Tuesday, April 28, 2026

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကြောင့် အာဆီယံဒေသတွင်း စွမ်းအင်ဖူလုံမှုအပေါ် အကျိုးသက်ရောက်မည့် နောက်ဆုံးအခြေအနေများနှင့်စပ်လျဉ်း၍ အာဆီယံစွမ်းအင်ဝန်ကြီးများ အထူးအစည်းအဝေးကျင်းပ

 



နေပြည်တော် ဧပြီ ၂၇

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကြောင့် အာဆီယံဒေသတွင်း စွမ်းအင်ဖူလုံမှုအပေါ် အကျိုးသက်ရောက်မည့် နောက်ဆုံးအခြေအနေများနှင့် စပ်လျဉ်း၍ အာဆီယံစွမ်းအင်ဝန်ကြီးများ အထူးအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၏ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံ စွမ်းအင်ဝန်ကြီးက ကြီးမှူး၍ Video Conferencing စနစ်ဖြင့် ကျင်းပရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အလှည့်ကျပါဝင်ဆွေးနွေးရာ အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်းစက်သုံးဆီ ဖြန့်ဖြူးမှုအပေါ် အကျိုးသက်ရောက်မှုရှိနေပါကြောင်း၊ စက်သုံးဆီတင်သွင်းမှုကို အဓိကအားပြုရသည့် မိမိတို့နိုင်ငံအနေဖြင့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသော်လည်း အရေးပေါ်တုံ့ပြန်မှု အစီအမံများကို စနစ်တကျ စီမံဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကာလတို၊ ကာလရှည်အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအတွေ့အကြုံများမှ သင်ခန်းစာရယူ၍ အနာဂတ်ကာလများတွင် မိမိတို့နိုင်ငံ၏ စွမ်းအင်ဖူလုံရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်နှင့် အခြားအစားထိုးစွမ်းအင်များ ပြောင်းလဲသုံးစွဲနိုင်ရေး သုတေသနဖွံ့ဖြိုးမှုနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများကိုလည်း ရည်မှန်းချက်များထားရှိဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

အမြင်ချင်းဖလှယ် ဆွေးနွေး

အဆိုပါ အစည်းအဝေး၌ အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကြောင့် ဒေသတွင်းနိုင်ငံများအပေါ် အကျိုးသက်ရောက်မှုများ၊ စွမ်းအင်ဖူလုံမှုရှိစေရေး မဟာဗျူဟာကိစ္စရပ်များ၊ လက်ရှိကမ္ဘာ့စွမ်းအင် ဈေးကွက်များနှင့် ထောက်ပံ့မှု ကွင်းဆက်များ၊ အထူးသဖြင့် အာဆီယံဒေသတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ဖူလုံမှုရှိစေရေးအတွက် ဆွေးနွေးဖက်နိုင်ငံများနှင့် အာဆီယံဦးဆောင်သော ဆွေးနွေးမှုပုံစံများမှတစ်ဆင့် အချိန်နှင့် တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအပါအဝင် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဒေသတွင်း စွမ်းအင်ဖူလုံရေးကို ကာကွယ်သွားရန် အာဆီယံစွမ်းအင်ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံစွမ်းအင်ဗဟိုဌာနတို့က ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 သတင်းစဉ်

No comments:

Post a Comment