Sunday, February 15, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟုမ္မလင်းမြို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား


နေပြည်တော် ဖေဖော်ဝါရီ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။


အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အနောက်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဟုမ္မလင်းမြို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်ကြသည်။

ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြ

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီးဆိုင်ရာ အချက်အလက်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်လျက်ရှိမှု စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှု၊ မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲဝင်းက ဟုမ္မလင်းခရိုင်၏ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာအချက်အလက်များနှင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့မှုတို့နှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် မြို့မိမြို့ဖများက ဟုမ္မလင်းမြို့နယ်အား မြို့နယ်အဆင့်မှ ခရိုင်အဆင့်အထိ တိုးမြှင့်ပေးခဲ့သည့်အတွက် ဒေသခံပြည်သူများမှ ဝမ်းမြောက်ကျေးဇူးတင်ရှိလျက် ရှိမှု၊ ဒေသအတွက်လိုအပ်လျက်ရှိသည့် လူငယ်သင်တန်းကျောင်းနှင့် အိမ်တွင်းမှုသင်တန်းကျောင်းအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးစေလိုမှု၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများရှိသည့်အတွက် လေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲပေးစေလိုမှု၊ သောက်သုံးရေလုံလောက်စွာရရှိရေး စီမံဆောင်ရွက်ပေးစေလိုမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအား လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသတွင်းဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးမှုရှိစေရေး ဆောင်ရွက်ပေးစေလိုမှု၊ ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား ယခုထက် ပိုမိုထိန်းသိမ်းဆောင်ရွက်ပေးစေလိုမှု၊ ဟုမ္မလင်းကောလိပ်အား တက္ကသိုလ်အဆင့်တိုးမြှင့်ပေးစေလိုမှုနှင့် အခြားဒေသဆိုင်ရာ လိုအပ်ချက်များကို အသီးသီးတင်ပြကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေး

ထို့နောက် တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ဟုမ္မလင်းဒေသသို့ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်လေကြောင်းလိုင်းများ နေ့အလိုက် ပုံမှန်ပြေးဆွဲဆောင်ရွက်လျက်ရှိမှုနှင့် ခရီးသည်တင်လေကြောင်းလိုင်းများအပြင် ဒေသစားရေးအဆင်ပြေစေရေးအတွက် ကုန်စည်တင်လေကြောင်းလိုင်းများကိုလည်း ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိမှု၊ လေကြောင်းလက်မှတ်များ အခက်အခဲမရှိစေရေးနှင့် ပုံမှန်ဈေးနှုန်းထက်ဈေးမြှင့်တင်ရောင်းချနေသူများအား ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိမှု၊ ဟုမ္မလင်းမြို့ သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်ဖြေရှင်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိမှု၊  ဒေသတွင်း လျှပ်စစ်ဓာတ်အားဖူလုံစွာပေးဝေနိုင်ရေးအတွက် နမ့်ပငရေအားလျှပ်စစ်စီမံကိန်းအား ၂၀၂၇ ခုနှစ်တွင် ပြီးစီးနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ဟုမ္မလင်းဒေသ၏ မြေမျက်နှာသွင်ပြင်အနေအထားအရ မြေနိမ့်ကော်ဖီ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနိုင်သည်ဖြစ်သဖြင့် စိုက်ပျိုးဆောင်ရွက်သွားရန်တိုက်တွန်းလိုမှုနှင့် လိုအပ်သည့်မျိုးများနှင့် သွင်းအားစုများကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆက်သွယ်ဆွေးနွေးနိုင်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် လိုအပ်သည့်အကူအညီများကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆွေးနွေးညှိနှိုင်းအကူအညီတောင်းခံနိုင်မှု၊ ဟုမ္မလင်းဒေသအတွင်း မြေလွတ်မြေရိုင်းအသုံးချမှုများနှင့်ပတ်သက်၍ နိုင်ငံတော်မှချမှတ်ပေးထားသည့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြတောင်းခံဆောင်ရွက်သွားရန်လိုအပ်မှုနှင့် အခြားနည်းဖြင့် သုံးစွဲမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်မှု၊ ဟုမ္မလင်းခရိုင်၏ သစ်တောဖုံးလွှမ်းမှုအား လေ့လာချက်များအရ သစ်တောဖုံးလွမ်းမှုရာခိုင်နှုန်းအား ဆက်လက်ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်သွားနိုင်မှုနှင့် ဝါးမျိုးစုံနှင့် ကြိမ်ထွက်ရှိသည့်ဒေသဖြစ်သဖြင့် ဝါးနှင့် ဝါးအခြေခံအဆင့်မြင့်ထုတ်ကုန်များ၊ ကြိမ်ကုန်ချောထုတ်ကုန်များအား တိုးမြှင့်ထုတ်လုပ်နိုင်ခြင်းဖြင့် ဒေသနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်နိုင်မှု၊ ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား ယခုထက် ပိုမိုထိန်းသိမ်းဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အခြားလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံဖြတ်ကျော်မီးခိုးငွေ့လျော့ကျရေးနှင့် လေထုညစ်ညမ်းမှုလျော့ကျရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်မှု၊ ဟုမ္မလင်း-ကတ်သာ-မိုဝိုင်းလွတ် ဆက်သွယ်ရေးလမ်းကြောင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိမှု၊ ဟုမ္မလင်း -ကတ်သာ ဆက်သွယ်ထားသည့်တံတားအား ဒေသခံပြည်သူများမှလည်း ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်မှု၊ ဟုမ္မလင်းခရိုင်အတွင်းရှိကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်းအဖွဲ့များဖွဲ့စည်း၍ လိုအပ်သည့်ထောက်ပံ့ကြေးနှင့် ရင်းနှီးမတည်ငွေများကို ဆောင်ရွက်ပေးလျက်ရှိမှု၊ ဒေသတွင်းလျှပ်စစ်ဓာတ်အား ဖူလုံစွာပေးဝေနိုင်ရေးအတွက် နမ့်ပင ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းများ၊ ဓာတ်အားလိုင်းသွယ်တန်းရေးလုပ်ငန်းများ၊ အခြေခံအဆောက်အဦ ထည့်သွင်းတည်ဆောက်ရေးလုပ်ငန်းများအား အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်လျက်ရှိမှု ဒေသခံပြည်သူများမှလည်း ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်မှု၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦများအား ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ အသီးသီး ပြန်လည်ဆွေးနွေးပြောကြားကြသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြား

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးပြောကြားရာတွင် ဟုမ္မလင်းဒေသအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက် ပိုမိုဆောင်ရွက်သွားရန် လိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်း၊ ဥပမာတစ်ခုအနေဖြင့် ပညာရေးပိုင်းနှင့်ပတ်သက်၍ တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းနေဆဲဖြစ်ပြီး ပညာရေးကို အားပေးမြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အတန်းပညာတတ်မြောက်မှုအားနည်းပါက အသိပညာပိုင်း၌လည်း အားနည်းချက်များရှိနေဦးမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရာ၌ နှောင့်နှေးနေဦးမည်ဖြစ်ကြောင်း၊ အသိပညာအတတ်ပညာနှင့်ပြည့်ဝသည့် လူသားအရင်းအမြစ်များရှိမှသာလျင် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဒေသနှင့်နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်သည့် အသိပညာအတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်များ များစွာရရှိခြင်းအားဖြင့် ဒေသနှင့် နိုင်ငံ၏အနာဂတ်ကောင်းကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဟူသော နည်းလမ်းလေးသွယ်ဖြင့်ပြည့်စုံပါက အောင်မြင်ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိရိုးဖလာနည်းလမ်းများအစား စနစ်ကျနသည့် ခေတ်မီနည်းစနစ်များ အသုံးချဆောင်ရွက်ခြင်းဖြင့် အထွက်နှုန်းများတိုးမြင့်လာမည်ဖြစ်ကြောင်း၊ စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ ဒေသန္တရစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းထက် ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဒေသန္တရ ကြက်၊ ဝက်၊ နွားများကို မိရိုးဖလာနည်းဖြင့် မွေးမြူခြင်းထက် ခေတ်မီနည်းစနစ်များဖြင့် မွေးမြူသွားမည်ဆိုပါက ဒေသ၏ စားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ စားသောက်ရေးအတွက် အသား၊ ငါးများ၊ သောက်သုံးရေများနှင့် ရိက္ခာများကို ဖူလုံစွာရရှိရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဟုမ္မလင်းဒေသတွင် ဆန်ဖူလုံမှုရှိကြောင်း၊ အရည်အသွေးကောင်းသည့်စပါးများ စိုက်ပျိုးရန်လိုကြောင်း၊ ရေလိုအပ်ချက်နှင့်ပတ်သက်၍ ချင်းတွင်းမြစ်နှင့် ချောင်းမြောင်းများ ပေါများစွာတည်ရှိသဖြင့် အဆိုပါမြစ်ချောင်းများမှရေများကို အကျိုးရှိစွာအသုံးချ၍ စိုက်ပျိုးရေနှင့် သောက်သုံးရေများ လုံလောက်စွာရရှိအောင် ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့အသုံးချနိုင်ရန်အတွက် အတတ်ပညာများလိုအပ်ကြောင်း၊ မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း။

အလားတူ ဒေသတွင်းလျှပ်စစ်ဓာတ်အား ဖူလုံစွာပေးဝေနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် နမ့်ပင ရေအားလျှပ်စစ်စီမံကိန်းကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းလျှပ်စစ်ဓာတ်အားရရှိရေးအတွက်လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ ထို့ကြောင့် ဒေသခံများအနေဖြင့် စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အတန်းပညာ၊ အတတ်ပညာများတက်မြောက်သည့် ပညာတတ်လူသားအရင်းအမြစ်များလိုအပ်သဖြင့် ဒေသအလိုက် မွေးထုတ်ပေးကြရန်လိုကြောင်း၊ မိမိတို့ဒေသတိုးတက်ရေးအတွက် အမှန်တကယ်အလုပ်လုပ်ကြရန်နှင့် နိုင်ငံတော်မှ အလုပ်လုပ်နိုင်သည့်အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်လိုကြောင်း၊ မိမိတို့၏ ဇာတိဒေသတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။

ဒေသအတွင်း စားသောက်ကုန်များနှင့် လူသုံးကုန်များကို လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက ဒေသတွင်းကုန်ဈေးနှုန်းတည်ငြိမ်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် တိရစ္ဆာန်အစားအစာများကိုလည်း ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များဖြင့် အသုံးပြုနိုင်ကြောင်း၊ ဒေသတွင်း ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုကဏ္ဍမြှင့်တင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ တစ်ဧကအထွက်နှုန်းတိုးတက်စေရေး မျိုး၊ မြေ၊ ရေ၊ နည်းကိုအခြေခံပြီး ခေတ်နှင့်လျော်ညီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရိက္ခာနှင့်ပတ်သက်၍ ဒေသတွင်း၌ မီးဖိုချောင်သုံးသီးနှံများကိုလည်း စိုက်ပျိုးသွားကြရန်လိုကြောင်း၊ ထို့ကြောင့် ဒေသအလိုက် ဝမ်းစာဖူလုံရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ဟုမ္မလင်း)ကို ဖွင့်လှစ်ထားရှိသော်လည်း တက်ရောက်သူနည်းပါးပြီး မွေးမြူရေးပညာရပ်နှင့်ပတ်သက်၍ တက်ရောက်သူလုံးဝမရှိသဖြင့် မွေးမြူရေးပညာရပ်ပါ တက်ရောက်သင်ကြား၍ ဒေသ၏မွေးမြူရေးကို အထောက်အကူပြုနိုင်သည့် လူသားအရင်းအမြစ်များရရှိအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များ ဈေးကွက်ရရှိရေးအတွက်လည်း အရည်အသွေးပြည့်မီသည့် စိုက်ပျိုးရေးထုတ်ကုန်များဖြစ်စေရေး ဈေးကွက်သုတေသနပြုခြင်းများကိုလည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးပညာရပ်များကို တတ်မြောက်သည့် ပညာတတ်လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ စီးပွားရေးပညာရပ်များကို တက္ကသိုလ်၊ ကောလိပ်များ၌ သင်ကြားပေးနေကြောင်း၊ မိမိတို့အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် နည်းပညာတတ် လူသားအရင်းအမြစ်များပေါကြွယ်ဝစေရေး Polytechnic University များကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီး အချို့နေရာများ၌ ဆူပူသောင်းကျန်းမှုများပေါများခြင်းသည် အသိပညာအားနည်းမှု၊ အတတ်ပညာအားနည်းမှုများနှင့် ဆက်စပ်နေသည်ကို အခြေခံအားဖြင့် တွေ့ရှိနိုင်ကြောင်း၊ နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သော်လည်း အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးကိုအကြောင်းပြပြီး မိမိတို့၏ ကိုယ်ကျိုးအတွက် နိုင်ငံတော်၏သယံဇာတများကို တရားမဝင်ထုတ်ယူခြင်းများကို အမြောက်အမြားဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ လက်နက်အားကိုးဖြင့် ဒေသခံပြည်သူများထံမှ ငွေကြေးများ အတင်းအဓမ္မကောက်ခံပြီး ၎င်းတို့၏ ကိုယ်ကျိုးအတွက် အသုံးပြုနေကြကြောင်း၊ ထိုသို့လုပ်ဆောင်နေမှုများကြောင့် ဒေသခံပြည်သူများ ဝန်ထုတ်ဝန်ပိုးများဖြစ်နေသဖြင့် သက်ဆိုင်ရာတာဝန်ရှိသည့် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းတိုက်ဖျက်သွားကြရန်လိုကြောင်း။

မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ယခင် ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် နိုင်ငံတော်၏အကျိုးအတွက် သက်ဆိုင်ရာအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့်နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်ချိန်မှစတင်၍ ဦးတည်ချက်များချမှတ်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များပြီးဆုံးချိန်တွင် ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိသည့်ပါတီအား နိုင်ငံတော်၏တာဝန်ကို လွှဲပြောင်းပေးအပ်မည်ဟု ပါရှိပြီးဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်း (၃)ပိုင်းခွဲ၍ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် မိမိတို့အနေဖြင့် မဲစာရင်းများမှန်ကန်စွာရရှိရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း။

နိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများကို အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးကို ပျက်စီးအောင်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များမရှိစေရေး အားလုံးဝိုင်းဝန်းဆန့်ကျင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတိုးတက်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝရန်လိုအပ်သဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

ဟုမ္မလင်းဒေသသို့ လေကြောင်းခရီးစဉ်များပြေးဆွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော်မှ တတ်နိုင်သမျှပြေးဆွဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လေကြောင်းပြေးဆွဲမှုများ စနစ်တကျဖြစ်စေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဟုမ္မလင်းဒေသတိုးတက်ရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဌာနဆိုင်ရာတာဝန်ရှိသူများအတွက် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ရှမ်းအမျိုးသားယဉ်ကျေးမှုအဖွဲ့၊ ချင်းအမျိုးသားယဉ်ကျေးမှုအဖွဲ့နှင့် နာဂအမျိုးသားယဉ်ကျေးမှုအဖွဲ့များမှာ တိုင်းရင်းသားများက နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံ တိုင်းရင်းသားရိုးရာ လက်ဆောင်ပစ္စည်းများအား ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် ဟုမ္မလင်းခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment