Friday, April 3, 2026

သောက်သုံးရေပြတ်လပ်မှု မရှိစေရေး ညှိနှိုင်းဆွေးနွေး



ရန်ကုန် ဧပြီ ၂

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေဖြန့်ဖြူးပေးဝေရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့တော်ခန်းမပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ တက်ရောက်ကြသည်။

ဦးစွာ မြို့တော်ဝန်က သောက်သုံးရေလုံလောက်စွာရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရေစုကန်များအတွင်း ရေအမြဲဖြည့်တင်းထားရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်၍ လိုအပ်ချက်များ သိရှိအောင် ဆောင်ရွက်ရေး၊ လျှပ်စစ်မီးရရှိချိန်တွင် ရေတွန်းစက်ကြီးများနှင့် မြို့နယ်အတွင်းရှိ ထပ်ဆင့်ရေတွန်းစက်များ ဂရုတစိုက်မောင်းနှင်ရေး၊ မြို့နယ်များအတွင်း ရေပေးဝေထားရှိမှု အခြေအနေနှင့် ရေပြတ်လပ်မှုမရှိစေရန်အတွက် ရေစက်မောင်းတာဝန်ခံများ၏ ရေတွန်းစက်များ မောင်းနှင်မှုအား လျှပ်စစ်မီးရရှိမှု အချိန်ဇယားနှင့်ကိုက်ညှိ၍ အထူးဂရုတစိုက်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ထို့နောက် အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးမြင့်ဇော်သန်းက ရန်ကုန်မြို့နေပြည်သူများသို့ နေ့စဉ်သန့်ရှင်းသော သောက်သုံးရေ ဂါလန် ၂၃၇ သန်းကို ဖြန့်ဖြူးပေးဝေနေမှု၊ ထိုသို့ ဖြန့်ဝေပေးနိုင်ရေးအတွက် ရေအရင်းအမြစ်များဖြစ်သော ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ်ရေလှောင်ကန်၊ လဂွန်းပြင် ရေသန့်စင်စက်ရုံတို့မှတစ်ဆင့် ရေတွန်းစက်ကြီးများ၊ ထပ်ဆင့်ရေတွန်းစက်များ အသုံးပြု၍ ရန်ကုန်မြို့တွင်းသို့ ရေပို့ပိုက်မကြီးများ၊ ရေဖြန့်ဝေပိုက်များဖြင့် ဖြန့်ဝေပေးနေမှု၊ ရေအရင်းအမြစ်များရှိ ရေတွန်းစက်ကြီးများသည် ရေပေးဝေရေးစနစ်တွင် အဓိကကျ၍ လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီး ပြန်လည်ရရှိချိန်တွင် ရေတွန်းစက်ကြီးများအား SOP အတိုင်း ချက်ချင်းပြန်လည်မောင်းနှင်နိုင်ရန် ဆောင်ရွက်ထားမှု၊ ရေတွန်းစက်ကြီးများ ပြန်လည်မောင်းနှင်ရာတွင် မြို့တွင်းသို့ ရေအမြန်ပြန်လည်ရောက်ရှိရန်အတွက် ရေပို့ပိုက်လိုင်းအတွင်း လေခိုမှုများအား မီးသတ်ငုတ်များ၊ Washout များ ဖွင့်ထုတ်၍ လေထုတ်ပေးခြင်းများကို မြို့နယ်တာဝန်ခံများက အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နေမှု၊ ရေအခက်အခဲဖြစ်ပေါ်သည့် နေရာများသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ဌာနရှိ ရေကားများဖြင့် လိုက်လံပေးဝေဆောင်ရွက်ပေးနေမှု၊ ရေပေးဝေရေးစခန်းများရှိ ရေစုကန်များတွင် ရေတိုင်များထားရှိ၍ ရေကားများ အလွယ်တကူရေရယူနိုင်ရန်ဆောင်ရွက်ထားရှိမှု၊ ရေအားဖြည့် အဝီစိတွင်းများကိုလည်း ရပ်ကွက်မီးလာချိန် အချိန်ဇယားများနှင့်ကိုက်ညှိ၍ မောင်းနှင်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြပြီး မြို့နယ်ရေဖြန့်ဖြူးပေးဝေရေးတာဝန်ခံများက မြို့နယ်အတွင်းရှိ ရေတွန်းစက်မောင်းနှင်မှုနှင့် ရေရရှိမှုအခြေအနေကို တင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် မြို့တော်ဝန်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment