နေပြည်တော် ဇွန် ၁
နိုင်ငံတကာတွင် လတ်တလောကာလအတွင်း ကူးစက်ဖြစ်ပွားလျက်ရှိသော ရောဂါများ၊ အခြားကူးစက်ရောဂါများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ဌာနကြီးမှူးများနှင့် ဌာနမှူးများတက်ရောက်ကြသည်။
စဉ်ဆက်မပြတ်စောင့်ကြည့်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဟန်တာဗိုင်းရပ်စ်ရောဂါနှင့် အီဘိုလာရောဂါတို့ နိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး နိုင်ငံတကာတွင် ရောဂါကူးစက်မှုများကို စဉ်ဆက်မပြတ်စောင့်ကြည့်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်များနှင့်အညီ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ဆေးကုသမှုဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီဖွဲ့စည်းဆောင်ရွက်နေမှုနှင့် ဓာတ်ခွဲခန်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး)နှင့် ညွှန်ကြားရေးမှူး(ကူးစက်)တို့က နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာထားခြင်းခံရသော အီဘိုလာရောဂါနိုင်ငံတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းတို့ကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကိုမှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ကျန်းမာရေးဝန်ကြီးဌာန Meeting Hall ၌ ကျင်းပသည့် (၂၀၂၆) ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက် ရေးနေ့” အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment