နိုင်ငံအတွက် ဝမ်းစာဖူလုံရေးသည် အဓိကမူဝါဒဖြစ်၊ စားကုန်အားလုံး သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပြည်တွင်း၌ပင် ဖူလုံအောင်ဆောင်ရွက်ရန်လို
နေပြည်တော်
ဇွန် ၂၆
စားရေရိက္ခာမူဝါဒကော်မရှင်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စားရေရိက္ခာမူဝါဒကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
တာဝန်ရှိသူများ
တက်ရောက်
အဆိုပါအစည်းအဝေးသို့
စားရေရိက္ခာမူဝါဒကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတနှင့်အတူ အထူးဖိတ်ကြားထားသော ဒုတိယသမ္မတများဖြစ်ကြသည့်
ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ကော်မရှင် အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ
မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ စားရေရိက္ခာမူဝါဒကော်မရှင်ဥက္ကဋ္ဌ
နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်ချိန်တွင်
ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် စားရေရိက္ခာ မူဝါဒကော်မရှင်အစည်းအဝေးဖြစ်ကြောင်း၊
မိမိတို့အစိုးရအဖွဲ့အနေဖြင့် စားရေရိက္ခာဖူလုံရေးနှင့် တိုင်းပြည်သာယာဝပြောရေးဟူ၍ အမျိုးသားရေးရည်မှန်းချက်
၂ ရပ်ကို ချမှတ်ထားရှိကြောင်း၊ ယခု အစည်းအဝေးသည် ယမန်နေ့က ကျင်းပခဲ့သည့် အသေးစား၊ အငယ်စားနှင့်
အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးနှင့် ဆက်စပ်လျက်ရှိကြောင်း၊
တိုင်းပြည် သာယာဝပြောရေးအတွက် MSME လုပ်ငန်းများဖြင့် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး
ဆွေးနွေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ကျင်းပသည့် အစည်းအဝေးသည် နိုင်ငံတစ်ဝန်းလုံး
စားရေရိက္ခာဖူလုံရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည်များကို ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်း
မိမိတို့နိုင်ငံတွင်
လူဦးရေ ၅၁ သန်းကျော်ရှိပြီး ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်ကြပြီး အဓိကအားဖြင့်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်
လယ်၊ တောင်ယာ၊ ယာစသည်ဖြင့် အစုစုသော စိုက်ပျိုးဧက ၃၃ သန်းကျော်ရှိကြောင်း၊ စပါး စိုက်ပျိုး
ဧက ၁၅ သန်း၊ ပြောင်း စိုက်ပျိုးဧက ၁ ဒသမ ၉ သန်း၊ ပဲမျိုးစုံစိုက်ပျိုးဧက ၂ ဒသမ ၇ သန်းနှင့်
နှမ်းစိုက်ပျိုး ဧက ၄ သန်းစသည်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊
အလားတူ စိုက်ပျိုးရေးနှင့်ဆက်စပ်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများကိုလည်း ထိထိရောက်ရောက်
ဟန်ချက်ညီညီဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့်
လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်၏ ဝင်ငွေများတိုးတက်လာပြီး လူမှုစီးပွားဘဝများ တိုးတက်လာမည်မှာ
မလွဲမသွေပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် စားရေရိက္ခာဖူလုံရေး အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း။
စားရေရိက္ခာကို
အဓိပ္ပာယ်ဖွင့်ဆိုရာတွင် တိုက်ရိုက်စားသုံးသည့် စားကုန်ပစ္စည်းများ၊ သောက်သုံးရေနှင့်
စိုက်ပျိုးရေ၊ ရိက္ခာဆိုသည်မှာ တိုက်ရိုက်စားသုံး၍မရသည့် မီးဖိုချောင်သုံးသီးနှံများအပါအဝင်
ဆန်၊ ဂျုံ၊ ပြောင်းစသည်ဖြင့် ပစ္စည်းများဖြစ်ကြောင်း၊ ရိက္ခာကို မြန်မာစာအဘိဓာန်တွင်
အမှုထမ်းများအား အချိုးကျဝေငှပေးသော စားသောက်ဖွယ်ရာပစ္စည်းများ၊ လစာငွေ၊ နောင်တွင်စားသုံးရန်အတွက်
စုဆောင်းထားသော ဆန်ရေစပါးစသည်ဖြင့် အဓိပ္ပာယ်ဖွင့်ဆို ထားသည်ကို လေ့လာတွေ့ရှိရကြောင်း၊
မိမိတို့နိုင်ငံတွင် နေ့စဉ်အသုံးပြုနေရသည့် စားကုန်၊ သောက်ကုန်နှင့် သုံးကုန်များရှိကြောင်း၊
အဆိုပါရိက္ခာတွင် ပါဝင်သော နေ့စဉ်လိုအပ်လျက်ရှိသည့် စားကုန်၊ သောက်ကုန်၊ သုံးကုန်များကို
ပြည်တွင်း၌ လုံလောက်စွာဖြင့် ရရှိရေး ပြည်တွင်းကုန်ထုတ်လုပ်မှုများဖြင့် ထုတ်လုပ်နိုင်ရန်လိုကြောင်း။
ရေနှင့်ပတ်သက်၍
“ထမင်းအသက်ခုနစ်ရက် ရေအသက်တစ်မနက်” ဟု ဆိုရိုးရှိကြောင်း၊ ထို့ကြောင့် ရေလုံလောက်စွာရရှိရေး
မိမိတို့အနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိုးရွာသွန်းမှုမှ ရရှိသည့်ရေ၊ ချောင်းရေ
မြောင်းရေနှင့် မြစ်ရေ၊ ဆည်မြောင်းတာတမံများမှ ရရှိသည့်ရေနှင့် မြေအောက် ရေဟူ၍ရှိကြောင်း၊
အဆိုပါရေများကို နိုင်ငံတော်အတွက် အကျိုးရှိစွာအသုံးချနိုင်ရေး၊ နိုင်ငံတော်အတွက် အရန်ရေရရှိရေး
မည်သို့ဆောင်ရွက်မည်ကို မူဝါဒများ ချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း။
ရိက္ခာနှင့်ပတ်သက်၍
တိုက်ရိုက်စားကုန်မဟုတ်သည့် ပစ္စည်းများကို လုံလောက်စွာထုတ်လုပ်နိုင်ရန် လိုကြောင်း၊
နိုင်ငံအတွက် ဝမ်းစာဖူလုံရေးသည် အဓိကမူဝါဒဖြစ်ကြောင်း၊ ဝမ်းစာဟုဆိုရာတွင် စားသောက်ရန်လိုအပ်သည့်
စားကုန်အားလုံး သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပြည်တွင်း၌ပင် ဖူလုံအောင်ဆောင်ရွက်ရန်လိုကြောင်း၊
ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ အချို့ဒေသများတွင်မရှိသည့် စားကုန်များကို အခြားထွက်ရှိသည့်
ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဖြန့်ခွဲပေးပို့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်
အဆိုပါအခြားဒေသများသို့ ပေးပို့ရသည့်စားကုန်များကို ပြည်တွင်း၌ လုံလောက်စွာရရှိစေရေး
ကြိုးပမ်းဆောင်ရွက်ပြီး ပြည်တွင်းစားရေရိက္ခာ ဖူလုံမှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊
ထို့ကြောင့် မိမိတို့ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စိုက်ပျိုး၍ဖြစ်ထွန်းသည့် အသီးအနှံများကို
ပြည်တွင်းဖူလုံမှုရှိအောင် စိုက်ပျိုး သွားနိုင်ရေး မူဝါဒအဖြစ် ဆောင်ရွက်သွားရန်လိုကြောင်း။
ပြည်ပသွင်းကုန်အစားထိုးရေး
ပြည်ပသွင်းကုန်အစားထိုးရေးနှင့်ပတ်သက်၍
စားသုံးဆီများကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရ ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများဖြစ်သည့်
မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ ပဲပုပ်၊ ဆီအုန်းစသည်ဖြင့် ဒေသအလိုက် စိုက်ပျိုးဖြစ်ထွန်းကြောင်း၊
ထို့ကြောင့် ပြည်တွင်းစားသုံးဆီ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ဂျုံကိုလည်း ပြည်ပမှနှစ်စဉ် တင်သွင်းနေရသဖြင့် ပြည်တွင်းဂျုံစိုက်ပျိုးထုတ်လုပ်မှု
တိုးတက်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများတွင်
တစ်ဧကပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေး မူဝါဒချမှတ်ထားရှိ ကြောင်း၊ စိုက်ပျိုးရေးသုတေသနဌာနအနေဖြင့်
မြန်မာနိုင်ငံတစ်ဝန်းလုံး သုတေသနပြုထားသည့် အချက်အလက်များနှင့် နိုင်ငံတကာမှ သုတေသနပြုထားသည့်
အချက်အလက်များကို နှိုင်းယှဉ်သုံးသပ်စနစ်တကျတွက်ချက်၍ အဆိုပါပန်းတိုင်ရည်မှန်းချက်များကို
သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်
နည်းလမ်း လေးသွယ်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ မျိုးကောင်းရန်၊ မြေပြုပြင်ခြင်းဆောင်ရွက်ရန်၊
စိုက်ပျိုးရေနှင့် အောင်ရေလုံလောက်စွာ ရရှိရန်နှင့် နည်းစနစ်တကျစိုက်ပျိုးရန်လိုကြောင်း၊
အလားတူ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်
တိရစ္ဆာန်များကို ရွေးချယ်မွေးမြူရန်၊ အရည်အသွေးပြည့်မီသည့် တိရစ္ဆာန်အစာများ ကျွေးမွေးရန်နှင့်
သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာ တိုက်ကျွေးရန်၊ နည်းစနစ်တကျ မွေးမြူဆောင်ရွက်သွားရန်
လိုကြောင်း။
သို့မှသာ ဈေးကွက်ဝင်အရွယ်အစားနှင့်
အထွက်နှုန်းကောင်းမွန်ပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း၊ စားရေရိက္ခာဖူလုံရေးလုပ်ငန်းများ
အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် လုပ်ငန်း ကော်မတီဖွဲ့စည်းပြီး မဟာဗျူဟာများချမှတ်၍
ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးဧက ၃၃ သန်းရှိပြီး မိမိတို့နိုင်ငံအတွက်
လုံလောက်မှုရှိကြောင်း၊ စိုက်ပျိုးဧကများတိုးချဲ့ခြင်း ထက် မြေကိုအကျိုးရှိရှိ အသုံးချ၍
အထွက်နှုန်းများပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ အဓိကအားဖြင့် ရိက္ခာဖူလုံအောင်
ဆောင်ရွက်ရာတွင် တစ်ဧကပန်းတိုင်အထွက်နှုန်း တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်သကဲ့သို့
သီးထပ် စွမ်းအားများ တိုးတက်ကောင်းမွန်စေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊
ယာစိုက်ပျိုး ရေး လုပ်ငန်းများတွင် စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပြီး သီးထပ်စွမ်းအားများ
တိုးတက်ရေး ဆောင်ရွက်နိုင်ကြောင်း၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးစသည့် တိုင်းဒေသကြီးတို့တွင်
ယာစိုက်ပျိုးမှုများ များပြားကြောင်း၊ ယာမြေများကို မြေပြုပြင်ခြင်းများ ဆောင်ရွက်၍
အသွင်ပြောင်းလယ်များအဖြစ် ဆောင်ရွက်ပြီး မြစ်ရေတင်စီမံကိန်းများဖြင့် အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာ
ရရှိနိုင်သည့်ဒေသများတွင် သီးထပ်စွမ်းအားကို ၃၀၀ ရာခိုင်နှုန်းအထိ ရရှိအောင် အဆင့်ဆင့်
ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း။
စိုက်ပျိုးရေများ
ရရှိရေး
ရေအသုံးချမှုနှင့်ပတ်သက်၍
မိမိတို့နိုင်ငံရှိ မြစ်ချောင်းများမှရေများ၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ အကျိုးရှိရှိသုံးစွဲနိုင်သည်ကိုတွေ့ရပြီး
ကျန်ရှိသည့် ၈၀ ရာခိုင်နှုန်းခန့်မှာ ပင်လယ်အတွင်းသို့ စီးဆင်း သွားခြင်းဖြစ်ကြောင်း၊
အပင်များရှင်သန်ကြီးထွားရန်အတွက် ရေသည် မဖြစ်မနေလိုအပ်ကြောင်း၊ ထို့ကြောင့် မြစ်ချောင်းများမှ
စိုက်ပျိုးရေများရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြောင်း၊ စိုက်ပျိုးရေများ လုံလောက်စွာ ရရှိနိုင်မည်ဆိုပါက
သီးနှံများကို ရာသီမရွေး အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ပြီး သီးထပ်စွမ်းအားများလည်း
တိုးတက်လာမည်ဖြစ်ကြောင်း။
မြစ်ချောင်းများတွင်
နှစ်စဉ်ရေကြီးရေလျှံမှုများနှင့် ရေစီးကြောင်း ပြောင်းလဲမှုများကြောင့် နုန်းပို့ချ
မှုများဖြစ်ပေါ်ကာ မြစ်ချောင်းကြမ်းပြင်များ မြင့်တက်ခြင်းနှင့် အချို့နေရာများတွင်
တရားမဝင်ရွှေ တူးဖော်ခြင်းများ ဆောင်ရွက်ခြင်းများကြောင့် နုန်းတင်ခြင်းများ ဖြစ်ပေါ်ပြီး
မြစ်ချောင်းများ တိမ်ကောခြင်း များဖြစ်ပေါ်လာကြောင်း၊ ထို့ကြောင့် မြစ်ချောင်းများကို
ပြန်လည်ဆယ်တင်ခြင်းနှင့် ရေလမ်းထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
နွေရာသီကာလ စိုက်ပျိုးရေရရှိရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ်ရေလှောင်ကန်များ တည်ဆောက်ခြင်း၊
သဲချောင်းများတွင် မြေအောက်တမံများ တည်ဆောက်ခြင်း ဆောင်ရွက်နိုင်သကဲ့သို့ ထိုသို့ ဆောင်ရွက်ခြင်းဖြင့်
ချောင်းများ မြောင်းများပတ်ဝန်း ကျင်တွင် စိမ်းလန်းစိုပြည်မှုများ ဖြစ်ပေါ်လာပြီး မြေအောက်ရေကိုလည်း
ထိုက်သင့်သလောက် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ရေကိုအကျိုးရှိစွာသုံးစွဲနိုင်ရေး
နည်းလမ်းများရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း၊ မိုးရေများကိုလည်း သိုလှောင်၍သုံးစွဲရန်လိုကြောင်း၊
ရေကို အဟောသိကံသုံးစွဲမှုမရှိစေရေး ရေသုံးစွဲမှုစနစ်များ မှန်ကန်ရန်နှင့် ရေကိုစနစ်တကျအသုံးချနိုင်ရေး
မူဝါဒချမှတ် ဆောင်ရွက်သွားရန်လိုကြောင်း။
သဘာဝမြေဩဇာနှင့်
ဓာတ်မြေဩဇာ
မြေဩဇာနှင့်ပတ်သက်၍
မြေဩဇာများထည့်သွင်းမှသာ သီးနှံများအထွက်နှုန်း တိုးတက်မည်ဖြစ် ကြောင်း၊ မြေဩဇာတွင်
သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာဟူ၍ နှစ်မျိုးရှိပြီး မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့်
ဓာတ်မြေဩဇာများကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရသဖြင့် ပြည်တွင်းမှ ထုတ်လုပ်နိုင်သည့်
သဘာဝမြေဩဇာကို အကျိုးရှိ ထိရောက်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန် သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊
ပြည်တွင်း၌ ဓာတ်မြေဩဇာများ ထုတ်လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဓာတ်မြေဩဇာများနှင့်
သဘာဝမြေဩဇာများကို စနစ်တကျသုံးစွဲနိုင်ရေး စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့်
သွားလာရေးခက်ခဲသည့် နယ်စပ်ဒေသများ၌ သဘာဝမြေဩဇာများကို ကိုယ်တိုင်ထုတ်လုပ်အသုံးချ နိုင်ရေး
ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး
စိုက်ပျိုးစရိတ်ချေးငွေများ ထပ်မံထုတ်ချေးပေးခြင်းအပါအဝင် နိုင်ငံတော်မှ တတ်နိုင်သမျှ
ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် ချမှတ်ထားသည့်မူဝါဒ
များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်း။
ရိက္ခာတွင်ပါဝင်သော
မီးဖိုချောင်သုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်လာစေရေးနှင့် စိုက်ပျိုးသည့်သီးနှံများ
အရည်အသွေးကောင်းမွန်စေရေး၊ အရောင်၊ အနံ့၊ အရသာ၊ အရွယ်အားဖြင့် ကောင်းမွန်အောင် မည်ကဲ့သို့ဆောင်ရွက်ရမည်ကို
သုတေသနပြုဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဂျုံစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင်
ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ဂျုံကို အဓိကစိုက်ပျိုးကြကြောင်း၊ ပြည်တွင်းဂျုံစိုက်ပျိုးမှုများ
တိုးတက်အောင်ထုတ်လုပ်၍ ပြည်တွင်းဂျုံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊
ဂျုံစားသုံးမှုသည် ခန္ဓာကိုယ်ထွားကျိုင်းမှုကို အထောက်အကူဖြစ်စေသဖြင့် ဂျုံစားသုံးမှုမြှင့်တင်နိုင်ရေးအတွက်လည်း
ဆောင်ရွက်ပေးကြစေလိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများမှ
ထွက်ရှိလာသည့် ကုန်ကြမ်းမျာကို ကြိတ်ခွဲရာတွင် အရည်အသွေး ပြည့်မီစွာဖြင့် ကြိတ်ခွဲနိုင်ရန်လိုကြောင်း၊
ထွက်ရှိလာသည့် အရည်အသွေးအပေါ်မူတည်၍ ဈေးကွက်ရရှိမှုနှင့် ဈေးရရှိမှုများ ကွာခြားသွားမည်ဖြစ်ကြောင်း၊
အရည်အသွေးပြည့်မီသည့် ဆန်နှင့် ဆီများထုတ်လုပ်နိုင်ရေး ဆန်စက်နှင့် ဆီစက်များ ကောင်းမွန်ရန်လိုသဖြင့်
မူဝါဒချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသည့်
ပေါ်ဆန်း စပါးသည် ဈေးကွက်လိုအပ်ချက်ရှိပြီးဖြစ်သဖြင့် ရာသီဥတုနှင့် မြေအခြေအနေပေးသည့်နေရာများတွင်
ရွေးချယ်စိုက်ပျိုးကာ အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်အောင် ထုတ်လုပ်နိုင်ရေး
ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍
မွေးမြူရေးတွင်မရှိ မဖြစ်လိုအပ်ချက်မှာ တိရစ္ဆာန်အစာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်
တိရစ္ဆာန်အစာများ လုံလောက်စွာ ထွက်ရှိပြီး ပြည်ပမှ တင်သွင်းရမှုနည်းပါးကြောင်း၊ ဆန်ကွဲ၊
ဖွဲ၊ ပြောင်းများသည် နိုင်ငံတစ်ဝန်းတွင် ထွက်ရှိကြောင်း၊ အဆိုပါစိုက်ပျိုးရေးထွက်ကုန်များမှ
တိရစ္ဆာန်အစာများထုတ်လုပ်နိုင်သဖြင့် မွေးမြူရေးလုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးချ
ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မွေးမြူရေးကို အောင်မြင်
အောင် ဆောင်ရွက်ပြီး ဒေသတွင်းလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်ကြရန်လိုကြောင်း၊
ပြည်သူများ၏စားရေးကို လုံလောက်အောင် ဆောင်ရွက်ပေးခြင်းသည်လည်း ကုသိုလ်တစ်မျိုးပင်ဖြစ်ကြောင်း၊
မိမိတို့နိုင်ငံတွင် ကြက်၊ ဝက်၊ ဆိတ်၊ အမဲ၊ ငါးများကို အဓိကထားစားသုံးကြသဖြင့် စနစ်တကျ
မွေးမြူဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသများ အလိုက် ကျွဲ၊ နွားရှားပါးလာသကဲ့သို့
နွားမွေးမြူမှုများ နည်းပါးလာသည်ကို တွေ့ရကြောင်း၊ အသားစားနွားနှင့် နို့စားနွားများကို
ပိုမိုတိုးတက်အောင် မွေးမြူခြင်းဖြင့် စားရေးကို အထောက်အကူပြုမည်ဖြစ်သကဲ့သို့ ထွက်ရှိသည့်
သားရေများဖြင့်လည်း ဖိနပ်နှင့် အခြား လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ပြီး အရိုးကို
မြေဩဇာအဖြစ် အသုံးပြုနိုင်ကြောင်း၊ အလားတူ ငါး၊ ပုစွန်များကိုလည်း တိုးချဲ့မွေးမြူရန်လိုကြောင်း၊
အသားငါးမူဝါဒနှင့်ပတ်သက်၍ ပြည်သူများ လုံလောက်စွာ ရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊
နိုင်ငံတော်မှ မြစ်ချောင်းများအတွင်း ငါးမျိုး များကို နှစ်စဉ်အခမဲ့စိုက်ထည့်ပေးလျက်ရှိကြောင်း၊
ပြည်သူများ သက်သက်သာသာ ပေါပေါများများဖြင့် စားသုံးနိုင်ရေး မူဝါဒချမှတ် ဆောင်ရွက်သွားရန်
လိုကြောင်း။
ခေတ်မီသည့်စိုက်ပျိုးရေးစနစ်
ယနေ့ခေတ်သည် သိပ္ပံနှင့်နည်းပညာခေတ်၊
IT ခေတ်၊ AI ခေတ်ဖြစ်လာပြီဖြစ်ကြောင်း၊ မိမိအနေဖြင့် မကြာမီကသွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံနှင့်
တရုတ်နိုင်ငံခရီးစဉ်များတွင် အဆိုပါနိုင်ငံများ၏ ခေတ်မီစိုက်ပျိုးရေးစနစ်များကို လေ့လာသိရှိခဲ့ရကြောင်း၊
မိမိတို့နိုင်ငံတွင်လည်း ခေတ်မီသည့် စိုက်ပျိုးရေးစနစ်ကို တတ်နိုင်သည့်ကဏ္ဍများတွင်
ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ စက်မှုလယ်ယာစနစ်ကိုလည်း ဖော်ဆောင်နိုင်ရန်လိုကြောင်း၊
ကျွဲ၊ နွားများ ရှားပါးလာခြင်းနှင့် လုပ်သားအင်အား ရှားပါးလာမှုများကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင်
စက်ပစ္စည်းကိရိယာများကို လုံလောက်စွာ အသုံးပြုနိုင်ရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးရေးလုပ်ငန်းသုံး
စက်ပစ္စည်းကိရိယာများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့်
စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သိပ္ပံနည်းကျ ခေတ်မီသည့် စိုက်ပျိုးရေးစနစ်၊
IT စနစ်၊ AI စနစ် များ၊ စက်ကိရိယာများကို အသုံးချနိုင်ရန်လိုကြောင်း။
နိုင်ငံတော်၏
ပညာရေးကဏ္ဍမြှင့်တင်နိုင်ရေး KG+9 အထိ မသင်မနေရစနစ်ဖြင့် ဆောင်ရွက်ပေး ထားကြောင်း၊
အလားတူ အခြေခံပညာအလယ်တန်းမှစတင်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာများကို
သင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတော်မှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လူသားအရင်းအမြစ်များ
မွေးထုတ်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လူသားအရင်းအမြစ်များ
မွေးထုတ်ပေးနိုင်ရေးအတွက်လည်း သက်ဆိုင်ရာ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များအလိုက်
ပညာသင်ဆုများပေးခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း။
ရိက္ခာဆိုသည်မှာလည်း
နောင်တွင် စားသုံးမည့် စုဆောင်းထားသည့် ဆန်ရေစပါးဖြစ်ကြောင်း၊ အဓိကအားဖြင့် အရန်ဆန်နှင့်
စပါးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စုဆောင်းသိုလှောင် ထားနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊
သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် အဆိုပါသိုလှောင်ထားသည့် အရန်ဆန်နှင့် စပါးများသည်
များစွာအထောက်အကူပြုနိုင်မည်ဖြစ်ခြင်းကြောင့် ပြည်တွင်း၌ စားရေရိက္ခာများ ဖူလုံစွာရှိနေရန်နှင့်
ခိုင်ခိုင်မာမာ ပြည့်စုံဖူလုံနေစေရန် မူဝါဒချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိ၏ မျှော်မှန်းချက်
မှာ မြန်မာနိုင်ငံသည် နိုင်ငံတကာတွင် စားရေရိက္ခာ အဓိကဖြည့်ဆည်းတင်ပို့ပေးနိုင်သည့်
နိုင်ငံတစ်နိုင်ငံ ဖြစ်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆန်၊ ပဲနှင့် အခြားစားသောက်ကုန်ပစ္စည်းများ၊
ရေထွက်ကုန်ပစ္စည်း များကို ပိုမိုတိုးတက်ထုတ်လုပ်သွားနိုင်ရေး အမြဲသုတေသနပြု လေ့လာသုံးသပ်
စနစ်တကျကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မြေပြင်အချက်အလက်များ မှန်ကန်ပြည့်စုံစွာဖြင့်
သုတေသန လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းများ ပိုမိုအောင်မြင်နိုင်မည်ဖြစ်
သဖြင့် စနစ်တကျ စီမံကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်အတွင်းရေးမှူး၊
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က
ကော်မရှင်၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ရေး အတွက် ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး၊
ပြည်နယ်အဆင့်နှင့် နေပြည်တော်ကောင်စီနယ်မြေ စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ
မြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့
တက်ရောက်လာကြသည့် ကော်မရှင်အဖွဲ့ဝင်များက ဟင်းသီး ဟင်းရွက်များနှင့် အသားငါးများအား
ဖြန့်ဖြူးရောင်းချပေးနေမှု၊ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးနှင့် ပုစွန်များကို ဇုန်များအလိုက်
မွေးမြူထားရှိမှုနှင့် တိုးချဲ့မွေးမြူသွားမည့်အစီအမံများ၊ တိရစ္ဆာန်အစာ များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိမှု၊
ဒေသတွင်း နေထိုင်သည့် လူဦးရေအချိုးအစားများအလိုက် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ
ဆောင်ရွက်နေမှုနှင့် သတ်မှတ်နှစ် အလိုက် တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည့်အစီအမံများ၊
မျိုးကောင်းမျိုးသန့်များ ထုတ်လုပ် နိုင်ရေးနှင့် ဆီထွက်သီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက်
ရေလုံလောက်စွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ ဒေသတွင်း စားသုံးမှုမှပိုလျှံသည့်
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြားဒေသများနှင့် ပြည်ပသို့ တင်ပို့ရောင်းချနေမှုအခြေအနေများ၊
သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး
စနစ်တကျစီမံဆောင်ရွက်ထားရှိမှုနှင့် အရန်မျိုးစေ့များ၊ တိရစ္ဆာန်သုံးဆေးဝါးများ သိုလှောင်ထားရှိမှု၊
စက်မှုလယ်ယာစနစ် ဖော်ဆောင်ထားရှိမှုနှင့် စက်မှုလယ်ယာသုံးကိရိယာများ စီစဉ်ဆောင်ရွက်ထားရှိမှု၊
ပြည်ပနိုင်ငံအချို့၏ စားရေရိက္ခာမူဝါဒမဟာဗျူဟာများမှ လေ့လာတွေ့ရှိချက်များ၊ ပေါင်းစည်းလယ်ယာစနစ်
ဆောင်ရွက်ရေးနှင့် မျိုးကောင်းမျိုးသန့်များ ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက်
မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး လမ်းညွှန်ချက်များနှင့်အညီ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ
ထုတ်လုပ်နေမှုနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊
ပုဂ္ဂလိကအခန်းကဏ္ဍမှ ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ
ထုတ်လုပ်နိုင်ရန်နှင့် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရရှိစေရန် ပညာရှင်များ၊ အသင်းအဖွဲ့များ
နှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဒုတိယသမ္မတ
ဒေါ်နန်းနီနီအေးက လယ်ယာထွက်ကုန်များ ရောင်းချရာတွင် သင့်တင့် မျှတသည့်ဈေးနှုန်းနှင့်
ဈေးကွက်ရရှိရေးအတွက် တောင်သူလယ်သမားများကို ကူညီဆောင်ရွက်နိုင်ရန်အတွက် လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့
ဖွဲ့စည်းမှုနှင့်ပတ်သက်၍လည်းကောင်း၊ ကော်မရှင်အတွင်းရေးမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နွားမွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးနှင့်
စိုက်ပျိုးမြေများကို ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ အကျိုးရှိစွာဖြင့် အသုံးချနိုင်ရေး
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်မှုများနှင့်ပတ်သက်၍လည်းကောင်း၊
ပို့ဆောင်ရေးဝန်ကြီးဌာန ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက
မြစ်ချောင်းများအတွင်း ရေထုထည်ပမာဏထိန်းသိမ်းခြင်းနှင့် ရေအရည်အသွေးထိန်းသိမ်းခြင်းလုပ်ငန်းများကို
ဥပဒေနှင့် အညီ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း
ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ
နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုအစည်း အဝေးတွင် နိုင်ငံတော်ပိုင်းအနေဖြင့်
နိုင်ငံတော်အမြင်နှင့် မူဝါဒများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့်
၎င်းတို့ လက်တွေ့ဆောင်ရွက်နေရသည့် လုပ်ငန်းအတွေ့အကြုံအမြင်များ၊ အဖွဲ့ချုပ်များအနေဖြင့်လည်း
၎င်းတို့၏အမြင်များကို ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထပ်မံ၍ လုပ်ငန်းကော်မတီများအလိုက်
အသေးစိတ်ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတိုင်းတွင် စိုက်ပျိုးရေးနှင့်ပတ်သက်၍
အသက်မွေးဝမ်းကျောင်း ဆောင်ရွက်နေကြသူ များစွာရှိကြောင်း၊ တောင်သူလယ်သမားများသည် ပြည်သူများ
ထမင်းစားနိုင်ရန်အတွက် ဆောင်ရွက် ပေးနေသူများဖြစ်သဖြင့် ၎င်းတို့၏ အကျိုးစီးပွားကို
ကာကွယ်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ တောင်သူများအတွက်စဉ်းစားပြီး စီမံပေးသကဲ့သို့
ကြည့်သကဲ့သို့ တောင်သူများဘက်ကလည်း စိုက်ဧကများ အပြည့်အဝစိုက်ပျိုးရန်နှင့် အထွက်နှုန်းများ
တိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မွေးမြူရေးလုပ်ငန်းများတွင်လည်း
လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ အစည်းအဝေးတွင်
ဆွေးနွေးခဲ့သည်များကို လုပ်ငန်းကော်မတီများအလိုက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်း၊
အဓိကအားဖြင့် စားရေရိက္ခာမူဝါဒနှင့်ပတ်သက်၍ မည်ကဲ့သို့ အထောက်အကူဖြစ်အောင် ဆောင်ရွက်မည်၊
မည်ကဲ့သို့ အကျိုးရှိရှိဆောင်ရွက်မည်၊ အရန်စားရေရိက္ခာများ မည်ကဲ့သို့သို လှောင်ထားရှိမည်၊
ပြည်တွင်း ပြည်ပရောင်းချမှုများကို မည်ကဲ့သို့ စီမံခန့်ခွဲဆောင်ရွက်မည်ကို စနစ်တကျ
တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း။
စုပေါင်းအားဖြင့်ဆောင်ရွက်မည်ဆိုပါက
လုပ်ငန်းများ ပိုမိုအောင်မြင်နိုင်မည်ဖြစ်သဖြင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို
စုပေါင်းသမဝါယမစနစ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်သားများသည်
နိုင်ငံတော်နှင့် ကမ္ဘာ့စားရေရိက္ခာအတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြု နေကြသူများဖြစ်သဖြင့်
များစွာအလေးထားကြောင်း၊ ထို့ကြောင့် ယခုစားရေရိက္ခာကော်မရှင်ကို မိမိကိုယ်တိုင် ဦးစီး၍
အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် ဆွေးနွေးချက်များကို
သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အသေးစိတ်ထပ်မံဆွေးနွေးပြီး Action Plan များ ရေးဆွဲ၍ လုပ်ငန်းများအောင်မြင်အောင်
ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment