ရန်ကုန် မေ ၂၁
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ရန်ကုန်တိုင်း ဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းတို့သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် ကချင်၊ ကရင်၊ ဇိုတုန် (ချင်း)၊ ဟွာလ်ငို (ချင်း)၊ မရာ(ချင်း)၊ ဒိုင် (ချင်း)၊ ဗမာ၊ ထားဝယ်၊ မွန်၊ ရခိုင်၊ မြို၊ ခမီ၊ ရှမ်း၊ ပအိုဝ်း၊ တအာင်းနှင့် ကိုးကန့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များက တိုင်းရင်းသားဘာသာစာပေ သင်ကြားရေးဆိုင်ရာများ၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲတော် ကျင်းပရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်း ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment