Tuesday, June 30, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် ၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်

 

နေပြည်တော် ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် ၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်မည်ဖြစ်သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် လာအိုနိုင်ငံသမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်းနှင့် လာအိုနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်းတို့အပြင် ပြည်နယ်အကြီးအကဲကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်သည်။ ထို့အပြင် လာအိုနိုင်ငံရှိ အထင်ကရနေရာများနှင့် ရှေးဟောင်းဘုရားများကို လေ့လာဖူးမြော်သွားမည်ဖြစ်သည်။ ခရီးစဉ်အတွင်း မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်သည်။

အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားမည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂ဝ၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်

No comments:

Post a Comment