Monday, February 23, 2026

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော် ဖေဖော်ဝါရီ ၂၃

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၂ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို လုပ်ငန်းလုပ်ကိုင်ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။







ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် လေကြောင်းကင်းထောက်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်စဉ် လဲချားမြို့နယ်၊ ဝမ်ပန်ကျေးရွာအုပ်စု၊ နောင်လုံကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ၌ မသင်္ကာဖွယ်အဆောက်အအုံများကို တွေ့ရှိရသဖြင့် ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ် ၁၂ နာရီတွင် သွားရောက်ရှင်းလင်းစစ်ဆေးရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ဆောင်နေသည့် နေရာတစ်ခုဖြစ်ကြောင်း တွေ့ရှိရပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသား အမျိုးသား ၂၀ ဦးကို လုပ်ငန်းများလုပ်ကိုင်ရာတွင် အသုံးပြုသည့် အလျား ၈၀ ပေ၊ အနံ ၂၀ ပေရှိ လူနေအဆောက်အအုံ ၁ လုံး၊ အလျား ၈၀ ပေ အနံ၂၀ ပေရှိအလုပ်ရုံအဆောက်အအုံ ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၂၀ ပေရှိ ထမင်းစားဆောင် ၁ လုံး၊ ၁၀ ခန်းတွဲ အိမ်သာ ၁ လုံး၊ STARLINK ဗန်း ၂ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် အသေးစိတ်နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် လဲချားမြို့နယ်၊ တပ်မောက်ကျေးရွာ၏ အနောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာသို့အရောက်၌ တရားမဝင် တရုတ်နိုင်ငံသား ၅ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ပါဝင်ပတ်သက်သူများဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အား ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများ၏ ထုတ်ဖော်ပြောကြားချက်များအရ ဖမ်းဆီးရမိတရုတ်နိုင်ငံသားများသည် တရုတ်နိုင်ငံတွင် ပန်းရံ၊ ယာဉ်မောင်း စသည့်လုပ်ငန်းများ လုပ်ကိုင်ကြသူများဖြစ်ပြီး ငွေကြေးအခက်အခဲများကြောင့် We Chat တွင် အလုပ်အကိုင်ရှာဖွေကြရာ တရုတ်-မြန်မာနယ်စပ်၌ ဝင်ငွေကောင်းသည့် အလုပ်အကိုင်များရရှိမည်ဟု စည်းရုံးပြောကြားလာခဲ့ကြောင်း၊ ထို့ကြောင့် We Chat မှ အလုပ်အကိုင်ရှာဖွေပေးသူများနှင့် ချိတ်ဆက်၍ တရုတ်နိုင်ငံ၊ ဆစ်ဆောင်ပန်းနားမြို့မှ မြန်မာနိုင်ငံ၊ ပန်ဆန်းမြို့၊ ထိုမှတဆင့် မိုင်းရယ်မြို့သို့လည်းကောင်း၊ တရုတ်နိုင်ငံ၊ ချောင်ချွန်းမြို့မှ မြန်မာနိုင်ငံ မိုင်းလားမြို့သို့လည်းကောင်း အဆင့်ဆင့် တရားမဝင် ဝင်ရောက်လာခဲ့ကြကြောင်း၊ ထို့နောက် အဆိုပါမြို့များရှိ တရားမဝင်ရောက်ရှိနေကြသူများ၊ ထပ်မံရောက်ရှိလာကြသူများနှင့် စုပေါင်းကာ အမည်မသိသူများ၏ ခေါ်ဆောင်မှုများနောက်သို့ မော်တော်ယာဉ်များဖြင့် အဆင့်ဆင့်လိုက်ပါခဲ့ကြရပြီး လက်ကိုင်ဖုန်းများအား သိမ်းဆည်းခံထားရခြင်း၊ မျက်နှာများအား အဝတ်များ စည်းထားခြင်းတို့ ပြုလုပ်ခံခဲ့ရကြောင်း၊ အချို့တရုတ်နိုင်ငံသားများမှာ မိုင်းရယ်မြို့အနီးရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ၌ လုပ်ကိုင်ခဲ့ကြရကြောင်း၊ အဆိုပါနေရာများမှတစ်ဆင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ နောင်လုံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆက်လက်လုပ်ကိုင်ရန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ရောက်ရှိခဲ့ကြကြောင်း၊ ထိုနေရာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်သူ ၆၀ ဦးခန့်ရှိပြီး ၎င်းတို့အား အစိမ်းရောင်ယူနီဖောင်း ဝတ်ဆင်ထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့မှ အစောင့် ၇ ဦးခန့်က စောင့်ကြပ်လျက်ရှိကြောင်း၊ ၎င်းနောက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် အဆိုပါအွန်လိုင်း လိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသူ ၆၀ ဦးခန့်ကို မော်တော်ယာဉ် ၂ စီးဖြင့် လည်းကောင်း၊ လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့များက မော်တော်ယာဉ် ၁ စီးဖြင့်လည်းကောင်း ထိုနေရာမှ ထွက်ခွာခဲ့ကြပြီး ယခုဖမ်းဆီးရမိသည့်နေရာအသီးသီး၌ အဖွဲ့များအား သီးသန့်စီခွဲ၍ နေရာချထားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ကွယ်မှပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင်သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်း ကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံ သားများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးကာ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ၊ အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment