ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်လျက်ရှိရာ ဇွန် ၁၆ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံရှိရင်းစွဲဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစွာဖော်ဆောင်လျက် နှစ်နိုင်ငံချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သည်။
ဆွေးနွေးပွဲတွင်
သမ္မတ မစ္စတာရှီကျင့်ဖျင်က “ယခုကဲ့သို့ ခရီးစဉ်လာရောက်ခြင်းသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို
သက်ဝင်ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုသည် (၇၆) နှစ်မြောက်ကာလသို့
ရောက်ရှိပြီဖြစ်ပြီး အေးအတူပူအမျှ အသိုက်အဝန်းကို ထူထောင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့တရုတ်နိုင်ငံအနေဖြင့်
မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကို အထူးတန်ဖိုးထားရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏
ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုနှင့်
နယ်မြေပိုင်ဆိုင်မှုကို အလေးထားပါကြောင်း၊ မြန်မာနိုင်ငံအစိုးရသစ်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊
လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက်ချက်များနှင့် တည်ငြိမ်အေးချမ်းပြီး နိုင်ငံနှင့်ကိုက်ညီသည့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင်
လျှောက်လှမ်းလျက်ရှိမှုအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ထောက်ခံပါကြောင်း၊ ယခင်နှစ်အတွင်း
မိမိတို့အနေဖြင့် တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး နှစ်နိုင်ငံအကြား
မဟာဗျူဟာမြောက် ဦးတည်ချက်များနှင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုအပေါ် ဘက်စုံအကောင်အထည်ဖော်ဆောင်နိုင်ရေးတို့အတွက်
ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မိမိတို့နှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့်
နှစ်နိုင်ငံနှင့် ပြည်သူများအတွက် ကောင်းကျိုးများကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပြီး
လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလားအလာကောင်းများစွာကို ဖော်ဆောင်ပေးနိုင်မည်ဟု
ယုံကြည်ပါကြောင်း” ဆွေးနွေးပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်က “ယခုကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ
တိုးမြှင့်ခိုင်မာစေရေးအတွက် အဆွေတော်သမ္မတကြီး၏ အကြံပြုပြောကြားမှုများအတွက် များစွာကျေးဇူးတင်ရှိပြီး
မိမိအနေဖြင့် အလေးထားပါကြောင်း၊ အဆွေတော်တရုတ်နိုင်ငံသမ္မတကြီး ဆွေးနွေးပြောကြားခဲ့သည့်
နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ယုံကြည်မှုခိုင်မာစေရေး၊ အကျိုးစီးပွားပေါင်းစည်းမှု
ပိုမိုနက်ရှိုင်းစေရေး၊ လုံခြုံရေးအရ ခိုင်မာမှုနှင့် တရားဥပဒေစိုးမိုးမှု ရှိစေရေး၊
ပြည်သူများအကြား စိတ်နှလုံးနီးစပ်စေရေး စသည့်အချက်များကိုလည်း မိမိအနေဖြင့် အလေးထားထောက်ခံပါကြောင်း၊
မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေကိုအသုံးပြု၍ တရုတ်နိုင်ငံ၏
အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမည့် ကိစ္စရပ်များဖြစ်ပေါ်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံသား ၉၁ ဒသမ ၃ ရာခိုင်နှုန်းသည် ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ကို ယုံကြည်ကိုးကွယ်ကြသူများဖြစ်ကြပြီး
မြတ်ဗုဒ္ဓ၏ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများကို များစွာတန်ဖိုးထားပါကြောင်း၊ ထို့ကြောင့်
တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓ၏စွယ်တော်ကို မြန်မာနိုင်ငံသို့ (၅) ကြိမ်မြောက်ကြွချီပြီး
မြန်မာပြည်သူများ ဖူးမြော်ကြည်ညိုခွင့်ရမည်ဆိုပါက အေးအတူပူအမျှ အသိုက်အဝန်းနှင့် ယှဉ်တွဲခံစားနေကြမှုများ
ပိုမိုလေးနက်လာစေပြီး မြန်မာပြည်သူများကလည်း အထူးပင်ကျေးဇူးတင် ဝမ်းမြောက်ကြမည်ဖြစ်ပါကြောင်း”
ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့်
ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ ကျင့်သုံးလျှောက်လှမ်းလျက်ရှိပြီး နိုင်ငံတော်သမ္မတ
တာဝန်ယူသည့်အချိန်တွင် စာမျက်နှာသစ်ဖွင့်မည်ဟုပြောခဲ့ကာ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့်
နိုင်ငံရေးစနစ်ကို သက်ဆိုင်သူအားလုံးလိုက်ပါနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိသည်။
နှစ်နိုင်ငံသမ္မတနှစ်ဦးအနေဖြင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ဖူးကြပြီး
နှစ်နိုင်ငံ နိုင်ငံတော်အကြီးအကဲများ၏ ထိတွေ့ဆက်ဆံရေးသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ
မြှင့်တင်ရာတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌
ပြည်သူ့ဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရသစ်စတင်တာဝန်ယူနေပြီး အစိုးရသစ်အနေဖြင့်
ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့်
ကြိုးပမ်းနေသည့်ကာလတွင် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း တရုတ်နိုင်ငံသမ္မတနှင့်
ရင်းနှီးပျူငှာစွာ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို
များစွာအထောက်အကူပြုမည်ဖြစ်သည်။
သို့ဖြစ်ရာ နှစ်ပေါင်းထောင်ချီဆက်ဆံမှုရှိသည့်
တရုတ်-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများအကြား စိတ်နှလုံးသားများ နီးစပ်မှုရှိပြီးဖြစ်ရာ
ယခုနိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်မှတစ်ဆင့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများ
ခိုင်မြဲပြီး နှစ်နိုင်ငံအကြား ပိုမိုနက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ
အရှိန်အဟုန်ဖြင့် ဖြစ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:
Post a Comment