Friday, April 3, 2026

အပူရှောင် သက်ကြီးပုဂ္ဂိုလ်များအား စောင့်ရှောက်ပေးနေမှု ကြည့်ရှုစစ်ဆေး



နေပြည်တော် ဧပြီ ၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မင်းဘူးမြို့ ပညာအလင်းရောင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ သက်ကြီးပုဂ္ဂိုလ်များအတွက် ဦးစားပေးဖွင့်လှစ်ထားရှိသည့် အပူရှောင်စခန်းသို့ သွားရောက်၍ သက်ကြီးပုဂ္ဂိုလ်များ အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များမဖြစ်ပေါ်စေရေး ကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရန်/ ရှောင်ရန်များကို အသိပညာပေးရှင်းလင်းပြောကြားပြီး နိုင်ငံတော်ယာယီသမ္မတက ထောက်ပံ့သည့် ဓာတ်ဆားနှင့် အချိုရည်များကို ထောက်ပံ့ပေးအပ်ကာ အပူရှောင်သက်ကြီးပုဂ္ဂိုလ်များအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုများ လှည့်လည်ကြည့်ရှုသည်။

ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) လက္ခဏာများ ဖြစ်ပေါ်ပါက အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် အပူရှောင်နေ့ဘက် ပြင်ပလူနာစောင့်ရှောက်ရေးဌာန၊ Heat Stroke လူနာစမ်းသပ်ခန်း၊ ဆေးနှင့် ဆေးဝါးများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

အသိပညာပေးခြင်း ဆောင်ရွက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မိမိတို့နေအိမ်များတွင် နေထိုင်ရန်ခက်ခဲပြီး အပူဒဏ်တိမ်းရှောင်ရန် လိုအပ်သူများအတွက် အပူရှောင်စခန်းများကို မကွေးမြို့နယ်၊ ရေနံချောင်းမြို့နယ်၊ ချောက်မြို့နယ်နှင့် နတ်မောက်မြို့နယ်များတွင် မတ် ၁၆ ရက်မှ စတင်ဖွင့်လှစ်ပေးထားပြီး အပူရှောင်လာရောက်သူများအား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အပူဒဏ်ကာကွယ်နိုင်ရေး ဆောင်ရန်/ ရှောင်ရန်များကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ရင်းရင်းနှီးနှီးတွေ့ဆုံ

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးမူလတန်းကြိုကျောင်းတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment