ရန်ကုန် ဧပြီ ၂၇
မြန်မာနိုင်ငံ၌သာတွေ့ရသော ကမ္ဘာ့ရှားပါးမျိုးစိတ်ဖြစ်သည့် ကြယ်လိပ်နှင့် တိုက်လိပ်ကို မြန်မာ့မျိုးရင်းဇီဝရတနာများအဖြစ် ထိန်းသိမ်းကာကွယ်ထားကြောင်း သိရသည်။
ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝသော
မြန်မာနိုင်ငံသည် မြစ်၊ ချောင်း၊ အင်း၊ အိုင် ပေါများမှုကြောင့်
ကုန်းနေရေနေသတ္တဝါများ ကျက်စားလျက်ရှိရာ ရှားပါးမျိုးစိတ်ဖြစ်သည့် ကြယ်လိပ်ကို
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးထိန်းသိမ်းကာကွယ်ထားသည်။
ကြယ်လိပ်သည် မေလမှ စက်တင်ဘာလအတွင်း ဥဥလေ့ရှိပြီး တစ်နှစ်လျှင် လေးကြိမ်၊
တစ်ကြိမ်လျှင် ၁၅ လုံးကျော်ဥလေ့ ရှိကြောင်းနှင့် ရှင်သန်နေထိုင်ရာ
သဘာဝစားကျက်ပေါ်မူတည်၍ နှစ် ၅၀ ကျော် ရှင်သန်လေ့ရှိကြောင်း သိရသည်။
၁၉၉၉ ခုနှစ်
မတိုင်မီက မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မြန်မာ့ကြယ်လိပ်ကို မျိုးရင်းပျောက်ကွယ်မှုမရှိစေရန်နှင့်
ဆက်လက်မျိုးပွားနိုင်စေရန် လောကနန္ဒာဥယျာဉ်၊ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့်
မင်းစုံတောင်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ထိန်းသိမ်းခဲ့ပြီး ကောင်ရေ ၁၀၀၀၀ ခန့်
ရှင်သန်ခဲ့ကြောင်း၊ ကောင်ရေ လျော့ကျမှုမရှိစေရန် တောမီးလောင်ခြင်း၊ နေထိုင်ရာဒေသများ
ဆုံးရှုံးခြင်းနှင့် တရားမဝင်ရောင်းဝယ်ခြင်းတို့ကို တားဆီးကာကွယ်ထားကြောင်း သိရသည်။
ထို့အတူ
မြန်မာ့တိုက်လိပ်သည် ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ချင်းတွင်းမြစ်
အထက်ပိုင်းသောင်ပြင် တောစပ်တို့၌ ရှင်သန်ကျက်စားလေ့ရှိပြီး ၂၀၀၁ ခုနှစ်တွင် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင်
စတင်မွေးမြူခဲ့သည်။ မြန်မာနိုင်ငံ၌သာရှိသော ဒေသမျိုးရင်းဖြစ်၍ ကမ္ဘာပေါ်ရှိ လိပ်မျိုးစိတ်များအနက်
ဒုတိယရှားပါးမျိုးစိတ်ဖြစ်ရာ မျိုးသုဉ်းမှုမရှိစေရန်၊ သုတေသနပြုလုပ်နိုင်ရန်နှင့်
အများပြည်သူလေ့လာနိုင်ရန် စမ်းသပ်မွေးမြူထားပြီး ယနေ့တိုင် ထိန်းသိမ်းကာကွယ်ထားသည်။
မြန်မာနိုင်ငံရှိ
လိပ်မျိုးစိတ် ၃၁ မျိုးတွင် ပင်လယ်လိပ်ငါးမျိုး၊ ရေချိုလိပ် ၂၂ မျိုးနှင့်
ကုန်းလိပ်လေးမျိုးရှိပြီး ကုန်းလိပ်သည် အပင်မျိုးစိတ်များနှင့် မှိုမျိုးစိတ်များ
မျိုးပွားနိုင်စေရန် မျိုးစေ့များ ဝတ်မှုံကူးပေးခြင်း၊ ဝတ်ဆံများနှင့် ပိုးမွှားများကို
သယ်ဆောင်ပေးခြင်းဖြင့် ဂေဟစနစ်နှင့် လူသားတို့ကို အကျိုးပြုနေပြီး ရေလိပ်များသည်
ရေထုညစ်ညမ်းစေသည့် ဓာတ်သတ္တုများ၊ ရေညှိရေမှော်များ၊ မြစ်ချောင်းအတွင်းရှိ
အင်းဆက်ပိုးမွှားများကို စားသောက်ခြင်းဖြင့် အင်းအိုင်များကို သန့်စင်စေလျက် သဘာဝပတ်ဝန်းကျင်နှင့်
ဂေဟစနစ်ကို ထိန်းသိမ်းပေးသည်။
ကုန်းလိပ်မျိုးစိတ်
၁၁ မျိုး၌ ဖက်လိပ်၊ လေးကွက်လိပ်နှင့် မြန်မာ့အနားပျော့လိပ် စသည့်မျိုးစိတ်အသစ်သုံးမျိုးကို
ထပ်မံတွေ့ရှိထားပြီး ကြယ်လိပ်နှင့် တိုက်လိပ်သည် ကမ္ဘာ့ရှားပါးစာရင်းဝင် မြန်မာ့မျိုးရင်းအဖြစ်ထင်ရှားကျော်ကြားသည့်အတွက်
တရားမဝင်ဖမ်းဆီးမှုကြောင့် မျိုးသုဉ်းမှုမရှိစေရန် ဝိုင်းဝန်းထိန်းသိမ်းလျက်ရှိကြောင်း
သိရသည်။
ညိမ်းသူ
(သတင်းစဉ်)
ဓာတ်ပုံ
- ကနူး

No comments:
Post a Comment