နေပြည်တော် ဖေဖော်ဝါရီ ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပရေးပြခန်းနေရာချထားရေးနှင့် ခင်းကျင်းပြသရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် နေပြည်တော် ရင်ပြင်ကွပ်ကဲရေးရုံး၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်
ဈေးရောင်းပွဲတော်ကျင်းပရေး၊ ပြခန်းနေရာချထားရေးနှင့် ခင်းကျင်းပြရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ
ဒုတိယဝန်ကြီးဒေါက်တာ အောင်ကြီး၊ ပြခန်းနေရာချထားရေးအတွင်းရေးမှူး
စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနများမှ
ကိုယ်စားလှယ်များ၊ ပြပွဲတွင် ပြခန်းများပြသကြမည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊
ကုမ္ပဏီများနှင့် တိုင်းဒေသကြီး ပြည်နယ်တာဝန်ခံများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကကျောရိုးဖြစ်သည့် MSME များကို
အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝမြင့်မားရေးဆောင်ရွက်ရန်၊
စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှ ကုန်ကြမ်းများကို အခြေခံ၍ MSME လုပ်ငန်းများ ဆောင်ရွက်ရန်၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းဖြင့်
ပြည်တွင်းစီးပွားရေးကို အားပေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များကို
လျှော့ချရေးနှင့် အစားထိုးနိုင်ရေးဆောင်ရွက်ရန်၊ ပြည်တွင်းစီးပွားရေးကောင်းမွန်စေရေးနှင့်
အလုပ်အကိုင်ပေါများစေရေးဆောင်ရွက်ရန်၊ ဒေသအလိုက် OROP ဒေသတစ်ခုထုတ်ကုန်တစ်ခု
အောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပရန်ရက်မှာ
နီးကပ်လာပြီ ဖြစ်သည့်အလျောက် လုပ်ငန်းကော်မတီအသီးသီးအလိုက် အင်တိုက်အားတိုက်
ဆောင်ရွက်နေကြပြီး မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် ပြခန်းပြင်ဆင်ခြင်းနှင့်
ခင်းကျင်းနေမှုအခြေအနေကို အမြဲမပြတ် ကွင်းဆင်း၍ အချိန်မီခင်းကျင်းပြသနိုင်ရေးအတွက်
လိုအပ်သည်များ အားလုံးကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ပြည်ထောင်စုအဆင့်MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပခြင်းသည်
နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်သာမက ဒေသအသီးသီးမှ လုပ်ငန်းရှင်
အချင်းချင်းချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ ရိုင်းပင်းကူညီမှု၊ ရိုးရာဓလေ့ယဉ်ကျေးမှုများ၊
ဗဟုသုတများ ဖလှယ်ရရှိမှု၊ ဈေးကွက်ချိတ်ဆက်ပေးနိုင်မှု စသောအကျိုးကျေးဇူးများ
ရရှိစေသည့် ပြပွဲတစ်ခုဖြစ်ပါကြောင်း၊ ပြည်တွင်းထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်
တိုးတက်ထုတ်လုပ်နိုင်ခြင်းအားဖြင့် ပြည်ပဈေးကွက်သို့ ချိတ်ဆက်နိုင်မည့်
အကျိုးကျေးဇူးများရရှိမည့် ပြပွဲတစ်ခုဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြခန်းနေရာချထားရေးနှင့်
ခင်းကျင်းပြသရေးလုပ်ငန်းကော်မတီအတွင်းရေးမှူးက လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်
လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။ ထို့နောက်
ဝန်ကြီးဌာနများမှ အစည်းအဝေးတက်ရောက်လာသူများနှင့် တိုင်းဒေသကြီး
ပြည်နယ်ပြခန်းတာဝန်ခံများက ခင်းကျင်းပြသမည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို
ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက
အကြံပြုဆွေးနွေးကာ လုပ်ငန်းကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment