နေပြည်တော် ဖေဖော်ဝါရီ ၂
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် KNDF အဖွဲ့မှ အမျိုးသား ၃ ဦး၊ အင်းလေး PDF အဖွဲ့မှ အမျိုးသား ၁ ဦး၊ ရှမ်း(တောင်)PDF အဖွဲ့မှ အမျိုးသား ၂ ဦး၊ DPLA အဖွဲ့မှ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၆ဦး၊ စုစုပေါင်းအမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၆ ဦး တို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် KNDF ၊ အင်းလေး PDF၊ ရှမ်း(တောင်)PDFနှင့် DPLA အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်မှ၊ မိုးဗြဲ-ဖယ်ခုံမြို့နယ် ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တို့မှ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၆ ဦး ပေါင်း ၂၄ ဦး တို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူးများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများအသီးသီးပြောကြားပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဥပဒေအကြောင်းအရာများအား ဆွေးနွေးပြောကြားသည်။ ယင်းနောက် ဥပဒေဘောင် အတွင်းပြန်လည်ဝင်ရောက်ခဲ့ကြသူများမှ ၎င်းတို့နှင့်အတူ ပါရှိလာသည့် မောင်းပြန် ရိုင်ဖယ် ၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၀ တောင့်တို့အား လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်းအတွင်း ဝင်ရောက်လာကြသူများအား မောင်းပြန်ရိုင်ဖယ် ၁ လက်နှုန်းအတွက် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းဖြင့် ၂ လက်အတွက် ငွေကျပ် သိန်း ၁၀၀ နှင့် အလင်းဝင်ရောက်လာသူအားလုံးအတွက် တစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှုန်း ဖြင့် ၂၄ ဦးအတွက် ဆုကြေးငွေကျပ် ၄၈ သိန်း၊ စုစုပေါင်းငွေကျပ် ၁၄၈သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ပြန်လည်ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်းအတွင်းဝင် ရောက်လာကြသူများ ကိုယ်စား ဥပဒေဘောင်းအတွင်းဝင်ရောက်လာသူ ၁ ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
အမျိုးသမီး
အကြမ်းဖက်အဖွဲ့ထဲကို မဝင်ရောက်ခင် အောင်ပန်းမြို့နယ်မှာ မိဘတွေနဲ့အတူနေထိုင်ပြီးတော့ ဒသမတန်းတက်ရောက်နေချိန်မှာ တစ်ရွာတည်းနေ သူငယ်ချင်းက စည်းရုံးခဲ့လို့ DPLA အကြမ်းဖက် အဖွဲ့ထဲကိုဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အမျိုးသမီးဖြစ်တာကြောင့် တိုက်ခိုက်ရတာမျိုးမရှိဘဲ အဖွဲ့ထဲမှာ ခေါင်းဆောင်ပိုင်းတွေက ခွဲခြားဆက်ဆံတာတွေ အာဏာပြဆဲဆိုတာတွေတော့ ရှိပါတယ်။ ကျွန်မအနေနဲ့ အမျိုးသမီးတစ်ဦးဖြစ်တာကြောင့် အဖွဲ့ထဲမှာနေထိုင်ရတာ ဘဝလုံခြုံမှုမရှိပါဘူး။ ခေါင်းဆောင်ပိုင်းများမှာလဲ အာမခံချက်နဲ့လက်တွေ့ လုပ်ဆောင်ချက်မှာ တူညီမှုမရှိဘဲ ခွဲခြားဆက်ဆံမှုတွေ လုပ်ဆောင်လာတဲ့အတွက် အဖွဲ့ထဲမှာနေထိုင်ရတာ အချိန်ကြာတာနဲ့အမျှ စိတ်ဓာတ်ကျဆင်းလာခဲ့ပါတယ်။ ကျွန်မအနေနဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ လုပ်ရပ်တွေကို သဘောမကျလို့ တပ်မတော်ထဲ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အလင်းဝင်ချိန်မှာတော့ ဝါဒဖြန့်ပြောထားသလို ရိုက်နှက်တာမျိုး၊ ထောင်ချတာမျိုးတွေမရှိပါဘူး။ ကျွန်မတို့ ရောက်ရှိလာတဲ့ အချိန်ကျတော့ တပ်မတော်က တာဝန်ရှိသူတွေက သားသမီးတစ်ဦးသဖွယ် နွေးထွေးစွာပြောဆိုဆက်ဆံတယ်။ ကောင်းမွန်စွာထားပြီး မိသားစုသဖွယ်ဆက်ဆံတဲ့အတွက် လွန်စွာဝမ်းသာ ကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ အခုလိုအလင်း ဝင်ရောက်တဲ့လမ်းကြောင်းကို ရွေးချယ်ခဲ့မိတာ မှန်ကန်တယ်လို့ မြင်မိပါတယ်။ အခုလို အလင်းဝင်ရောက်ပြီးတော့ မိသားစုနဲ့ အတူ မြို့ရွာတွင်းမှာ အေးအေးချမ်းချမ်းနေထိုင်ပြီး ပညာဆက်လက်သင်ကြားကာ နိုင်ငံနှင့်လူမျိုးအပေါ် အကျိုးပြုနိုင်သူ တစ်ယောက်ဖြစ်အောင် ကြိုးစား နေထိုင်သွားမှာပါ။ အနာဂတ်မျိုးဆက်သစ်လူငယ်တွေအနေနဲ့ အကြမ်းဖက်အဖွဲ့များ၏ မဟုတ်မမှန် ဝါဒဖြန့်ပြောဆို စည်းရုံးမှုများကို နားမယောင်ကြစေလိုဘဲရှေ့ဆက်လမ်းမှားကို မလျှောက်လှမ်းနိုင်ဖို့ရန် ပညာရေးကိုသာ ပြီးမြောက်အောင်သင်ကြားကာ နိုင်ငံအတွက် အကျိုးပြုနိုင်တဲ့ လူတော်လူကောင်းများဖြစ်အောင် နေထိုင်သွားဖို့အကြံပြုလိုပါတယ်။
အမျိုးသား
DPLA အကြမ်းဖက်အဖွဲ့ကနေ အလင်းဝင်ရောက်လာတာဖြစ်ပါတယ်။ ကျွန်တော် DPLA အကြမ်းဖက်အဖွဲ့ကို မဝင်ရောက်ခင်အချိန်မှာ မိဘတွေနဲ့အတူနေထိုင်ပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်နေခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် နှစ်လပိုင်းလောက်မှာ အကြမ်းဖက်အဖွဲ့ဝင်တွေဖြစ်တဲ့ DPLA အကြမ်းဖက်အဖွဲ့တွေက ဖမ်းဆီးလူသစ်စုဆောင်းခဲ့မှုကြောင့် DPLA အကြမ်းဖက်အဖွဲ့ဝင်အဖြစ် ရောက်ရှိခဲ့ရခြင်းဖြစ်ပါတယ်။ အကြမ်းဖက်သင်တန်းကို သီပေါမြို့နယ်အတွင်းမှာရှိတဲ့ တောတွင်းတစ်နေရာမှာ သင်တန်းတက်ရောက်ခဲ့ရပြီး နောင်ချိုမြို့နယ်ထဲမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်းတစ်နေရာ ကိုပို့ဆောင်ခံခဲ့ရတယ်။ TNLA အကြမ်းဖက်အဖွဲ့တွေကလည်း ကျွန်တော်တို့ DPLA အကြမ်းဖက်အဖွဲ့တွေကို လူမျိုးရေးခွဲခြားဆက်ဆံတာလုပ်တဲ့အပြင် နောင်ချိုမြို့နယ်မှာ တပ်မတော်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ကိုယ့်အသက်မသေအောင် ပုန်းအောင်းနေထိုင်ခဲ့ရတယ်။ အဲဒါကြောင့် အကြမ်းဖက်အဖွဲ့ထဲက ခေါင်းဆောင်ပိုင်းတွေရဲ့ လုပ်ရပ်တွေကို မကြိုက်လို့တပ်မတော်ထံ အလင်းဝင်ရောက်ဖို့ စိတ်ကူးမိခဲ့ပါတယ်။ တပ်မတော်ထံကို အလင်းဝင်ရောက်သွားသူတွေကို သတ်ပစ်တာတွေ ထောင်ထဲပို့တာတွေ လုပ်တယ်လို့ ဝါဒဖြန့်ပြောကြားထားလို့ အလင်းဝင်ဖို့ စိုးရိမ်မိတယ်။ ဒါပေမယ့်လည်း အမှန်တကယ်အလင်းဝင်လာတဲ့အချိန်မှာ သတ်ပစ်တာမျိုး၊ ထောင်ချတာမျိုးတွေမရှိပါဘူး။ ကျွန်တော်ရောက်ရှိလာတဲ့အချိန်မှာတော့ တပ်မတော်က တာဝန်ရှိသူတွေက နွေးထွေးစွာပြောဆိုဆက်ဆံတယ်။ ကျွန်တော့်အနေနဲ့ အခုလို အလင်းဝင်ရောက်တဲ့လမ်းကြောင်းကို ရွေးချယ်ခဲ့မိတာ မှန်ကန်တယ်လို့မြင်မိပါတယ်။ အကြမ်းဖက်အဖွဲ့ထဲက ဓနုလူမျိုးလူငယ်တွေကို တောထဲမှာနေပြီး အကြောင်းမဲ့သေဆုံးရမယ့် အစား၊ မိသားစုနဲ့အတူ ပြန်လည်နေထိုင်ပြီး ဘဝကို အေးချမ်းစွာ ဖြတ်သန်းနိုင်ဖို့ တပ်မတော်နဲ့လက်တွဲပြီး အလင်းဝင်ရောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
သတင်းစဉ်




No comments:
Post a Comment