ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး၌ တုံ့ပြန်ချေပလျှောက်လဲခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ လာရောက်ကြိုဆိုခဲ့ကြသူများအနက်မှ တွေ့ဆုံမေးမြန်းထားသူများ၏ ပြန်လည်ဖြေကြားထားသည်များကို ဖော်ပြလိုက်ပါသည်-
မောင်ရောင်စဉ်ထွန်း
(ရန်ကင်းပညာရေးဒီဂရီကောလိပ်)
ကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့
တရားမျှတတဲ့ အမှန်တရားအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ သွားရောက်ဖြေရှင်းပေးခဲ့ကြပြီး
ပြန်လည်ရောက်ရှိလာကြတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ကို လာရောက်ဂုဏ်ပြုကြိုဆိုရတဲ့အတွက်
ရန်ကင်းပညာရေးဒီဂရီကောလိပ် မိသားစုအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူရပါတယ်။ လူငယ်တိုင်း လူငယ်တိုင်းမှာ
ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးအစရှိတဲ့
နိုင်ငံတော်ရဲ့ သမိုင်းပေး
တာဝန်တွေကို လူငယ်တွေအနေနဲ့ နောင်တစ်ချိန်ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့
အစကောင်းမှ အနှောင်းသေချာ ဆိုသလိုမျိုးပဲပေါ့။ ကျွန်တော်တို့လူငယ်တွေအနေနဲ့ အခုကတည်းကစပြီး
နိုင်ငံတော်ရဲ့ကိစ္စရပ်တွေမှာ တစ်ထောင့်တစ်နေရာကနေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် တရား
ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းသာယာဝပြောရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပါဝင်ပြီးတော့
ဆောင်ရွက်ပေးလိုပါ တယ်။ အခု အပြည်ပြည်ဆိုင်ရာတရားရုံးမှာ သွားရောက်ဖြေရှင်းခဲ့တဲ့အမှုက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို
စွဲဆိုခြင်းမဟုတ်ဘဲ နိုင်ငံတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ အမှုဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့အမြင်နဲ့
ပြောရမယ်ဆိုရင် နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ကိုယ့်နိုင်ငံရဲ့ လွတ်လပ်ခွင့်ဆိုတာ
ရှိပါတယ်။ အခုအမှုကို သွားရောက်ဖြေရှင်းပေးခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ ကို
ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။
ဦးဇော်လွင်ဦး
(ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာလုပ်ငန်းကော်မတီ)
ကျွန်တော်တို့နိုင်ငံရဲ့
အနာဂတ်မှာ အစစ၊ အရာရာအဆင်ပြေစေဖို့ အခက် အခဲ၊ အနှောင့်အယှက်၊ အတားအဆီးများမရှိဘဲ ကိုယ့်နိုင်ငံ၊
ကိုယ့်လူမျိုး ချောချောမွေ့မွေ့နဲ့ တိုင်းရင်းသားအားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ရင်
ကောင်းတာပေါ့။ အခက်အခဲ၊ အနှောင့်အယှက်၊ အတားအဆီးတွေကို ဝိုင်းဝန်းပြီး မိသားစုစိတ်ဓာတ်နဲ့
ဖြေရှင်းနိုင်ရင် အောင်မြင်နိုင်ပါတယ်။ မျိုးဆက်သစ် လူငယ်တွေအားလုံးက ကျွန်တော်တို့
နိုင်ငံရဲ့အခြေအနေ၊ ကျွန်တော်တို့လုပ်ရ မယ့် တာဝန်တွေကို သိရှိပြီးတော့ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။
ICJ မှာ သွားရောက်ဖြေရှင်းပြီး ပြန်လည်ရောက်ရှိလာတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ရှင်းလင်းပြောကြားချက်တွေကို
လိုက်နာမှတ်သားပြီး ဘယ်လိုဆောင်ရွက်မယ်၊ ဘယ်လို လိုက်နာရမယ်ဆိုတာတွေ ကိုယ့်နိုင်ငံနဲ့
ကိုယ့်လူမျိုးအတွက် ပူးပေါင်းဆောင်ရွက်လိုတဲ့အတွက် ကြောင့် ကျွန်တော်တို့ ဒီနေ့လူငယ်ကဏ္ဍအနေနဲ့ လာရောက်ဂုဏ်ပြုကြိုဆိုတာဖြစ်ပါတယ်။ အဓိကကတော့
ကိုယ့်တိုင်းပြည်မှာ ဘာအနှောင့်အယှက်မှ မရှိစေချင်တဲ့အတွက်ကြောင့် ဒါတွေကို ဝိုင်းဝန်းဝန်းရံ
ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။
ဦးထင်ကျော်မိုး
(ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း)
မြန်မာနိုင်ငံကို
ဂမ်ဘီယာနိုင်ငံက မဟုတ်မမှန်လုပ်ကြံပြီးတော့ စွပ်စွဲတာနဲ့ ပတ်သက်ပြီးတော့ မြန်မာကိုယ်စားလှယ်အဖွဲ့က
သွားရောက်ဖြေရှင်းတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူ
တစ်သွေးတည်း၊ တစ်သားတည်းရှိတယ်ဆိုတာကို ပြသချင်တဲ့အတွက်ကြောင့် အခုလိုလာရောက်ဂုဏ်ပြုကြိုဆိုတာဖြစ်ပါတယ်။
အခုလို လာရောက်ကြိုဆိုရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီမှာ လာရောက် ဂုဏ်ပြုကြိုဆိုတဲ့သူတွေကို
ကြည့်မယ်ဆိုရင် ပြည်တွင်းမှာရှိတဲ့ လူမှုရေးအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ ကျောင်းသား
ကျောင်းသူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေလည်း အားတက်သရော လာရောက်ဂုဏ်ပြုကြိုဆိုကြတာတွေ့ရ
ပါတယ်။
မဖြိုးသီရိကျော် (သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ်)
ကျွန်မအနေနဲ့ကတော့
ကိုယ့်ရဲ့နိုင်ငံအတွက် မတရားစွပ်စွဲခံရတာကို မြန်မာ ကိုယ်စားလှယ်အဖွဲ့က ICJ မှာ သွားပြီး
ဖြေရှင်းပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်မတို့ သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ်က
ကျောင်းသား ကျောင်းသူ ၅၀၀ လောက်လာပြီး ဂုဏ်ပြုကြိုဆိုတာပါ။ အခြားကျောင်းက ကျောင်းသား ကျောင်းသူတွေလည်း
လာရောက်ကြိုဆိုတယ်လို့ သိရပါတယ်။ အခုလိုမျိုး ကိုယ့်နိုင်ငံအတွက် မြန်မာကိုယ်စားလှယ်အဖွဲ့က
ဖြေရှင်းပေးပြီး ပြန်ရောက်လာကြတာကို ကြိုဆိုရတဲ့အတွက် မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့
ဂုဏ်ယူမဆုံးဖြစ်ပြီး ဝမ်းသာမိပါတယ်။
မောင်ဟိန်းစွမ်းသူ (သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်)
ကျွန်တော်တို့နိုင်ငံရဲ့
ဂုဏ်သိက္ခာအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးကို ရဲဝံ့စွာ သွားရောက်ဖြေရှင်းခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ကို
ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ လာရောက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့က အပြည်ပြည်ဆိုင်ရာ
တရားရုံးမှာ သွားရောက်ဖြေရှင်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး အားရကျေနပ်မှုရှိပါတယ်။ လူငယ်တွေအနေနဲ့ အပျော်အပါးမမက်ဘဲ ကိုယ့်နိုင်ငံကို
ချစ်မြတ်နိုးရမယ်၊ ကိုယ့်နိုင်ငံရဲ့သမိုင်းကြောင်းကိုလဲ သိထားရ မယ်၊ သမိုင်းကိုမသိထားရင်
အလိမ် အညာခံရမယ်။ ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်း သိထားမှသာ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးပြီး
ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်မှာပါ။
တွေ့ဆုံမေးမြန်း
- ရန်ကုန်သတင်းအဖွဲ့
ဓာတ်ပုံ - ဇော်မင်းလတ်

No comments:
Post a Comment