Friday, April 17, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစော၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး မြန်မာ့နှစ်သစ်ကူး အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်။

ယခုနှစ် နှစ်သစ်ကူးကာလမှာ နိုင်ငံသားအားလုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ပြန်လည်ကူးပြောင်း စတင်လျှောက်လှမ်းနေတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ယမန်နှစ်များထက် ပိုမိုထူးခြားလေးနက်ပြီး မင်္ဂလာကျက်သရေ ပိုမိုပြည့်ဝလျက်ရှိပါတယ်။ နှစ်သစ်မှာ တိုင်းရင်းသားပြည်သူအားလုံးရဲ့ ဆန္ဒနဲ့အညီ ထာဝရငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကျွန်တော်တို့အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူများရဲ့ လူမှုစီးပွားဘဝများ အဘက်ဘက်က မြင့်မားတိုးတက်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ပြည်ထောင်စုကြီးရဲ့ ရှေ့ဆက်ရမယ့်ခရီးလမ်းဖြောင့်ဖြူး သာယာအောင်မြင်စေဖို့ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူများအားလုံး စည်းလုံးညီညွတ်မှု၊ နားလည်မှု၊ ယုံကြည်မှု၊ အပြန်အလှန် တန်ဖိုးထားလေးစားမှု၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တွေကို မြှင့်တင်ပြီး စုပေါင်းအင်အားနဲ့ အကောင်အထည်ဖော် တည်ဆောက်သွားကြပါစို့လို့ ဆန္ဒပြုတိုက်တွန်းအပ်ပါတယ်။

ယခုနှစ်သစ်ကစပြီး ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကောင်းကျိုးလိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် နိုင်ငံနှင့် ပြည်သူတို့ကို အကျိုးပြုနိုင်သူများဖြစ်ကြပါစေ၊ အေးချမ်းသာယာစွာနဲ့ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

No comments:

Post a Comment