မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်။ ရှေးရှေးကာလကတည်းက နှစ်နိုင်ငံပြည်သူများအကြား ဆက်သွယ်ကူးသန်း ရောင်းဝယ်သွားလာမှုများရှိခဲ့သည်။ မျက်မှောက်ကာလတွင်လည်း နှစ်နိုင်ငံခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် ထိတွေ့လုပ်ကိုင်လျက်ရှိသည်။ ယဉ်ကျေးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေအရ တူညီသည့် အစဉ်အလာကောင်းများရှိသည့်အပြင် အိန္ဒိယမျိုးနွယ်စုဝင် အမြောက်အမြားသည် မြန်မာနိုင်ငံတွင် အေးချမ်းစွာဖြင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်လုပ်ကိုင်လျက်ရှိသည်။
နှစ်နိုင်ငံခေါင်းဆောင်များ
အစဉ်အလာမပျက် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်လျက်ရှိရာ၌
ယနေ့ကာလတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
တာဝန်ယူဆောင်ရွက်သည့် အစိုးရသစ်လက်ထက်၌ အိန္ဒိယနိုင်ငံအစိုးရ၏ တရားဝင်ဖိတ်ကြားချက်အရ
နိုင်ငံတော်အကြီးအကဲနှင့် အဖွဲ့ဝင်များသည် ပြည်ပနိုင်ငံသို့ ပထမဆုံးခရီးစဉ် သွားရောက်ခဲ့သည်။
မေလ ၃၀ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည်
အိန္ဒိယနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ရာ ရှေးဦးစွာ ဗုဒ္ဓဂယာယဉ်ကျေးမှုနယ်မြေရှိ
မဟာဗောဓိစေတီတော်မြတ်အား ဖူးမြော်ကြည်ညိုခဲ့ပြီး အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများနှင့်
တွေ့ဆုံကာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံနှင့်
မြန်မာနိုင်ငံတို့သည် ကိုလိုနီစနစ်၏ ဝန်ထုပ်ဝန်ပိုးများကို အတူတကွခံစားခဲ့ကြရသည့် နိုင်ငံများဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရသည့် နေ့တွင်ပင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့သည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံတို့သည် ၁၉၅၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် “ငြိမ်းချမ်းရေးနှင့်
ချစ်ကြည်ရေးစာချုပ်”ကို ချုပ်ဆိုနိုင်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့်
ဘန်ဒေါင်းညီလာခံ၌ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်” ချမှတ်ရာတွင်
အတူတကွပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းစဉ် ကာလကတည်းက မြန်မာနိုင်ငံအပေါ်
မိတ်ရင်းဆွေရင်းနိုင်ငံအဖြစ် ကူညီဆောင်ရွက်မှုများရှိခဲ့ပြီး သမိုင်းကြောင်းတစ်လျှောက်နှင့်
မျက်မှောက်ကာလများတွင်လည်း အစဉ်အလာမပျက် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
မြန်မာနိုင်ငံနှင့်
အိန္ဒိယနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မပျက်
ဆက်လက်ကောင်းမွန်လျက်ရှိသည်။ ယခုကဲ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏
တရားဝင်ခရီးစဉ်မှ တစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ
ပိုမိုတိုးတက်ကောင်းမွန်လာမည်ဟု ယုံကြည်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်
ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅-၂၀၂၆ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ် ထောက်ခံမှုများ
အပြည့်အဝရှိသည်။ နှစ်နိုင်ငံအကြား ယခင်ပြုလုပ်ခဲ့သည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို
ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
မြန်မာနိုင်ငံ၏
နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများအပေါ် အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ
ရပ်တည်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံကြီးနှစ်နိုင်ငံဖြစ်သည့်
တရုတ်နိုင်ငံနှင့်အတူ အိန္ဒိယနိုင်ငံနှင့်လည်း တစ်သားတည်း ရပ်တည်ဆက်ဆံလျက်ရှိသည်။ ဒေသတွင်းနိုင်ငံများနှင့်လည်း
မိတ်ဝတ်မပျက်ဆက်ဆံနေထိုင်လျက်ရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်လည်း အကောင်းဆုံးဖြစ်အောင်
ဆက်ဆံပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အခြားနိုင်ငံများနှင့်တန်းတူ အိန္ဒိယနိုင်ငံနှင့်လည်း
ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယနိုင်ငံအနေဖြင့်
မြန်မာနိုင်ငံအား ဖွံ့ဖြိုးရေးအကူအညီများပေးလျက်ရှိပြီး သတင်းအချက်အလက်နှင့် နည်းပညာ၊
ဘာသာစကား၊ ဘာသာရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ကူညီပေးလျက်ရှိသည်။
နှစ်နိုင်ငံအကြား
ဗီဇာဖြေလျှော့မှုများကို ပြုလုပ်ပေးလျက်ရှိပြီး မြန်မာတပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့အကြား
ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အမြောက်အမြားရှိသည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ
ပဲမျိုးစုံ တင်သွင်းလျက်ရှိပြီး မြန်မာနိုင်ငံကလည်း အိန္ဒိယထုတ်ကုန်ပစ္စည်းများကို
အမြောက်အမြား ဝယ်ယူလျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် မြန်မာ-အိန္ဒိယဆက်ဆံရေး
(၇၅) နှစ်မြောက်နေ့သို့ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်
ဒီဇင်ဘာလ ၆ ရက်နေ့တွင်ကျင်းပသည့် အကြိမ်(၂၀)မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန
မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပခဲ့သည်။
သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏
ခရီးစဉ်သည် ရှိရင်းစွဲ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည်ဟု
ယုံကြည်ပါကြောင်း။ ။

No comments:
Post a Comment