Tuesday, June 16, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ

 

နေပြည်တော် ဇွန် ၁၅

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ရရှိရေး၊ စိုက်/မွေးသိပ္ပံဖွင့်လှစ်ပေးနိုင်ရေး၊ နိုင်ငံ့ဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးနိုင်ရေး၊ တရားမဝင်ယစ်မျိုးလိုင်စင်ဖမ်းဆီးရေး၊ ကျေးရွာများတိုးချဲ့ ပြင်ဆင်ပေးနိုင်ရေး၊ ဆေးရုံအဆင့်မြှင့်တင်နိုင်ရေးနှင့် ဆေးဝါးနှင့် ဆရာဝန်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်းသည့် မေးခွန်း ၁၀ ခု မေးမြန်းဖြေကြားခြင်း၊ အဆိုတစ်ခု ဆွေးနွေးအတည်ပြုခြင်း၊ ကော်မတီ ၂ ခု ဖွဲ့စည်းခြင်းအား အတည်ပြုခြင်း၊ ကော်မတီ ၃ ခု ဖွဲ့စည်းရန် လွှတ်တော်သို့တင်ပြခြင်းနှင့် ဥပဒေကြမ်း ၁ ခု လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဦးစွာ ပျဉ်းမနားမဲဆန္ဒနယ်မှ ဦးခင်မောင်ဌေး၏ ပျဉ်းမနားမြို့နယ် အရှေ့ဘက်ခြမ်း တောင်ပေါ်ဒေသတွင် ဒေသခံတိုင်းရင်းသားတောင်သူများ စိုက်ပျိုး လျက်ရှိကြသည့် ကော်ဖီနှင့် လက်ဖက်စိုက်ခင်းများအား စီမံချက်ချမှတ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံရရှိရေး ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ပျဉ်းမနားမြို့နယ် အရှေ့ဘက်ခြမ်း တောင်ပေါ်ဒေသတွင် ကျေးရွာအုပ်စု ၇ အုပ်စုရှိပြီး ကျေးရွာပေါင်း ၅၉ ရွာရှိပါကြောင်း၊ ကျေးရွာ အုပ်စု ၇ အုပ်စုအနက် ဘို့မကျေးရွာအုပ်စုမှအပ ကျေးရွာအုပ်စု ၆ အုပ်စုရှိ ဒေသခံတိုင်းရင်းသားတောင်သူများမှာ ဥယျာဉ်မြေ ၄၄၈ ဧကပေါ်တွင် ကော်ဖီသီးနှံများ စိုက်ပျိုးလျက်ရှိပြီး ၁၅၄၂ ဧကပေါ်တွင် လက်ဖက်သီးနှံများ စိုက်ပျိုးထားရှိပါကြောင်း၊ အဆိုပါကော်ဖီနှင့် လက်ဖက်စိုက်ဧရိယာများသည် ဥယျာဉ်မြေမျိုးကြီးပေါ်တွင် စိုက်ပျိုးထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါ စိုက်ဧရိယာများအပေါ် နှစ်စဉ်မြေခွန်စည်းကြပ်လျက်ရှိပြီး မြို့နယ်စိုက်ဧရိယာ စာရင်းတွင်လည်း ကော်ဖီ၊ လက်ဖက်စိုက်ဧရိယာများ ပါဝင်ပါကြောင်း။

ဒေသခံတိုင်းရင်းသားများက ၎င်းတို့၏ စိုက်ပျိုးမြေများနှင့် ပတ်သက်၍ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားလာမှုအပေါ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်တို့မှ စိစစ်ဆောင်ရွက်၍ ကိုက်ညီမှုရှိပါက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များ ထုတ်ပေးခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မြန်အောင်မဲဆန္ဒနယ်မှ ဦးအောင်ဝင်းဆွေ၏ မြန်အောင်မြို့နယ်အင်ပင်မြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး သိပ္ပံ/ကောလိပ် ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုး၊ မွေးမြူရေးကို အဓိကအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြောင်းမြမြို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(မြောင်းမြ)ကို ဖွင့်လှစ် လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး တက္ကသိုလ်(မအူပင်)ကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ပြီး သင်ကြားပေးလျက်ရှိပါကြောင်း၊ ထို့ပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရန် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၈ ကျောင်းကို ဖွင့်လှစ်ထားရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ကျောင်းများ လုံလောက်မှုရှိပါသဖြင့် မြန်အောင်မြို့နယ် အင်ပင်မြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံ/ ကောလိပ်ထပ်မံဖွင့်လှစ်ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ကျွန်းလှမဲဆန္ဒနယ်မှ ဦးစိုးကျော်နိုင်၏ ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့နယ်တို့အား ဆက်သွယ်ထားသည့် ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာလမ်းမကြီး လုံခြုံချောမွေ့စွာ သွားလာနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့သည် ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာလမ်းမကြီးမှ အနောက်ဘက် ၁၆ မိုင် ခန့်အကွာတွင် တည်ရှိပါကြောင်း၊ ယခုအခါကန့်ဘလူမှ ကျွန်းလှမြို့သို့သွားလာမည်ဆိုပါက ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာလမ်းမကြီးရှိ ယမနေ ကျေးရွာအနီး ဇီးကုန်းလမ်းဆုံမှတစ်ဆင့် ဇီးကုန်း- ထန်းကုန်း - ကန့်ဘလူ - ကျွန်းလှသို့လည်းကောင်း၊ မဟာဗျူဟာလမ်းရှိ စံပါယ်နံ့သာရွာမှတစ်ဆင့် ကန့်ဘလူ-ကျွန်းလှမြို့သို့လည်းကောင်း သွားလာနိုင် သည့်လမ်းကြောင်း ၂ ခုရှိပြီး လက်ရှိအချိန်တွင် ကန့်ဘလူခရိုင်အတွင်းရှိ ရွှေဘို-မြစ်ကြီးနားလမ်း၌ နယ်မြေခံတပ်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့များပူးပေါင်း၍ လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်လျက်ရှိပါကြောင်း။

ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့နယ်တို့အား ဆက်သွယ်ထားသည့် ရွှေဘို - မြစ်ကြီးနား မဟာဗျူဟာလမ်းမကြီး လုံခြုံချောမွေ့စွာသွားလာနိုင်ရေးအတွက် အကြမ်းဖက် PDF အဖွဲ့များ အခြေပြုလှုပ်ရှား နေသည့်နေရာများအား တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှပူးပေါင်း၍ နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

မြင်းမူမဲဆန္ဒနယ်မှ ဦးဝင်းနိုင်၏ မြင်းမူမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝင်းအတွင်း ၄ ခန်းတွဲ၊ ၄ ထပ် ဝန်ထမ်းအိမ်ရာတစ်လုံး ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ၊ ရှိပါက ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေး နှစ်အတွင်း ရန်ပုံငွေခွဲဝေချထားပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက မြင်းမူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဧရိယာအတွင်း ၄ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာတစ်ခုဆောက်လုပ်ရန် မြေလွတ်ကျန်ရှိသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် အိမ်ရာဆောက်လုပ် မည်ဆိုပါက ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ် အရအသုံး ငွေစာရင်း၌ ထည့်သွင်းလျာထား တောင်းခံထားမှုမရှိပါသဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လျာထားတင်ပြနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ဒလမဲဆန္ဒနယ်မှ ဦးတင်မြင့်၏ တရားမဝင် ယစ်မျိုးလိုင်စင်များကို မည်ကဲ့သို့ ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်း အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက ယစ်မျိုးသက်ဝင်ပစ္စည်းများ လိုင်စင်ခွင့်ပြုချက် မရှိဘဲ တရားမဝင်ရောင်းဝယ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ဖမ်းဆီးအရေးယူခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်းကို သက်ဆိုင်ရာအဖွဲ့အစည်းများက တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်များ အပြည့်အဝရရှိစေရန်နှင့် လိုင်စင်မဲ့ဆောင်ရွက်မှုများအား ဥပဒေနှင့်အညီ စနစ်တကျအရေးယူနိုင်ရန် ယစ်မျိုးလိုင်စင်ခွန်များ တိုးမြှင့်ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေးအဖွဲ့ကို ဗဟိုအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့၊ မြို့နယ်အဖွဲ့ စသဖြင့် အဆင့်ဆင့်ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။

၂၀၂၅ ခုနှစ်အတွင်း ယစ်မျိုးလိုင်စင်မဲ့များ အရေးယူနိုင်ရေးအတွက် ကွင်းဆင်းမှုအကြိမ်ရေ ၄၈၁၆ ကြိမ်မှ ဖမ်းဆီးမှု ၄၇၇ ကြိမ်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ ကွင်းဆင်းမှု အကြိမ်ရေ ၁၅၉၇ ကြိမ်မှ ဖမ်းဆီးမှု ၂၁၃ ကြိမ် အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း လိုင်စင်စည်းကမ်းပျက်များ အရေးယူနိုင်ရေးအတွက် ကွင်းဆင်းမှုအကြိမ်ရေ ၄၈၁၀ တွင် ဖမ်းဆီးမှု ၂၁ ကြိမ်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လမှ ဧပြီလအထိ ကွင်းဆင်းမှုအကြိမ်ရေ ၁၅၉၄ ကြိမ်တွင် ဖမ်းဆီးမှု ၄၄ ကြိမ် အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်ကြားမှုများရှိပါက စိစစ်ကြပ်မတ်ရေး အဖွဲ့များဖြင့် အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းစစ်ဆေး အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ကျောက်ဆည်မဲဆန္ဒနယ်မှ ဦးအောင်မြင့်သန်း၏ ကျောက်ဆည်မြို့ပေါ် ၁ဝ ရပ်ကွက်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကျေးရွာများအား မြို့မြေအဖြစ် တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းပေးနိုင်ရေးအစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက ကျောက်ဆည်မြို့တွင် ၁၀ ရပ်ကွက်ရှိပြီး ၎င်းတို့ အနက် ရပ်ကွက် ၄ ရပ်ကွက်သည် ကျေးရွာ ၁၀ ရွာနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါကြောင်း၊ ရပ်ကွက်များနှင့်ထိစပ်နေသည့် တောင်နံ့သာကျေးရွာ၊ ငှက္ကတောင်ကျေးရွာ၊ လက်ပန်ပင်ကျေးရွာ၊ မယ်ဇယ်ပင်ကျေးရွာ၊ ဇရပ်ဖြူကျေးရွာ၊ အင်ဒိုင်းကျေးရွာ၊ ပြည်ပန်းကျေးရွာ၊ ထနောင်းပင်လှကျေးရွာ၊ ငါးဆူကျေးရွာ၊ ပတ္တာကျေးရွာနှင့် တိုးချဲ့မြင်စိုင်းရပ်ကွက်တို့အား မြို့မြေအဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပေးနိုင် ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ကျေးရွာများအား မြို့မြေတိုးချဲ့ပြင်ဆင်ဖွဲ့စည်းပေးနိုင်ရန်အတွက် စနစ်တကျဖွဲ့စည်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကျေးရွာများမှ တင်ပြချက်အပေါ် မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးတွင် တင်ပြဆုံးဖြတ်ချက်ရယူကာ နိုင်ငံတော်သမ္မတထံ ခွင့်ပြုချက်ရရှိရေး တင်ပြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ခွင့်ပြုချက်ရရှိပါက လယ်မြေများအား အခြားနည်းအသုံးပြုနိုင်ရေး မြို့၊ ကျေးရွာ တိုးချဲ့ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်သည့်ဌာနအဆင့်ဆင့်သို့ တင်ပြသွားရမည် ဖြစ်ပါကြောင်း။

ကျောက်ဆည်မြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကျေးရွာများအား မြို့မြေအဖြစ် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းပေးနိုင်ရန်အတွက် မြို့မြေအဖြစ်လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ဆောင်ရွက်၍ ခွင့်ပြုချက်ရရှိမှသာလျှင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ကလေးမဲဆန္ဒနယ်မှ ဦးခင်မောင်သန်း၏ ကလေး မြို့ ပြည်သူ့ဆေးရုံကြီးကို ခုတင် ၃ဝဝ မှ ခုတင် ၅ဝဝ သို့ အဆင့်တိုးမြှင့်ပေးနိုင်ပါရန်၊ ခေတ်မီစက်ကိရိယာများ တပ်ဆင်ပေးနိုင်ပါရန်နှင့် ဆေးရုံကြီးတွင်လိုအပ် လျက်ရှိသော ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာ ဝန်ကြီးနှင့် ၎င်းဌာနအတွက် ဓာတ်မှန်ကျွမ်းကျင်အဆင့် ၂ တို့အား ခန့်ထားပေးနိုင်ပါရန် မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကလေးမြို့ပြည်သူ့ဆေးရုံ ကြီး၏ ၃ နှစ်စာ ပျမ်းမျှတစ်ရက်အတွင်း လူနာဦးရေ ၆၃ ဦးရှိပြီး ဆေးရုံခွင့်ပြုခုတင်အသုံးပြုမှု ရာခိုင်နှုန်းမှာ ၃ နှစ်စာ ပျမ်းမျှ ၂၁ ရာခိုင်နှုန်းရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ဆေးရုံခုတင်အသုံးပြုမှု ရာခိုင်နှုန်း ပြည့်မီကျော်လွန်ချိန်တွင် ခုတင်အဆင့်တိုးမြှင့်ခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ခေတ်မီ စက်ကိရိယာများ တပ်ဆင်ပေးမှုအနေဖြင့် ၂၀၂၅-၂ဝ၂၆ ခုနှစ်အတွင်း ဆေးရုံလိုအပ်ချက်အရ ဆေးရုံသုံး စက်ပစ္စည်းများဖြစ်သည့် မေ့ဆေးစက်၊ အလွယ်တကူ သယ်ယူနိုင်သည့် တီဗွီဓာတ်မှန်စက်၊ ကွန်ပျူတာ ဓာတ်မှန်(CT scan 16 slices)တစ်လုံးတို့ကို ထောက်ပံ့ ဖြည့်ဆည်းပေးထားပါကြောင်း။

ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆိုင်ရာ ဆေးရုံ သုံးပစ္စည်းများကို စိစစ်ထောက်ပံ့ပေးမည်ဖြစ်ပြီး အရေးပေါ်ဦးနှောက်နှင့် အာရုံကြောလူနာများကို လိုအပ်ပါက ခွဲစိတ်ကုသနိုင်ရေး အဆိုပါဆေးရုံကြီးရှိ ခွဲစိတ်အထူးကုဆရာဝန် ၂ ဦးအား မန္တလေးပြည်သူ့ ဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဌာနတွင် အလှည့်ကျ လေ့ကျင့်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင် ၂ (ဓာတ်မှန်)အား သစ်လွင်ခန့်အပ်ထားမည့်အချိန်တွင် ခန့်ထားပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

လဲချားမဲဆန္ဒနယ်မှ စိုင်းစိန်ဝင်း၏ လဲချားမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ၂၅ ခုတင်မှ ခုတင် ၅ဝ သို့ အဆင့်မြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် မရှိပါက ဦးစားပေးအစီအစဉ်တွင် ထည့်ထားပေးပါရန်၊ လက်ထောက်ဆရာဝန်တစ်ဦး အမြန်ဆုံးခန့်အပ်ပေး ပါရန်နှင့် မွေးလူနာအဆောင် သီးသန့်တစ်ဆောင် အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လဲချားမြို့ ပြည်သူ့ဆေးရုံ ၂၅ ခုတင် ဆေးရုံသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် ၃ နှစ်စာ တစ်ရက်ပျမ်းမျှ အတွင်းလူနာဦးရေမှာ ၄၂ ဦးရှိပြီး တစ်ရက်ပျမ်းမျှအတွင်း လူနာဦးရေ ၅ဝ ထက် ကျော်လွန်ပါက ခုတင်အဆင့်တိုးမြှင့်နိုင်ရေး ဦးစားပေး အစီအစဉ်၌ ထည့်ထားပေးမည်ဖြစ်ပါကြောင်း။

လဲချားမြို့ပြည်သူ့ဆေးရုံအတွက် ၂၀၂၆ ခုနှစ် အောက်တိုဘာလ၌ သစ်လွင်ဆရာဝန်များ ခန့်ထား ချိန်တွင် လက်ထောက်ဆရာဝန် ၁ ဦး၊ အထက်တန်း သူနာပြု ၅ ဦးနှင့် သူနာပြု ၁၀ ဦးတို့ဖြင့် ဖွဲ့စည်းပုံ အပြည့် ခန့်အပ်ထားပြီးဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်တွင် မွေးလူနာ၊ မွေးကင်းစကလေးလူနာ ဆောင်အပါအဝင် တစ်ထပ်ဆောင် ၂ ဆောင်ကို ပြင်ဆင်မွမ်းမံထားရှိပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးသန်းအေး၏ ကျောက် ဖြူမြို့ ခုတင် ၂ဝဝ ဆံ့ ပြည်သူ့ဆေးရုံကြီးအတွက် အရေးတကြီးလိုအပ်နေသည့် ဆေးဝါးများနှင့် ဆရာဝန်၊ ဝန်ထမ်းများအား ဆောလျင်စွာစေလွှတ် ခန့်အပ်ပေးသွားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်နေသည့် ဆေးပစ္စည်းများနှင့် ပတ်သက်၍ ၂ဝ၂၆ -၂၀၂၇ ခုနှစ် ဘဏ္ဍာနှစ်တွင် ငွေကျပ် သန်း ၂၀ ခွဲဝေဆောင်ရွက်ထားပြီးဖြစ်သဖြင့် အရေးတကြီးလိုအပ်သည့်ဆေးဝါးများကို ဆေးရုံအုပ်ကြီးအစီအစဉ်ဖြင့် ဝယ်ယူဖြည့်ဆည်းနိုင်ပြီဖြစ်ပါကြောင်း၊ ခွဲစိတ်ခန်းသုံး ထိန်းချုပ်ဆေးဝါးများဖြစ်သည့် Injection Diazepam ၊ Injection Ephedrine ၊ Injection Tramadol တို့ကို တစ်ပါတည်းထောက်ပံ့ထားပြီးဖြစ် ပါကြောင်း၊ ဆက်လက်၍လည်း လိုအပ်ချက်နှင့်အညီ ဆေးဝါးများ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ဆေးရုံအုပ်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ ဓာတ်မှန်အထူးကုဆရာဝန်၊ လက်ထောက်ဆရာဝန် ၁ ဦးတို့ တာဝန်ထမ်းဆောင် လျက်ရှိပါကြောင်း၊ ဆရာဝန်များ လေ့ကျင့်မွေးထုတ်မှု အပေါ်မူတည်၍ လိုအပ်ချက်နှင့်အညီ တာဝန်ချထား ပေးမည်ဖြစ်ပါကြောင်း၊ ဆေးဘက်ကျွမ်းကျင် ဝန်ထမ်းများအား သစ်လွင်ခန့်အပ်ပေးမည့်အချိန်တွင် ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ သူနာပြုအဆင့်များကိုလည်း ခန့်ထားပေးပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ထန်းတပင် မဲဆန္ဒနယ်မှ ဦးသိန်းရီ၏ ထန်းတပင်မြို့နယ် ညောင်ရိုးကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအား ၂ဝ၂၆ -၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကတွယ်ကျေးရွာအုပ်စု ညောင်ရိုးကျေးရွာ တွင် အိမ်ခြေ ၃၂၀ နှင့် လူဦးရေ ၁၂၅၉ ဦး ရှိပါကြောင်း၊ ညောင်ရိုးကျေးရွာသည် ထိုးနာရီကျေးလက်ကျန်းမာ ရေးဌာနခွဲအောက်တွင်ရှိပြီး ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ၀ ဒသမ ၆၈ ဖာလုံ အကွာအဝေးတွင် ရှိပါ ကြောင်း၊ ထိုးနာရီ ကျေးလက်ကျန်းမာရေးဌာနခွဲသည် ထိုးနာရီရွာ၊ ညောင်ရိုးရွာ၊ ကရင်ချောင်းရွာ၊ စာဖြူစုရွာ၊ သနပ်ပင်ရွာ၊ အညာစုရွာများရှိ အိမ်ခြေ ၁၀၀၁ နှင့် လူဦးရေ ၅၀၆၄ ဦးကို ကျန်းမာရေးဝန်ထမ်း ၂ ဦး ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း။

ညောင်ရိုးကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ခွင့်ရရှိပါက ထပ်မံလာရောက်ပြသနိုင် သည့်ကျေးရွာသည် ကရင်ချောင်းကျေးရွာတစ်ရွာသာရှိပြီး ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု ဖွင့်လှစ်ရန် လူဦးရေပျမ်းမျှအနည်းဆုံး ၂၀၀၀ ခန့် လွှမ်းခြုံမှုပေး နိုင်ရမည်ဖြစ်သည့်အတွက် ညောင်ရိုးကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲဖွင့်လှစ်ရန် လတ်တလော လိုအပ်မှုမရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။

အင်္ဂပူမဲဆန္ဒနယ်မှ ဒေါက်တာဌေးဝင်း တင်သွင်း သည့် “လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံ မြေမှထွက်ရှိသော ထွက်ကုန်သီးနှံ ဈေးနှုန်းထိန်းညှိရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့်က အဆိုသည် တောင်သူလယ်သမားများ စိုက်ပျိုးစရိတ်(သွင်းအားစု) ကြီးမြင့်သော်လည်း ရိတ်သိမ်းချိန်တွင် ဈေးကွက်အတွင်း ဝယ်လိုအားနှင့် ရောင်းလိုအားမမျှတမှု၊ ပွဲစားနှင့် ဝိသမလောဘသားများ၏ ဈေးကစားမှုများကြောင့် တောင်သူများ အရှုံးပေါ်လေ့ရှိပါကြောင်း၊ အဆိုပါကော်မရှင်ကို ဖွဲ့စည်းနိုင်ပါက မတရားသဖြင့် ဈေးနှိမ်ခံရမှုများမှ ထိရောက်စွာ အကာအကွယ်ပေး နိုင်မည်ဖြစ်ပါကြောင်း။

သီးနှံဈေးနှုန်းများ ရုတ်တရက်ထိုးကျသွားခြင်း မရှိစေရန်အတွက် “အနိမ့်ဆုံးအာမခံဈေးနှုန်း” (Minimum Support Price) သတ်မှတ်ပေးခြင်း သို့မဟုတ် အစိုးရက ကြားဝင်ဝယ်ယူပေးခြင်းဖြင့် ဈေးကွက်ကို ထိန်းညှိပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဈေးနှုန်းအာမခံချက် ရှိလာပါက တောင်သူများသည် နောက်ထပ်ရာသီများတွင် သီးနှံများကို ရဲဝံ့စွာစိုက်ပျိုး လာကြမည်ဖြစ်ရာ နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ပို့ကုန်ကဏ္ဍကို စဉ်ဆက်မပြတ် အထောက်အကူပြုမည်ဖြစ်ပါကြောင်း အဆိုနှင့်စပ်လျဉ်း၍ ထောက်ခံ ဆွေးနွေးသည်။

လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်သူရက တောင်သူလယ်သမားများဘဝ ရင်ဆိုင်နေရသော အခက်အခဲများဖြစ်သည့် သွင်းအားစုမြေဆီများအပေါ် ဈေးနှုန်းကျဆင်းရေးအတွက် အခွန်လျော့ပေါ့ ကောက်ခံခြင်း၊ ထွန်ယက်ရာတွင်အသုံးပြုသည့် လယ်ယာသုံးစက်ကိရိယာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ သက်ဆိုင်ရာဝန်ကြီးဌာနက ထောက်ပံ့ပေးခြင်း၊ မျိုးကောင်းမျိုးသန့်ထွက်နှုန်းကောင်းမွန်သော မျိုးစပါးများချထားပေးခြင်း၊ သဘာဝမြေဆီ၊ မြေဩဇာအသုံးပြုနိုင်ရေးနှင့် Artificial Fertilizer များ လျော့ပါးစွာအသုံးချရေး၊ ထွက်နှုန်းကောင်းမွန်စေရေးအတွက် စိုက်ပုံနည်းစနစ်များကို အသိပညာပေး ရေးတို့ကို သက်ဆိုင်ရာ ဦးစီးဌာနများကို Awareness ပေးရေး၊ လယ်ယာလုပ်ငန်းခွင်သုံး စက်သုံးဆီဈေးကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းတို့အပြင် ထွက်ရှိ လာသော ကောက်ပဲသီးနှံများအပေါ် ခေတ်စနစ်နှင့် လျော်ညီပြီး သင့်တင့်မျှတသောဈေးနှုန်းကို နိုင်ငံတော်အစိုးရမှ ထိန်းညှိဆောင်ရွက်ပေးနိုင်ရေးအတွက် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေက တောင်သူလယ်သမားများ၏ ဝင်ငွေ တည်ငြိမ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အမျိုးသားစီးပွားရေးလုံခြုံရေးတို့နှင့် တိုက်ရိုက်ဆက်စပ်နေသော အရေးကြီးသောမူဝါဒအဆိုတစ်ရပ် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု GDP ၏ ၃၀ ရာခိုင်နှုန်းနီးပါးသည် စိုက်ပျိုးရေးကဏ္ဍမှ လာခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍသည် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် အားထားလုပ်ကိုင်နေ ကြသည့် ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍသည် နိုင်ငံခြားဝင်ငွေရရှိမှု၏ အဓိကကျောရိုး တစ်ခုဖြစ်ပြီး နှစ်စဉ်စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ ၅ ဘီလီယံမှ ၈ ဘီလီယံကြား ပုံမှန်ရရှိနေပါကြောင်း။

“အမျိုးသား စိုက်ပျိုးရေးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်ရေး မဟာဗျူဟာ”ကို ချမှတ်၍ MSP ၊ Buffer Stocki AMIS ၊ Crop Insurance ၊ Commo-dity Exchange Marketနှင့် ပို့ကုန်မြှင့်တင်ရေးတို့ကို ပေါင်းစပ်အကောင်အထည်ဖော်သင့်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ပါက တောင်သူဝင်ငွေတည်ငြိမ်ရေး၊ စားနပ်ရိက္ခာလုံခြုံရေးနှင့် အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုမည်ဖြစ်သည့်အတွက် အဆိုကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။

အိမ်မဲ မဲဆန္ဒနယ်မှ ဦးတင်ဦးက ဥပဒေက တောင်သူလယ်သမားများအတွက် နည်းစနစ်၊ အခွင့် အရေး၊ အကာအကွယ်နှင့် အကျိုးဖြစ်ထွန်းစေရန် ပြဋ္ဌာန်းထားရှိသော်လည်း ယနေ့ တောင်သူလယ် သမားအများစုမှာ မိရိုးဖလာနည်းစနစ်များဖြင့်သာ စိုက်ပျိုးလျက်ရှိကြပြီး အဆိုရှင် တင်ပြခဲ့သကဲ့သို့` စိုက်ပျိုးစရိတ်သွင်းအားစုနှင့် သီးနှံဈေးမမျှတမှုကြောင့် တောင်သူလယ်သမားများ၏ဘဝမှာ ကြွေးသံသရာထဲက ရုန်းမထွက်နိုင်ဘဲ ရှိနေကြပါကြောင်း၊ တောင်သူလယ်သမားများ၏ လက်ရှိခံစားနေရသော ဘဝအခြေအနေမှ လွတ်ကင်းရန်ဆိုလျှင် နိုင်ငံတော်မှ အဆိုရှင်တင်ပြသော ပြည်ထောင်စုအဆင့်ကော်မရှင် တစ်ရပ်ဖွဲ့စည်းပြီး ဗဟိုအဆင့်မှ တိုင်း/ခရိုင်/မြို့နယ် အောက်ခြေရပ်ကျေးအထိ စိုက်ပျိုးရေးနှင့်ပတ်သတ်သည့် အသိပညာနှင့် အတတ်ပညာရှင်များ၊ သီးနှံကုန်သည်များ၊ တောင်သူလယ်သမားများ၊ ရပ်မိရပ်ဖများပါဝင်သော ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်ပါကြောင်းအဆိုကို ထောက်ခံဆွေးနွေးသည်။

ထို့ပြင် သာယာဝတီ မဲဆန္ဒနယ်မှ ဦးဝင်းဇော်ဦး၊ ဝေါ မဲဆန္ဒနယ်မှ ဦးအောင်နိုင်၊ ဟင်္သာတမဲဆန္ဒနယ်မှ ဦးဌေးဝင်း၊ ကျုံပျော်မဲဆန္ဒနယ်မှ ဦးဇော်မင်း၊ ဘိုကလေး မဲဆန္ဒနယ်မှ ဦးစန်းမောင်နှင့် ကျောင်းကုန်းမဲဆန္ဒ နယ်မှ ဒေါက်တာထိန်ဝင်းတို့ကလည်း အဆိုနှင့်စပ်လျဉ်း ၍ ဆွေးနွေးကြသည်။

ထို့နောက် အင်္ဂပူမဲဆန္ဒနယ်မှ ဒေါက်တာဌေးဝင်း တင်သွင်းသည့် အဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းက ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် တောင်သူလယ်သမားများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ကို ဥပဒေနှင့်အညီ ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း။

အဆိုပါ ဦးဆောင်အဖွဲ့သည် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်နိုင်ရန်နှင့် အကျိုးစီးပွား မြှင့်တင်နိုင်ရန်အလို့ငှာ လယ်ယာထုတ်ကုန်များကို ဝယ်ယူရန်နှင့်လိုအပ်လျှင် လယ်ယာထုတ်ကုန်စီမံ ခန့်ခွဲရေးအဖွဲ့က တင်ဒါစနစ်အပါအဝင် အခြားသင့်လျော်သောနည်းလမ်းများဖြင့် ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း။

လယ်ယာထုတ်ကုန်များရောင်းချရာတွင် သင့်တင့်မျှတသည့်ဈေးနှုန်းနှင့် ဈေးကွက်ရရှိရေးတို့အတွက် တောင်သူလယ်သမားများကို ကူညီဆောင်ရွက်ရန် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့အား ဖွဲ့စည်း ထားရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေါက်တာဌေးဝင်း တင်သွင်းသည့်အဆိုအား မှတ်တမ်းတင် ထားရှိသင့်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ယင်းနောက် အင်္ဂပူမဲဆန္ဒနယ်မှ ဒေါက်တာဌေးဝင်း တင်သွင်းသည့် လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံမြေမှထွက်ရှိသော ထွက်ကုန်သီးနှံဈေးနှုန်း ထိန်းညှိရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ပေးပါရန် အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံး အဖြတ်ရယူရာ ထောက်ခံမဲများသည့်အတွက် အဆို ကိုအတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသတ္တမနေ့တွင် လွှတ်တော်သို့ အသိပေး တင်ပြခဲ့ပြီးဖြစ်သည့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဖွဲ့စည်းမှုနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသတ္တမနေ့တွင် လွှတ်တော်သို့ အသိပေးတင်ပြ ခဲ့ပြီးဖြစ်သည့် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဖွဲ့စည်းမှုနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသတ္တမနေ့တွင် လွှတ်တော်သို့ အသိပေးတင်ပြခဲ့ပြီးဖြစ်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီဖွဲ့စည်းမှုနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီ အစည်းအဝေးတို့နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည် ပြုချက်ရယူသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြပြီး ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ဒလမဲဆန္ဒနယ်မှ ဦးတင်မြင့်နှင့် အတွင်းရေးမှူးအဖြစ် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်းတို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်း ပညာကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြပြီး ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာ ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်နှင့် အတွင်းရေးမှူးအဖြစ် ပင်လောင်းမဲဆန္ဒနယ်မှ နန်းရီရီဝင်းတို့ကို တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြပြီး ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ငါန်းဇွန် မဲဆန္ဒနယ်မှ ဦးလှမင်းနှင့် အတွင်းရေးမှူးအဖြစ် တောင်သာမဲဆန္ဒနယ်မှ ဦးတိုးဝင်းတို့ကို တာဝန် ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။

ဆက်လက်၍     ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော “အွန်လိုင်းလိမ်လည်မှုတိုက်ဖျက် ရေးဆိုင်ရာ ဥပဒေကြမ်း” ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအဋ္ဌမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး နဝမနေ့ကို ဇွန် ၁၇ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment