နေပြည်တော်
ဇွန် ၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ဇွန် ၅ ရက်က လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် Asia Pacific Leaders Malaria Alliance (APLMA) တို့ပူးပေါင်းကျင်းပသည့် (၁၀) ကြိမ်မြောက် ငှက်ဖျားရောဂါ ပပျောက်ရေးဆိုင်ရာ အာရှ-ပစိဖိတ် ဒေသခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားတွင်
လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone က
အဖွင့်အမှာစကားပြောကြားပြီး လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E. Madam Baykham
Khattiya နှင့် ပြည်ထောင်စုဝန်ကြီးတို့က ၂၀၃၀ ပြည့်နှစ် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေးဆိုင်ရာ
လုပ်ငန်းများနှင့်ပတ်သက်၍ ရရှိထားသည့် အောင်မြင်မှုများ၊ တွေ့ကြုံလာရသည့် စိန်ခေါ်မှုအသစ်များ၊
မဟာမဲခေါင်ဒေသ ခွဲနိုင်ငံများအချင်းချင်း၊ အထူးသဖြင့် နယ်နိမိတ်ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများအချင်းချင်း
ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုချက်များနှင့်
ဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်
အဖွဲ့သည် GMS Malaria Elimination in 2030: Celebrating Progress and
Acknowledging the Need for a Differentiated Approach ခေါင်းစဉ်ဖြင့် ကျင်းပသည့်
High-level Round-table Discussion သို့ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊
ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်ကျန်းမာရေးအရာရှိကြီးများ၊ APLMA မှ တာဝန်ရှိသူများ၊
ငှက်ဖျားရောဂါကာကွယ်တိုက်ဖျက်ရေးနှင့် ငှက်ဖျားရောဂါ ပပျောက်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်
အတူတက်ရောက်၍ မြန်မာနိုင်ငံ၏ ၂၀၃၀ ပြည့်နှစ် ငှက်ဖျားရောဂါပပျောက်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍
ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ
ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်ကိုယ်စားလှယ်များက ၂၀၁၈ ခုနှစ်က
နေပြည်တော်တွင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် Joint Call to action to Malaria
Elimination in the Greater Mekong Subregionနှင့် ပတ်သက်၍ ထပ်လောင်းအတည်ပြုနှိုးဆော်ချက်အား
လက်မှတ်ရေးထိုးကြသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးနှင့် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုတို့သည် အစည်းအဝေးကျင်းပသည့်
ဗီယင်ကျန်းမြို့ Holiday Inn & Suites Vientiane အစည်းအဝေးခန်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
အမျိုးသားကျန်းမာရေးကော်မရှင် ဒုတိယဝန်ကြီး Dr. Yong Zhang နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၍
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ ငှက်ဖျားရောဂါကာကွယ်တိုက်ဖျက်ရေးနှင့် ကူးစက်တတ်သောရောဂါများ
ကာကွယ်တားဆီးရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးသည် လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E. Madam Baykham
Khattiya ဦးဆောင်သော ကျန်းမာရေးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာ-လာအို နှစ်နိုင်ငံ
ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် နှစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန
များအကြား MoU လက်မှတ်ရေးထိုးနိုင်ရေး၊ နှစ်နိုင်ငံဆေးဝါးနှင့် ကာကွယ်ဆေးထုတ်လုပ်ရေးလုပ်ငန်းများတွင်
ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ နှစ်နိုင်ငံ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို
အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment