Wednesday, June 24, 2026

ဒဂုံမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကျင်းပ

 

ရန်ကုန် ဇွန် ၂၃

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ဒဂုံမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း၊ အတွင်းရေးမှူး ဦးနေဝင်းအောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။



















ဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ဘင်ခရာတီးဝိုင်းနှင့် ပန်းပွားအကအလှများဖြင့် ကြိုဆိုကြသည်။

ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အတူ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက "မြန်မာ့စာပေယဉ်ကျေးမှုအမွေ" သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားပြီး ပွဲတော်တွင် စာပေဟောပြောမည့် စာရေးဆရာလင်းသိုက်ညွန့် (မြန်မာ့မြေ) အား ဂုဏ်ပြုလက်ဆောင်နှင့် ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။ ထို့ပြင် စာဖတ်ရှိန်ပွဲတော်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းလှူဒါန်းပေးကြသော အလှူရှင်များကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားတွင် ကျောင်းသား/သူလေးများက ကဏ္ဍအလိုက် ဖျော်ဖြေတင်ဆက်ကြရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ သံစုံတီးဝိုင်းက ဧည့်ခံတီးလုံးဖြင့်လည်းကောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက "စာဖတ်ရှိန်ပွဲတော်" သီချင်းဖြင့်လည်းကောင်း၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/သူလေးများက "ပညာဘဏ်တိုက် စာကြည့်တိုက်" သီချင်းဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်သည်တော်များသည် စာဖတ်ရှိန်ပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် လှုပ်ရှားမှုကဏ္ဍအသီးသီးကို လှည့်လည်ကြည့်ရှုကြသည်။

No comments:

Post a Comment