Tuesday, June 16, 2026

ယွန်းဆွဲကြိုး၊ ယွန်းနားဆွဲနှင့် ယွန်းလက်ကိုင်အိတ်ဖက်ရှင်များအပေါ် လူငယ်များ၏ စိတ်ဝင်စားမှု မြင့်တက်လာ

 

ရန်ကုန် ဇွန် ၁၅

ပြည်တွင်းဈေးကွက်၌ ယွန်းဆွဲကြိုး၊ ယွန်းနားဆွဲနှင့် ယွန်းလက်ကိုင် အိတ်ဖက်ရှင်များအပေါ် လူငယ်များ၏ စိတ်ဝင်စားမှုမြင့်တက်လာကြောင်း Bagan House Lacquerware မှ သိရသည်။

ယနေ့ခေတ် လူငယ်များဖက်ရှင်နှင့်ပတ်သက်၍ အလှအပအသုံး အဆောင်ပစ္စည်းများအပေါ် စိတ်ဝင်စားမှု မြင့်တက်လာသည့်အလျောက် မိမိ၏ကိုယ်ပိုင်ပုံစံကို ထင်ဟပ်ပြသနိုင်သည့် အသုံးအဆောင်များအပေါ်လည်း စိတ်ဝင်စားမှုများရှိကြပြီး ခေတ်နှင့်အညီဖန်တီးထားသည့် ယွန်းဆွဲကြိုး၊ ယွန်းလက်ကိုင်အိတ်၊ ယွန်းနားဆွဲ အစရှိသဖြင့် ယွန်း လက်ရာဖက်ရှင်နှင့်ပတ်သက်၍ ပိုမိုစိတ်ဝင်စားလာကြောင်း သိရသည်။

“အရင်ကတော့ ပြည်ပကလည်းအဝယ်များပေမဲ့ အခုနောက်ပိုင်း နိုင်ငံခြားသား အဝင်နည်းတော့ဝယ်ယူ မှုနည်းသွားတယ်။ အခုလက်ရှိမှာကတော့ ယွန်းထည်က ပြည်တွင်းဈေးကွက်မှာဆိုရင် ယွန်းဆွဲကြိုး၊ လက်ကိုင်အိတ်၊ နားဆွဲအစရှိသဖြင့် ဖက်ရှင်နဲ့ပတ်သက်လို့ လူငယ်တွေအကြိုက် အသုံးအဆောင်ပစ္စည်းများ စိတ်ဝင်စားမှုများနေတယ်။ ပိုရောင်းရတာပေါ့။ ဒီအတွက်လည်း လူငယ်တွေမြန်မာ့ယွန်းကို ထိန်းသိမ်းတဲ့စိတ်နဲ့ ဝယ်ယူအားပေးကြတာ၊ လေ့လာကြတာတွေရှိတဲ့ အတွက်လည်း ဝမ်းသာရပါတယ်” ဟု Bagan House ယွန်းလုပ်ငန်း၏ ပဲ့ကိုင်ရှင်ထံမှ သိရသည်။

Bagan House ယွန်းလုပ်ငန်းကို ၁၉၃၉ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ၎င်းအနေဖြင့် စတုတ္ထမြောက်မျိုးဆက်အဖြစ် ဆက်လက်လုပ်ကိုင်နေခြင်းဖြစ်ပြီး ၎င်း၏ ဘိုး၊ ဘေးလက်ထက်တွင် ယွန်းဆွမ်းအုပ်၊ ယွန်းထမင်းချိုင့်၊ ယွန်းကွမ်းအစ်၊ ယွန်းပန်းအိုး၊ ယွန်းဒေါင်းလန်းမျိုးစုံကိုသာ အများဆုံးပြုလုပ်ခဲ့ကြသော်လည်း ၎င်းလက်ထက်တွင် ယွန်းလက်ကိုင်အိတ်၊ ယွန်းဆွဲကြိုး၊ ယွန်းလည်တုံ၊ ယွန်းလက်ပတ်၊ ယွန်းနားကပ်၊ ယွန်းလက်စွပ်၊ ယွန်းဆံထိုးများနှင့် ယွန်းယပ်တောင် အစရှိသဖြင့် ခေတ်နှင့်အညီဈေးကွက်အရ ပြုပြင်ပြောင်းလဲပြီး ဒီဇိုင်းများ ပြုလုပ်ထားကြောင်း သိရသည်။

ယွန်းလုပ်ငန်းမှာ ကိုဗစ်ကာလမှစ၍ နိုင်ငံခြားသား ဝင်ရောက်မှုနည်းပါး၍ ပြည်ပဝယ်လိုအား ဈေးကွက်ကျဆင်းသွားခဲ့သဖြင့် ပြည်တွင်းဈေးကွက်ကိုသာ အဓိကထား ရောင်းချနေကြောင်း သိရသည်။ ယွန်းအနုပညာသည် ပုဂံခေတ်ကတည်းကပင်ရှိခဲ့သည်ကို ကျောက်စာ အထောက်အထားများတွင်လည်း တွေ့ရှိနိုင်ပြီး ပုဂံသူ၊ ပုဂံသားများ၏ ထိန်းသိမ်းမှုကြောင့် နှစ်ပေါင်း ၁၀၀၀ ကျော်အထိ ရှင်သန်ခဲ့သည့် အဆိုပါယွန်းလုပ်ငန်းကို ပျောက်ပျက်သွားခြင်းမျိုးမဖြစ်စေရန် ဝိုင်းဝန်းထိန်းသိမ်း နိုင်ရန်လည်းလိုအပ်ကြောင်း အကြံပြုပြောကြားသည်။

MT

No comments:

Post a Comment