ရန်ကုန် ဇွန် ၂၀
မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းကြီး၏ (၃၁)နှစ်ပြည့် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းကြီးသည် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးမှုတွင် အမျိုးသမီးများနှင့် စီးပွားရေးအခန်းကဏ္ဍ ပါဝင်မြှင့်တင်ရေးကို ကနဦးအသင်းကြီးတစ်ရပ်အနေဖြင့် ဆောင်ရွက်လာခဲ့သည်မှာ (၃၁)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ အသင်းကြီးအနေဖြင့် မြန်မာအမျိုးသမီး စီးပွားရေးထူးချွန်ဆုအပြင် အာဆီယံဒေသတွင်း ASEAN Outstanding Women Entrepreneur Award အား မြန်မာအမျိုးသမီး ၉၃ ဦးရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပြီး ယနေ့တွင် Myanmar Women Entrepreneur Award များ ချီးမြှင့်သွား မည်ဖြစ်သည့်အတွက် ကြိုတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ အသင်းတည်ထောင်သူအသင်းကြီး၏နာယက အကြံပေးဒေါက်တာရီရီမြင့်နှင့်အသင်းဥက္ကဋ္ဌ ဒေါက်တာမြတ်သီတာမြင့်တို့က အမှာစကားများ ပြောကြားကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ နာယကများနှင့်ဥက္ကဋ္ဌ၊ အမှုဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပသည့် “မြန်မာအမျိုးသမီးများနေ့”ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသော “ရိုးရာခေတ်ဆန်း ရှေ့သို့လှမ်း ယဉ်ကျေးလှပ မေမြန်မာအလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု” ပြပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများနှင့်အတူ ပြခန်းများကို လှည့်လည်ကြည့်ရှုပြီး ပြပွဲဆက်လက်တက်ရောက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသူများ၊ နိုင်ငံကျော် တေးသံရှင်များနှင့် ဖိုးချစ်ဇာတ်သဘင်တို့၏ သီဆို ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment