နေပြည်တော် မေ ၃၁
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူ (Sergei Shoigu) ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် နိုင်ငံတကာလုံခြုံရေးဖိုရမ်နှင့် အဆိုပါကာလအတွင်း တစ်ဆက်တည်း ကျင်းပသည့် ဆဋ္ဌမအကြိမ် အာဆီယံ - ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များဆွေးနွေးပွဲ၊ (၁၄) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများသို့ တက်ရောက်ရန် မေ ၂၅ ရက်မှ ၃၁ ရက်အထိ မော်စကိုမြို့သို့ သွားရောက်ခဲ့သည်။
ခရီးစဉ်အတွင်း
မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၂၆ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့ Live Arena စင်တာ၌
ကျင်းပပြုလုပ်သည့် ပထမအကြိမ် နိုင်ငံတကာလုံခြုံရေးဖိုရမ်သို့ တက်ရောက်ခဲ့သည်။
ဖိုရမ်ကို “ကမ္ဘာ့လူဦးရေအများစုရှိသော နိုင်ငံများ၏ လုံခြုံရေးအာမခံချက်ရှိရန်အတွက်
နယ်ချဲ့စနစ်သစ်ကို တန်ပြန်ခြင်းအား ဦးစားပေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ခြင်း (Countering
Neocolon-ialism as a Priority for Ensuring Security of the Global Majority
Countries)” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်
မစ္စတာ ဒီမီထရီချယ်ရ်နီရှန်ကာ (Dmitry Chern-shenko) က
အဖွင့်အမှာစကားပြောကြားကာ ရုရှားနိုင်ငံလုံခြုံရေးကောင်စီ ဒုတိယအတွင်းရေးမှူး မစ္စတာ
အလက်ဇန္ဒားဗီနီဒစ်တော့ဗ် (Alexander Venediktov) နှင့်အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ
အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မော်စကိုတက္ကသိုလ်
နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ပါမောက္ခချုပ်၊ ဖက်ဒရေးရှင်းကောင်စီ ဒုတိယဥက္ကဋ္ဌတို့က
အမှာစကားများ ပြောကြားကြသည်။
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်
ပြည်ထောင်စုဝန်ကြီးသည် မေ ၂၇ ရက်တွင် ဆဋ္ဌမအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ
အဆင့်မြင့်ကိုယ်စားလှယ်များ ဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊
ရုရှားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး
မစ္စတာ ဆာဂေးရွှိုင်းဂူတို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး
ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းနှင့် နိဂုံးချုပ်မိန့်ခွန်းများ
ပြောကြားခဲ့ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ
အာရှ-ပစိဖိတ် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအခြေအနေတိုးတက်ပြောင်းလဲမှုများ၊
မဟာဗျူဟာမြောက်တည်ငြိမ်ရေး၊ လက်နက်ထိန်းချုပ်ရေးနှင့် နျူကလီးယားလက်နက်မပြန့်ပွားရေး၊
သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို
ကိုင်တွယ်ဖြေရှင်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။
ယင်းနေ့ညနေပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးသည် ပထမအကြိမ် နိုင်ငံတကာ လုံခြုံရေးဖိုရမ်သို့ တက်ရောက်လာကြသည့်
ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား ရုရှားလုံခြုံရေးကောင်စီအတွင်း ရေးမှူး
မစ္စတာ ဆာဂေးရွှိုင်းဂူက တည်ခင်းဧည့်ခံသည့်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီး
ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေလ ၂၈ ရက်နေ့တွင်
“ဝင်ရိုးစုံကမ္ဘာပေါ်ထွန်းလာမှုနှင့် ဆက်နွှယ်နေသော နိုင်ငံတကာလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့်
ခြိမ်းခြောက်မှုများ (Challenges
and Threats to International Security in the Context of the Emergence of the
Multipolar World)” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက်
လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး
အစည်းအဝေးတွင် ရုရှားသမ္မတ မစ္စတာ ဗလာဒီမာပူတင် (Valdimir Putin) က Video Message ဖြင့်လည်းကောင်း၊
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ
ဆာဂေးရွှိုင်းဂူက သဘာပတိအဖြစ်လည်းကောင်း အဖွင့်အမှာစကားများ ပြောကြားခဲ့ကြကာ
ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုအနေဖြင့်
“ပူးတွဲသတင်းအချက်အလက်လုံခြုံရေးစင်တာ တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”
နှင့် “မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား အပြည်ပြည်ဆိုင်ရာ
သတင်းအချက်အလက်လုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မည့် အကောင်အထည်ဖော်ဆောင်ရွက်မှုအစီအစဉ်
၂၀၂၆-၂၀၂၉” တို့ကို အမျိုးသားပြည်ထောင်စုဝန်ကြီးနှင့် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးတို့၏
ရှေ့မှောက်၌ နှစ်ဖက်တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည်
မေ ၂၇ ရက်မှ ၂၉ ရက်အတွင်း ရုရှားသမ္မတ၏ လက်ထောက်နှင့် ရေကြောင်းကော်မတီဥက္ကဋ္ဌ မစ္စတာ
နီကိုလိုင်ပတ်ထရူးရှဗ် (Nikolai
Patrushev) ၊ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာဆာဂေးရွှိုင်းဂူ၊
ဘယ်လာရုစ်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ အလက်ဇန္ဒားဗိုလ်ဖိုဗစ်ချ်
(Alexander Volfovich)၊ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ်
မစ္စတာ ချတ်ချိုင်းဘန်ချူရဒ် (Chatchai Bangchuad)၊
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူး
မစ္စတာ ချန်းဝန်ကျင်း (Chen Wenqing)၊ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်
မစ္စတာ အာဂျစ်ဒိုဗယ် (Ajit Doval) တို့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
ကိစ္စရပ်များ၊ သတင်းအချက်အလက် အပြန်အလှန်မျှဝေခြင်းဆိုင်ရာ ကိစ္စရပ်များ၊
နည်းပညာမျှဝေခြင်းဆိုင်ရာ ကိစ္စရပ်များအပါအဝင် ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့်
ဖိုရမ်ကာလအတွင်း ကျင်းပပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲ (Roundtable talks) အစီအစဉ်များတွင်လည်း
ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ခင်းကျင်းပြသထားသည့် စစ်ဘက်နှင့်
လုံခြုံရေးဆိုင်ရာ ပစ္စည်းထုတ်ကုန်ပြခန်းများ၊ ဆေးဘက်ဆိုင်ရာပြခန်းများ၊
ခေတ်မီနည်းပညာပြခန်းများအား ကြည့်ရှုလေ့လာခြင်း၊ ရုရှားဇဗျဲဘဏ် (Sber Bank)
သို့ သွားရောက်လေ့လာ၍ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆွေးနွေးခြင်း၊
မော်စကိုမြို့ရှိ Shooting Range of the Kalash-nikov Concern ၊ ရုရှားနိုင်ငံ Rostec အဆင့်မြင့်နည်းပညာကုမ္ပဏီ၊ ကင်ဆာရောဂါဆိုင်ရာကုသမှုများ
ဆောင်ရွက်သည့် National Medical Research Radiological Center တို့သို့ သွားရောက်လေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင်
ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း မော်စကိုဒေသရှိ Patriot Park ပန်းခြံတွင်
ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ပွဲဝင်ခဲ့ကြသည့် “မြန်မာ့စစ်သည်တော်မဟာမိတ်များ”
အမည်ရှိ အထိမ်းအမှတ်ရုပ်တု၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ပန်းခွေချဂုဏ်ပြုခဲ့သည်။
ပထမအကြိမ်
နိုင်ငံတကာလုံခြုံရေး ဖိုရမ်နှင့် (၁၄) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးကိစ္စရပ်များဆိုင်ရာ
အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅ နိုင်ငံမှ
ကိုယ်စားလှယ် ၅၀၀၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြပြီး ရုရှားနိုင်ငံမှ
စစ်ဘက်နှင့်လုံခြုံရေးဆိုင်ရာ ပစ္စည်းထုတ်ကုန်များကို ပြခန်းပေါင်း ၂၂ ခန်းဖြင့် ခင်းကျင်းပြသခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment