ယနေ့ မိမိတို့၏နိုင်ငံသည် နိုင်ငံရေးအရ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး စီးပွားရေးအရ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသည်။ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သည့်အလျောက် အတိတ်ကာလတစ်လျှောက်လုံးတွင် မိရိုးဖလာအသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်ခဲ့သော စိုက်ပျိုးရေးကို မျက်မှောက်ကာလအထိ အဓိကမှီခိုအားထားမှုပြုနေရသေးသည်။ နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် စိုက်ပျိုးရေးအခြေခံမှသည် စိုက်ပျိုးရေး အခြေခံစက်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ အဆင့်မြင့်နည်းပညာလုပ်ငန်းစသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားတက်လှမ်းသွားကြရမည်ဖြစ်သည်။
လက်ရှိမိမိတို့နိုင်ငံမှ
ပြည်ပသို့ ပို့ကုန်များ တင်ပို့ရာတွင် စိုက်ပျိုးရေးထွက်ကုန်များ၊ သယံဇာတထွက်ကုန်များစသည်တို့မှ
အများစုကို ကုန်ကြမ်းအတိုင်း တင်ပို့ရောင်းချနေကြခြင်းဖြစ်သည်ဟု သိရသည်။ ယင်းသို့ တင်ပို့မည့်အစား
ပြည်တွင်း၌ပင် အဆင့်မြင့်ကုန်ချောအဖြစ် ထုတ်လုပ်ခြင်း သို့မဟုတ် ကုန်ချောတစ်ပိုင်းအဖြစ်
ထုတ်လုပ်ခြင်း စသည်ဖြင့် တန်ဖိုးမြင့်မားစေရန် ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်း၌ အလုပ်အကိုင်
အခွင့်အလမ်းများ ရရှိလာခြင်း၊ စီးပွားရေးပမာဏကြီးထွားလာခြင်း၊ ပြည်သူလူထုအတွင်း ငွေကြေး
ပိုမိုသုံးစွဲလာနိုင်ခြင်း၊ ဆင်းရဲနွမ်းပါးမှုနှုန်း လျော့နည်းကျဆင်းခြင်းစသည့် အကျိုးကျေးဇူးများ
ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ တိုင်းပြည်၏
အဓိကစီးပွားရေးမောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း
(MSME) များ ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်က တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။
“မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်၍ MSME လုပ်ငန်းများ တိုးတက်စေရေး
တွေ့ဆုံဆွေးနွေးပွဲများကို အကြိမ်ပေါင်း ၄၀ ကျော်အထိ ပြုလုပ် ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့သွားရောက်ချိန်တွင်
MSME လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းများ လိုအပ်ချက်ရှိသည်ဟု တင်ပြကြကြောင်း၊
MSME လုပ်ငန်းများမှ ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်ရာတွင် မိမိတို့ဒေသတွင်းနှင့် ပြည်တွင်း၌ရှိပြီးဖြစ်သည့်
ကုန်ကြမ်းပစ္စည်းများကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းသည် အသေချာဆုံးသော
ကုန်ထုတ်လုပ်ငန်းပင်ဖြစ်ကြောင်း၊ လိုအပ်ချက်ရှိပါကလည်း အရေးကြီးသည့် ကုန်ကြမ်းများ
တင်သွင်းနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ဇွန် ၂၅ ရက်က ကျင်းပသည့် အသေးစား၊ အငယ်စားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။
ပြည်တွင်း၌ရှိသည့်
ကုန်ကြမ်းများမှ ကုန်ပစ္စည်းအမယ်ပေါင်းများစွာ ထုတ်လုပ်နိုင်သည်။ ဥပမာ နှစ်စဉ် ဧက ၁၇
သန်းခန့် စိုက်ပျိုးနေသည့် စပါးမှ ဆန်အပြင် ဘေးထွက်ပစ္စည်းများဖြစ်သော ဖွဲနုမှ ဖွဲနုဆီ၊
အသားအရေထိန်းသိမ်းသည့် ဆပ်ပြာ၊ ခရင်မ်နှင့် Scrub များ၊ ဆန်ကွဲမှ ဆန်မှုန့်၊ မုန့်မျိုးစုံ၊
ဆန်ခေါက်ဆွဲအမျိုးမျိုး၊ ကောက်ရိုးမှ စက္ကူနှင့် ကတ်ထူပြားများ၊ တိရစ္ဆာန်အစာများ၊
စိုက်ပျိုးရေးသုံး မြေသြဇာများ၊ လောင်စာတောင့်များ၊ ဖွဲခွံပြာ (Rice Husk Ash) ကို
ဘိလပ်မြေနှင့်ရောစပ်၍ ခိုင်ခံ့သော အုတ်နှင့် ကွန်ကရစ်များ၊ အိမ်ခေါင်မိုး သို့မဟုတ်
အခန်းများ အပူဒဏ်ကာကွယ်ရန် အပူထိန်းပစ္စည်းများစသည်တို့ ထုတ်လုပ်နိုင်သည်။ အခြား ကြံ၊
ပြောင်း၊ ပဲ စသည်တို့မှလည်း ထိုနည်းအတိုင်းပင် ကုန်ပစ္စည်းများ ထုတ်လုပ် နိုင်သည်။
နိုင်ငံ့စီးပွားရေးကို
အားပေးမြှင့်တင်ရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ သွင်းကုန် အစားထိုးရေး၊
တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်၍ ပြည်ပတင်ပို့ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေ များ
တိုးမြှင့်ရရှိရေးစသည့် ရည်ရွယ်ချက်များဖြင့် MSME များကို နိုင်ငံတော်အစိုးရက ပြီးခဲ့သည့်
၅ နှစ်တာ ကာလအတွင်း အားပေးမြှင့်တင်ခဲ့ရာ ယခင်ကထက် ပိုမိုတိုးတက်လာမှုများကို မြင်တွေ့ခဲ့ကြရသည်။
မြန်မာနိုင်ငံတွင် MSME လုပ်ငန်းအများစုသည် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းများဖြစ်ရာ
ကုန်ပစ္စည်းထုပ်ပိုးမှုတွင်ရော ကုန်ပစ္စည်းအရည်အသွေးတွင်ပါ ပိုမိုတိုးတက်ကောင်းမွန်
လာခဲ့ရာ အကျိုးဆက်အားဖြင့် ပြည်ပပို့ကုန်များ ပိုမိုတိုးတက်ရရှိလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်
MSME လုပ်ငန်းများ တွေ့ကြုံကြရသည့် အခက်အခဲများမှာ ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်၊
လူ့စွမ်းအားအရင်းအမြစ်၊ သတင်းအချက်အလက်များ ရရှိရေး၊ အခြေခံအဆောက်အအုံနှင့် စီးပွားရေးဆိုင်ရာ
ပတ်ဝန်းကျင်ကောင်း ဖန်တီးရေး ကိစ္စရပ်များဖြစ်ပြီး ယင်းကိစ္စများကို MSME အေဂျင်စီနှင့်
ဒေသဆိုင်ရာ အေဂျင်စီအဆင့်ဆင့်တို့က ဖွဲ့စည်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် MSME လုပ်ငန်းများ တည်ရှိနေကြရာ ဒေသအလိုက်
ဖွံ့ဖြိုးတိုးတက်လာစေရန် စနစ်တကျ အားပေးဆောင်ရွက်ခြင်းဖြင့် ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပိုမိုအားကောင်းစွာ ဖြစ်ပေါ်လာစေပါမည့်အကြောင်း။
။

No comments:
Post a Comment