Saturday, June 20, 2026

တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ


နေပြည်တော် ဇွန် ၁၉ 

တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအဋ္ဌမနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၃ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁၀) စိုင်းဝင်းခိုင်၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ အဘယ်ကြောင့်ထပ်သည့်ကိစ္စဖြစ်ပေါ်ရပါသနည်း၊ ထိုကဲ့သို့ ထပ်နေသည့်ကတ်ပြားအမှတ်ဦးစွာရရှိသူအား မည်ကဲ့သို့စိစစ်၍ ၎င်း၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်အတွက် ကာကွယ်စောင့်ရှောက်ပေးနိုင်သနည်း၊ မသမာမှုကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ထပ်ရသည်ကို စိစစ်တွေ့ရှိရပါက မည်သို့အရေးယူ ဆောင်ရွက်မည်တို့ကိုသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နိုင်ငံသားနံပါတ်တစ်ခုတည်းကို လူပုဂ္ဂိုလ်နှစ်ဦးအား နံပါတ်ထပ်၍ ထုတ်ပေးထားခြင်းကြောင့် ကာယကံရှင်များမှလည်း အဆိုပါနိုင်ငံသားနံပါတ်ဖြင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် အသုံးပြုထားသဖြင့် အခက်အခဲမရှိစေရန်အတွက် ထုတ်ပေးထားသည့် နိုင်ငံသားနံပါတ်များအား ရုံးလက်ခံ နိုင်ငံသားကိုယ်ရေးမှတ်တမ်းဖြင့် ပြန်လည်စိစစ်ခြင်း၊ သဘောရိုးဖြင့်မှားယွင်း၍ ထုတ်ပေးထားခြင်း ဟုတ်မဟုတ် စစ်ဆေးခြင်း၊ ထုတ်ပေးထားသူများသည် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားအရည်အချင်းအရ အထောက်အထားခိုင်မာစွာဖြင့် ထုတ်ပေးခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ဝန်ထမ်းမှ မရိုးဖြောင့်သောနည်းဖြင့် ထုတ်ပေးထားခြင်း ရှိ/မရှိ စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း။

ဖြေရှင်းဆောင်ရွက်ပေးရာတွင် နိုင်ငံသားနံပါတ်တစ်ခုတည်းဖြင့် ထုတ်ပေးထားသော နိုင်ငံသား စိစစ်ရေးကတ်ပြားများသည် မှန်ကန်စွာထုတ်ပေးထားသော ကတ်ပြားများဖြစ်ပါက နံပါတ်ပေးသည့် စာအုပ်တွင်ဖော်ပြထားသူအား အတည်ပြုပေးပြီး ကျန်တစ်ဦးအား နံပါတ်အသစ်ဖြင့်လည်းကောင်း၊ နံပါတ်ပေးသည့်စာအုပ်တွင် နှစ်ဦးစလုံးအား နိုင်ငံသားနံပါတ်တူညီစွာ မှတ်တမ်းသွင်းထားပါက နံပါတ်ထပ်နေသူနှစ်ဦးအား တွေ့ဆုံညှိနှိုင်းစေ၍ စောစွာထုတ်ယူသူအားအတည်ပြုပြီး ကျန်တစ်ဦးအား နိုင်ငံသား နံပါတ်အသစ်ရယူစေခြင်းဖြင့်လည်းကောင်း နိုင်ငံသားနံပါတ်ကို အတည်ပြုဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် တစ်ဦးသည် ယင်းနိုင်ငံသားနံပါတ်ဖြင့် ဘွဲ့လက်မှတ်၊ ဝန်ထမ်း ပင်စင်စာအုပ်များတွင် အသုံးပြုထား၍ ကျန်တစ်ဦးမှာ အသုံးမပြုပါက ယင်းပုဂ္ဂိုလ်အား နံပါတ်အသစ်ထုတ်ပေးပြီး ယခင်နိုင်ငံသားနံပါတ်အဟောင်းကို ပညာရေး၊ စီးပွားရေး၊ ရုံးဌာနများနှင့်ဆက်စပ်သည့်နေရာများတွင် သုံးစွဲထားပါက အခက်အခဲမရှိစေရန်အတွက် နံပါတ်အသစ်ဖြင့်ထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၏ နောက်ကျောတွင် ယခင် ကိုင်ဆောင်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ဟုရေးသွင်း၍ မူလနံပါတ်အားဖော်ပြပေးပြီး မြို့နယ်ဦးစီးမှူးမှ အတည်ပြုလက်မှတ်ရေးထိုးပေးပါကြောင်း။

နိုင်ငံသားနံပါတ်ထပ်နေသူနှစ်ဦးတွင် တစ်ဦးအား မသမာသောနည်းလမ်းဖြင့် ဆောင်ရွက်ပေးထားသည်ကို စိစစ်တွေ့ရှိရပါက မှန်ကန်မှုရှိသူကိုသာ အတည်ပြုပြီး နိုင်ငံသားအရည်အချင်းမရှိသူကို ထုတ်ပေးထားသည့် ပါဝင်ပတ်သက်သူဝန်ထမ်းများ သို့မဟုတ် ပါဝင်ပတ်သက်ဆက်စပ်သူများအားဖော်ထုတ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူအပြစ်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်မှ ယနေ့အထိ အရာထမ်း ၃၀၊ အမှုထမ်း ၄၈ ဦး၊ ပေါင်း ၇၈ ဦးတို့အား အရေးယူ ဆောင်ရွက်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား အရာ၊ အိမ်ထောင်စုလူဦးရေ စာရင်းအရာ၊ ပြုလုပ်ကိုင်ဆောင်သူနှင့် ဆောင်ရွက်ပေးခဲ့သော ပွဲစားများအား အရေးယူဆောင်ရွက်ခဲ့မှုအနေဖြင့် ၁၀၁ ဦး ရှိပြီး ၃၂ ဦးအား ပြစ်ဒဏ်ချမှတ်၍ ကျန် ၆၉ ဦးအား တရားစွဲဆိုဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးခင်မောင်ဌေး၏ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်များရှိ လိုင်စင်သက်တမ်းကုန်ဆုံးသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား လိုင်စင်သက်တမ်းတိုးခွင့်ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မှတ်ပုံတင်သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာ့စီးပွားရေးဘဏ်သို့ ငွေပေးသွင်းရုံဖြင့် ဆောင်ရွက်၍မရနိုင်ခြင်းနှင့် လတ်တလောလမ်းခရီးအခြေအနေအရ ဝန်ထမ်းများနယ်လှည့်၍ လုပ်ငန်းဆောင်ရွက်ပေးရန် မဖြစ်နိုင်သေးခြင်းကြောင့် သက်တမ်းတိုးလုပ်ငန်းများကို နည်းလမ်းနှစ်မျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါမြို့နယ်များရှိ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီများက သက်တမ်းတိုးဆောင်ရွက်လိုသော ယာဉ်မှတ်ပုံတင်စာအုပ်၊ ယာဉ်သက်သေခံလက်မှတ်နှင့် ယာဉ်မောင်း လိုင်စင်များအားစုစည်း၍ ခရိုင်ရုံး (ပခုက္ကူ) သို့ပေးပို့ပြီး ယာဉ်စစ်ဆေးခြင်း ကင်းလွတ်ဖြင့် ယာဉ်နှင့်လိုင်စင်တစ်စောင်ချင်းစီ၏ သက်တမ်းတိုးကျသင့်ငွေများအား တွက်ချက်၍ ခရိုင်ရုံး (ပခုက္ကူ) သို့ ငွေလွှဲပေးပို့ရပါမည်ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့် သက်တမ်း တိုးလုပ်ငန်းဆောင်ရွက်ပြီးနောက် အဆိုပါမြို့နယ်များသို့ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်း ရေးကော်မတီကိုယ်စားလှယ်ဖြင့် ပြန်လည်ပေးပို့ သွားမည်ဖြစ်ပါကြောင်း။

ယာဉ်မှတ်ပုံတင်စာအုပ်၊ ယာဉ်သက်သေခံလက်မှတ်နှင့် ယာဉ်မောင်းလိုင်စင်များအားပေးပို့ရန် လမ်းခရီးအခြေအနေအရ အခက်အခဲရှိပါက လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြချက်စာပါ အတိုင်း အဆိုပါမြို့နယ်များတွင် အသုံးပြုနေသော ယာဉ်နှင့်ယာဉ်မောင်းလိုင်စင်များ သက်တမ်းလွန် ဖြစ်ပေါ်နေခြင်းအား အရေးယူဆောင်ရွက်မှုမပြုနိုင်စေရေးအတွက် သက်တမ်းကုန်ဆုံးနေသော ယာဉ်နှင့်ယာဉ်မောင်းလိုင်စင်များနှင့်စပ်လျဉ်း၍ ယာဉ်တစ်စီးချင်းစီနှင့် ယာဉ်မောင်းလိုင်စင်တစ်စောင်ချင်းစီအလိုက် သက်တမ်းကုန်ဆုံးရက်များအား စာရင်းပြုစု၍ ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အမြန်ဆုံးပေးပို့နိုင်ရေး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး (ပခုက္ကူ) သို့ ၂၀၂၆ ခုနှစ် မေ ၁၈ ရက်တွင် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးခင်မောင်ဝင်း၏ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ ခရုတုတ်ကျေးရွာသည် ပန်းလောင်မြစ်ကမ်းပါးတွင်တည်ရှိပြီး နှစ်စဉ်မိုးရာသီ ရေကြီးရေလျှံမှုများကြောင့် ကမ်းပါးပြိုသည့် သဘာဝဘေးဒဏ်များ ကြုံတွေ့ခံစားကြရပါသဖြင့် ခရုတုတ်ကျေးရွာတစ်လျှောက် ပန်းလောင်မြစ်ကမ်းပါးထိန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ခရုတုတ်အရှေ့နှင့် ခရုတုတ်အနောက် ကျေးရွာနှစ်ရွာအားကမ်းပြိုမှုမှ ကာကွယ်နိုင်ရန် စုစုပေါင်းအလျား ပေ ၂၄၀၀ ခန့်ကို ကွန်ကရစ်ပိုင်တိုင်အခြေပြု ကျောက်ဖြည့်မြေထိန်းနံရံ (Gabion Wall) ဖြင့် တည်ဆောက်ကာကွယ်ပေးရမည်ဖြစ်ပြီး ကုန်ကျစရိတ်မှာ ကျပ်သန်း ၂၅၅၀ ခန့် ဖြစ်ပါကြောင်း၊ ပန်းလောင် မြစ်ကမ်းပြိုကာကွယ်ရေးသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြစ်ငယ်၊ ချောင်းငယ်တစ်ခုတွင်ဖြစ်သဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ခရုတုတ်အရှေ့နှင့် ခရုတုတ်အနောက် ကျေးရွာနှစ်ခုအား ကမ်းပြိုမှုမှကာကွယ်နိုင်ရန် စုစုပေါင်းကမ်းပြို အလျားပေ ၂၄၀၀ ခန့်အတွက် ကုန်ကျစရိတ်ကျပ်သန်း ၂၅၅၀ ခန့်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှလည်း လုပ်ငန်းဆောင်ရွက်ချိန်တွင် နည်းပညာအကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) နန်းဝိုးစိန်၏ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ် ပြည်ထောင်စုလမ်းမကြီးမှာ ကတ္တရာခံနိုင်မှု လုံးဝမရှိတော့ဘဲ ချိုင့်ခွက်ဖြစ်ခြင်း၊ တချို့နေရာများတွင် ကတ္တရာသားမရှိတော့ဘဲ သဲနှင့်ကျောက်များ ပေါ်ထွန်းခြင်း၊ ရေစီးကြောင်းများပေါ်ထွန်းခြင်းကြောင့် သွားလာရေးခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိပါသဖြင့် တာကော်-မိုင်းပျဉ်းလမ်း၊ မိုင်းပျဉ်း-ကျိုင်းတုံ ကတ္တရာလမ်းမကြီးအား အဆင့် မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေနှင့် ရှမ်းပြည်နယ်ရန်ပုံငွေဖြင့်ပေါင်းစပ်၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဖြစ်သော ၁၂ ပေမှ ၁၈ ပေအကျယ် ကွန်ကရစ်လမ်း ချဲ့ခင်းခြင်း၊ ၅ မိုင် ၁ ဒသမ ၉ ဖာလုံ၊ ၂၄ ပေ အကျယ် ကွန်ကရစ်လမ်းချဲ့ခင်းခြင်း ၁ ဖာလုံ၊ ၁၈ ပေ အကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်း ၁ ဖာလုံ၊ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ၂ ဒသမ ၆၅ ဖာလုံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

ထို့ပြင် လမ်းအနိမ့်အမြင့်ဖြေညှိခြင်း၊ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၁ မိုင် ၇ ဒသမ ၄ ဖာလုံ၊ လမ်းပေါက်များဖာထေးပြုပြင်ခြင်း ၁၀၆၇၈၈ စတုရန်းပေ၊ ယာဉ်များလွယ်ကူချောမွေ့စွာ သွားလာနိုင်စေရန်အတွက် လမ်းပခုံးနိမ့်ကျနေသောအပိုင်းများအား ကျောက်ရောမြေဖြင့် ပြုပြင်ခြင်း ၂ မိုင် ၅ ဖာလုံ၊ ချောင်းရေတိုက်စား၍ လမ်းသားပဲ့ကျမှု မဖြစ်ပေါ်စေရန်အတွက် မြေထိန်းနံရံတည်ဆောက်ခြင်း ၇၇၁ ပေ၊ ရေစီးရေလာကောင်းမွန်စေရန်အတွက် တံတားရေပြွန်ပြုပြင်ခြင်း စသည့်လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ချောမွေ့စေရန်အတွက် လမ်း၊ တံတားများ ပြုပြင်ဆောင်ရွက်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

တာကော် - မိုင်းပျဉ်း - ကျိုင်းတုံလမ်းပိုင်း၏ အန္တရာယ်ရှိသော လမ်းကွေ့နေရာများ၊ ယာဉ်သွားလာမှုခက်ခဲသော နေရာများ၊ အတက်အဆင်း မတ်စောက်သောနေရာများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်အတွက် ပေ ၄၀ အကျယ် လမ်းတာပေါင်ချဲ့ခြင်းနှင့် မူလကတ္တရာလမ်း ၁၂ ပေအား ၁၈ ပေအကျယ်နှင့် ၂၄ ပေအကျယ် ရရှိစေရန် ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းချဲ့ခင်း၍ လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းမျက်နှာပြင်များ ပြုပြင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်ရေးဆွဲ၍ ရန်ပုံငွေလျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁၂) နန်းဝိုးစိန်၏ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ် မိုင်းပျဉ်း-မိုင်းဆတ် မြို့နယ်ချင်းဆက်လမ်းပေါ်ရှိ မိုင်းပျဉ်း-မိုင်းပုအွန်လမ်းအား ကျောက်ချောလမ်းအဆင့်မှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်နှင့် ယမ်းမိုင်ကျေးရွာမှတစ်ဆင့် မိုင်းပုအွန်ကျေးရွာအုပ်စုရှိ ကျေးရွာများသို့ လာမည့်ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်ရန်ပုံငွေဖြင့် ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်စေရန်အတွက် ကျောက်ရောမြေဖြင့် လမ်းမျက်နှာပြင် ပြုပြင်ခြင်း ၃ မိုင် ၁ ဒသမ ၉ ဖာလုံ၊ ရေစီးရေလာကောင်းမွန်စေရန်အတွက် Box Culvert ၁ စင်း တည်ဆောက်ခြင်းနှင့် လမ်း၊ တံတား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကျောက်လမ်းနှင့် အမာခံလမ်းအဖြစ်ကျန်ရှိသည့် ၁၃ မိုင် ၂ ဖာလုံကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် ဘဏ္ဍာရေးနှစ်အလိုက် ရှမ်းပြည်နယ်လမ်းဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဦးစိုးမင်းစမ်း၏ ပဲခူးတိုင်းဒေသကြီး ဝေါမြို့တောင်ဘက်ရှိ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်အနီး ယာဉ်ပိတ်ဆို့မှုများဖြေရှင်းနိုင်ရန်အတွက် ညောင်ခါးရှည်စစ်ဆေးရေးစခန်းအား ဗဟိုထားကာ ဝေါဘက်ခြမ်းသို့ အရှည်မိုင်ဝက်၊ စစ်တောင်းတံတားဘက်ခြမ်းသို့ အရှည် မိုင်ဝက်၊ လမ်းအရှည်စုစုပေါင်း ၁ မိုင်ခန့်အား လက်ရှိ ၄ လမ်းသွားမှ ၈ လမ်းသွားအထိ တိုးချဲ့ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က လက်ရှိလမ်းအခြေအနေသည် စစ်တောင်းတံတား (မုပ္ပလင်) ချဉ်းကပ်လမ်း မိုင်တိုင် (၀) မိုင်မှ ၂ မိုင်အထိ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ၄၈ ပေ အကျယ်ကတ္တရာကွန်ကရစ် လမ်းတိုးချဲ့ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ညောင်ခါးရှည်စစ်ဆေးရေး ဂိတ်အနီးယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားရခြင်းသည် စစ်ဆေးရေးဂိတ်၏ လုပ်ငန်းစဉ်များအရ ယာဉ်စစ်ဆေးမှုဆောင်ရွက်စဉ် ယာဉ်များစစ်ဆေးမှုခံယူရန် စနစ်တကျ တန်းစီမှုမရှိဘဲ ယာဉ်တစ်စီးနှင့်တစ်စီး ကျော်တက်ဝင်ရောက်ခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါကြောင်း။

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်အနီး ယာဉ်ကြောပိတ်ဆို့မှုများမရှိစေရေးအတွက် ယာဉ်များ လက်ယာဘက်ယာဉ်ကြောမှ တစ်စီးနှင့်တစ်စီး ကျော်တက်မောင်းနှင်ခြင်းမပြုဘဲ သတ်မှတ်ယာဉ် ကြောအတိုင်း စနစ်တကျ တန်းစီစစ်ဆေးခံရန် အသိပေး၊ သတိပေးဆိုင်းဘုတ်များကို ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ စိုက်ထူဆောင်ရွက်သွားမည်ဖြစ်ပြီး လတ်တလောအနေဖြင့် စစ်ဆေးရေးဂိတ်ကိုဗဟိုထားကာ ဝေါဘက်ခြမ်းသို့ အရှည်မိုင်ဝက်၊ စစ်တောင်းတံတားဘက်ခြမ်းသို့ အရှည်မိုင်ဝက် လမ်းအရှည် စုစုပေါင်း ၁ မိုင်အား B.O.T ကုမ္ပဏီမှ လာမည့် ပွင့်လင်းရာသီတွင် တစ်ဖက်လျှင် ယာဉ်သွားလမ်း ၁ လမ်းစီ ထပ်မံတိုးချဲ့ဆောင်ရွက် စေရေး စီမံပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်တွင်း၊ ပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တာဝန်ပေးအပ်ခံရသည့် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ် (၅) ဦးမျိုးမင်းနောင်က ပြည်တွင်း၊ ပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ၏ တာဝန်၊ လုပ်ပိုင် ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်တွင်း၊ ပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၅) ဦးမျိုးမင်းနောင်နှင့် အတွင်းရေးမှူးအဖြစ် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၇) ဦးခင်မောင်ဌေးတို့အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏အတည်ပြုချက်ရယူရာ အတည်ပြု သဖြင့် ပြည်တွင်း၊ ပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာ သည်။

ယင်းနောက် တာဝန်ပေးအပ်ခံရသည့် ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၄) ဦးဆူရယ်က နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၅) ဦးအောင်သီဟနှင့် အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၇) ဦးရဲရင့်စိုးညွန့်တို့ အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ အတည်ပြုသဖြင့် မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် တာဝန်ပေးအပ်ခံရသည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၅) ဦးထိန်လင်းက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၅) ဦးထိန်လင်းနှင့် အတွင်းရေးမှူးအဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၆) ဦးဆီဟူးဒွေ့တို့အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်းကိုလွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ အတည်ပြုသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး နဝမနေ့ကို ဇွန် ၂၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment