဟူသော အခြေခံမူများကို လိုက်နာလျက် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ဒေသဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်
လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကို အရှိန်အဟုန်မြှင့်တင်ရန်အတွက် အရေးပါသော ပလက်ဖောင်းတစ်ခုအဖြစ်
ရပ်တည်လျက်ရှိပါသည်။
နှစ်ဆယ့်ကိုးနှစ်တာကာလအတွင်း
ဘင်းမ်စတက်အဖွဲ့သည် ၎င်း၏ အဖွဲ့အစည်းဆိုင်ရာ မူဘောင်များကို ခိုင်မာစေရန်နှင့် ဦးစားပေးကဏ္ဍများတွင်
ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ရန် အတွက် မြဲမြံစွာဆက်လက်ဆောင်ရွက်နိုင်ခဲ့ပါသည်။
ဤသို့ စုပေါင်းအားထုတ်မှုများသည် အဖွဲ့အစည်း၏ ထိရောက်မှုကို မြှင့်တင်ပေးရုံသာမက ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအတွက်
အနှစ်သာရရှိသော ၎င်း၏အခန်းကဏ္ဍကိုလည်း ပိုမိုခိုင်မာစေခဲ့ပါသည်။
လာမည့်နှစ်တွင်
ဘင်းမ်စတက်အဖွဲ့တည်ထောင်မှု နှစ် (၃၀) ပြည့်မြောက်မည်ဖြစ်ရာ မိမိတို့အနေဖြင့် ရရှိခဲ့သည့်အောင်မြင်မှုများကို
ပြန်လည်သုံးသပ်၍ ပိုမိုမြင့်မားသော ရည်မှန်းချက် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားရမည်ဖြစ်ပါသည်။
ဘင်းမ်စတက်အဖွဲ့ကို မိမိတို့၏ ပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ဖော်ဆောင်ပေးနိုင်သည့်
ပိုမိုထိရောက်သော၊ ရလဒ်ကို အခြေခံသော၊ တုံ့ပြန်မှုအားကောင်းသော ဒေသဆိုင်ရာအဖွဲ့ အစည်းတစ်ခုအဖြစ်
ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိမိတို့ အတူတကွလက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါသည်။
ဘင်းမ်စတက်အထိမ်းအမှတ်နေ့သည်
မိမိတို့ဒေသအတွင်းရှိ ကြီးမားသော အလားအလာများနှင့် ထိုအလားအလာများကို အသုံးချရာတွင်
ညီညွတ်မှု၏ အရေးပါပုံကို သတိပြုမိစေရန် နှိုးဆော် ပေးသည့် အချိန်အခါသမယပင်ဖြစ်ပါသည်။
မိမိတို့အားလုံး စုပေါင်း၍ လက်ရှိမျိုးဆက်နှင့် နောင်မျိုးဆက်သစ်များအတွက် ပိုမိုကြံ့ကြံ့ခံနိုင်ပြီး
တက်ကြွကာ ပြည်သူကိုဗဟိုပြုသော ဘင်းမ်စတက်အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားကြရန် တိုက်တွန်းအပ်
ပါသည်။
No comments:
Post a Comment