Monday, June 15, 2026

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်၌ အလားအလာကောင်းမွန်သော သဘာဝဓာတ်ငွေ့သိုက်များရှာဖွေတွေ့ရှိ

နေပြည်တော် ဇွန် ၁၄

မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့များကို မြန်မာ့ကမ်းလွန်စီမံကိန်းများမှ ထုတ်ယူလျက်ရှိပြီး လက်ရှိထုတ်လုပ်နေသည့် စီမံကိန်းများတည်ရှိနေသော ရေတိမ်ပိုင်းကမ်းလွန်ဒေသများအပြင် ရေနက်ပိုင်းကမ်းလွန်ဒေသများတွင်လည်း ကြီးမားသောသဘာဝဓာတ်ငွေ့ ခိုအောင်းမှုများရှိနေသည်ဟု ဘူမိဗေဒပညာရှင်များက ပင်လယ်ရေအောက်တွင်တည်ရှိနေသည့် သဲကြောများအား 3D Seismic ပြုလုပ်၍ရရှိလာသည့် အချက်အလက်များနှင့် စမ်းသပ်တူးဖော်ခဲ့သော ရှာဖွေရေးတွင်းများ၏ ရလဒ်များကိုအခြေပြု၍ အတည်ပြုကြသည်။

မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသည့် ကမ်းလွန်စီမံကိန်းလေးခုကို ဖော်ဆောင်နိုင်ခဲ့သည့်အတွက် နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်မြေဩဇာထုတ်လုပ်မှုအပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် သဘာဝဓာတ်ငွေ့များကို အသုံးပြုလျက်ရှိရာ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုလျက်ရှိသည်။

ယခုအခါစီမံကိန်းအသစ်လေးခုကို ထပ်မံဖော်ဆောင်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိနေပြီး ယင်းစီမံကိန်းလေးခုအနက် ဧရာဝတီကမ်းလွန်ဒေသတွင် ဖော်ဆောင်နေသည့် စီမံကိန်းနှင့် တနင်္သာရီကမ်းလွန်ဒေသတွင် ဖော်ဆောင်နေသည့် စီမံကိန်းတို့သည် ဓာတ်ငွေ့သိုက်ပမာဏ ကြီးမားပြီး အလားအလာကောင်းသော စီမံကိန်းများဖြစ်သည်။

ဧရာဝတီကမ်းလွန်ဒေသလုပ်ကွက် စီမံကိန်းသည် ဧရာတီကမ်းလွန်ဒေသ ရေနက်ကမ်းလွန် ပိုင်းတွင်တည်ရှိပြီး အစမ်းတွင်းနှင့် အတည်ပြုတွင်းများတူးဖော်၍ ရာနှုန်းပြည့်သေချာမှုရှိသည့် သဘာဝဓာတ်ငွေ့ ၁၄ ထရီလီယံ ကုဗပေအထိထွက်ရှိရန် အလားအလာရှိသော ဓာတ်ငွေ့သိုက်ဖြစ်ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည်။

တနင်္သာရီကမ်းလွန်ဒေသ လုပ်ကွက်သည် တနင်္သာရီကမ်းလွန်ဒေသ ရေနက်ကမ်းလွန်ပိုင်းတွင် တည်ရှိပြီး သဘာဝဓာတ်ငွေ့သိုက်ဟု အတည်ပြုထားပြီး သေချာမှု ၉၀ ရာခိုင်နှုန်း (P 90) ပမာဏ ၉၅ ထရီလီယံကုဗပေခန့်ရှိသည်။ အစမ်းတွင်းများ ဆက်လက်တူးဖော်မည်ဖြစ်ရာ ဓာတ်ငွေ့ခိုအောင်းနေမှုပမာဏအား တိကျသေချာစွာသိရှိပါက စီးပွားဖြစ်တူးဖော်ထုတ်လုပ် နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်

No comments:

Post a Comment