နေပြည်တော် ဧပြီ ၂
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်၊၊
လွှတ်တော်၏ အတည်ပြုချက်ရယူ
ဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့်
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၈၆ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့
၅၈၄ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့်
စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏
အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ကချင်ပြည်နယ် (မဲအများဆုံးရသူ အနိုင်ယူစနစ်)
မဲဆန္ဒနယ် အမှတ် (၂) မှ Jeng
Phang နော်တောင်က ဥပဒေကြမ်းပူးပေါင်းကော်မတီဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍
လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်၊၊
ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်များ၏ အမည်စာရင်းကို ဖတ်ကြား
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက
ဥပဒေကြမ်းပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့်အညီ
ကော်မတီအဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းနိုင်ရန်အတွက် ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော်တို့မှ ပေးပို့ထားသည့် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်များ၏ အမည်စာရင်းကို
ဖတ်ကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ
နည်းဥပဒေနှင့်အညီ ဥပဒေကြမ်းပူးပေါင်းကော်မတီဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက
Jeng Phang နော်တောင်၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဧရာဝတီတိုင်းဒေသကြီး (မဲအများဆုံးရသူ
အနိုင်ယူစနစ်) မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါ်နွယ်နွယ်ဦး၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဒဂုံမဲဆန္ဒနယ်မှ
ဒေါက်တာ နန္ဒကျော်စွာ၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး (အချိုးကျ
ကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) မှ ဦးဇင်မင်းထက်နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ်
အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးနှင့် ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၁၀
ဦးကို အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ဆက်လက်ကျင်းပပြုလုပ်မည့်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်၏ သဘောတူညီချက် ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ကြေညာသည်။
လွှတ်တော်သို့ ရှင်းလင်းတင်ပြ
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး (အချိုးကျ
ကိုယ်စားပြုစနစ်) မဲဆန္ဒနယ် အမှတ် (၂) မှ ဦးချစ်ဆွေက ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍
လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီကို
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေနှင့်အညီ ကော်မတီဝင်ဦးရေ ၁၅ ဦးဖြင့် ဖွဲ့စည်းနိုင်ရန်အတွက်
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ပေးပို့ထားသည့် အဖွဲ့ဝင်များ၏
အမည်စာရင်းကို ဖတ်ကြားသည်။
သဘောတူညီချက် ရယူဆောင်ရွက်သွားမည်
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတွင်
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့်အညီ ကော်မတီဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်
ဒုတိယနာယက Jeng Phang နော်တောင်၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဧရာဝတီတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်)
မဲဆန္ဒနယ်အမှတ် (၂) မှ ဦးချစ်ဆွေ၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် အောင်မြေသာစံမဲဆန္ဒနယ်မှ
ဦးတေဇကျော်၊ အတွင်းရေးမှူးအဖြစ် တနင်္သာရီတိုင်းဒေသကြီး (မဲအများဆုံးရသူ အနိုင်ယူစနစ်)
မဲဆန္ဒနယ်အမှတ် (၂) မှ ဦးသန်းအောင်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် အောင်လံမဲဆန္ဒနယ်မှ
ဦးတင်အောင်ချစ်နှင့် ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးကို
အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့်
ဆက်လက်ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်၏
သဘောတူညီချက် ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်)
မဲဆန္ဒနယ်အမှတ် (၁) မှ ဦးအောင်တင်မြင့်က လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေး
ကော်မတီဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်ကိုယ်စားလှယ်
စိစစ်အတည်ပြုရေး လုပ်ငန်းတာဝန်ကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ပေးပို့ထားသည့် ကိုယ်စားလှယ် ၁၅ ဦး၏
အမည်စာရင်းကို ဖတ်ကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်ကိုယ်စားလှယ်
စိစစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာ ကျော်ကျော်ဌေး၊
အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်
အမှတ် (၁) မှ ဦးအောင်တင်မြင့်တို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ဆက်လက်ကျင်းပပြုလုပ်မည့်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်၏ သဘောတူညီချက်ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ကြေညာသည်။
စိစစ်ရေးအဖွဲ့၏ ထောက်ခံတင်ပြမှုကို ဖတ်ကြားတင်ပြ
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ
အစုအဖွဲ့သုံးဖွဲ့က နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ
ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်တင်ပြထားသည့် ဒုတိယသမ္မတသုံးဦးသည်
နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံကြောင်း စိစစ်ရေးအဖွဲ့၏
ထောက်ခံတင်ပြမှုကို ဖတ်ကြားတင်ပြသည်။
အဆိုပါစိစစ်ရေးအဖွဲ့က ထောက်ခံတင်ပြထားသည့် ဒုတိယသမ္မတများမှာ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)
မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါ်နန်း နီနီအေးနှင့် ကိုကိုးကျွန်းမဲဆန္ဒနယ်မှ ဦးညိုစောတို့ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ
အားလုံးပါဝင်သည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့အနေဖြင့်
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေများနှင့်အညီ
သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အသီးသီးက ရွေးချယ်တင်ပြထားသည့်
ဒုတိယသမ္မတ သုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ်
ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ပွဲကို ဧပြီ ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း
ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက ဧပြီ ၃
ရက်တွင်ကျင်းပမည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် နိုင်ငံတော်သမ္မတနှင့်
ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ
ဆန္ဒမဲလက်မှတ်ဆန္ဒပြုပုံနှင့် ပယ်မဲအဖြစ် ဆုံးဖြတ်သတ်မှတ်မည့် ဆန္ဒမဲလက်မှတ်ပုံစံများကို
ရှင်းလင်းပြောကြားသည်။
ထို့နောက် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ပထမပုံမှန်အစည်းအဝေး
ဒုတိယနေ့ကို ရပ်နားလိုက်ပြီး တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်နိုင်ငံတော်သမ္မတ
ရွေးချယ်တင်မြှောက်ပွဲကို ဧပြီ ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



No comments:
Post a Comment