နေပြည်တော် ဖေဖော်ဝါရီ ၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အတူ လယ်ဝေးမြို့နယ် ရှားတောကျေးရွာသို့ သွားရောက်၍ ခေတ်ရှေ့ဆောင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း (လီမိတက်) ၏ လယ်ယာသုံးစက်ကိရိယာပစ္စည်းအရောင်းပြခန်းနှင့် အလုပ်ရုံဖွင့်ပွဲသို့ တက်ရောက်သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်
တာဝန်ရှိသူများက အရောင်းပြခန်းနှင့် အလုပ်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့
ဝန်ကြီးဌာနအနေဖြင့် အရည်အသွေးပြည့်ဝပြီး ဈေးနှုန်းသက်သာသည့် စက်မှုလက်မှုထုတ်
ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရန်အတွက်
သမဝါယမအသင်းပိုင် စက်ရုံ/ အလုပ်ရုံများ၊ ဆန်စက်၊ ဆီစက်များ၊
သဘာဝမြေဩဇာစက်ရုံအပါအဝင် ဝါကြိတ်စက်၊ စက္ကူစက်၊ ရက်ကန်းစက်၊ အထည်ချုပ်စက်၊
နှမ်းအခွံချွတ်စက်၊ ရေခဲစက်၊ နို့ချက်စက်၊ သကြားစက်၊ မီးခံအုတ်စက်၊ ဆပ်ပြာစက်၊ ကျောက်ပြားစက်၊
တံမြက်စည်းစက် စသည့် စက်ရုံ/အလုပ်ရုံပေါင်း ၄၆ ခု ထူထောင်၍ ကုန်ထုတ်လုပ်ငန်းများ
ဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမအသင်းသား တောင်သူများက ကြဲပက်စနစ်စိုက်ပျိုးလျက်ရှိသကဲ့သို့
စပါးစိုက်စက်များသည်လည်း ဈေးနှုန်းမြင့်မားပါကြောင်း၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်မှသာ
ပန်းတိုင်အထွက်နှုန်းတိုးနိုင်ကြောင်း၊ ယခုအရောင်းဆိုင်တွင် အစေ့ချစက်ကို
ဈေးနှုန်းသက်သာစွာ ရောင်းချပေးမည်ဖြစ်၍ သမဝါယမအသင်းသား တောင်သူများ လိုအပ်ပါက
သီးနှံပေါ်ပေးစနစ်ဖြင့် ရင်းနှီးမြှုပ်နှံပေးမည်ဖြစ်ကြောင်း၊ အစေ့ချစက်ကို
အသုံးပြု၍ ပင်ကြား၊ တန်းကြားမှန်ကန်အောင်စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင်
ကြိုးပမ်းစိုက်ပျိုးကြစေလိုကြောင်း။
နိုင်ငံတော်ကလည်း ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို
အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့်
ဒေသတွင်းနှင့် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း
ဆန်ဖူလုံမှုရှိစေရေး၊ စပါးအထွက်နှုန်းတိုးတက်ရေးအားပေးလျက်ရှိပါကြောင်း၊
အထွက်နှုန်းတိုးသော စပါးမျိုးများ စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊
အရည်အသွေးကောင်းမွန်သော စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်
မိမိတို့ဝန်ကြီးဌာနက ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ရရှိရေး
ပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီဖွံ့ဖြိုးတိုးတက်ရေးအတွက်
စီမံဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး
ခေတ်ရှေ့ဆောင်သမဝါယမအသင်းဥက္ကဋ္ဌက လယ်ယာသုံးစက်ကိရိယာပစ္စည်း အရောင်းပြခန်းနှင့်
အလုပ်ရုံဖွင့်လှစ်နိုင်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ပုံများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းသား
တောင်သူများနှင့် ဒေသခံပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးနှင့်
ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး
လယ်ယာသုံးစက်ကိရိယာပစ္စည်းများနှင့် အလုပ်ရုံကိုကြည့်ရှုစစ်ဆေးကာ ဒေသလုပ်လက်ဆွဲကောက်စိုက်စက်၊
အစေ့ချစက်တို့ဖြင့် နွေစပါးစမ်းသပ်စိုက်ပျိုးပြသနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၇၉) နှစ်မြောက်
ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ဝေးမြို့နယ်
သော်မှော်ကုန်းကျေးရွာအုပ်စု ကျွန်းကုန်းကျေးရွာတွင်းလမ်း အရှည်ပေ ၂၂၀၀
ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီး၊
နေပြည်တော်ကောင်စီဝင်များနှင့် အမြဲတမ်းအတွင်းဝန်တို့က ကုန်ထုတ်လမ်းသစ်ကို
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ကျေးလက်နေပြည်သူများ၏
လူမှုစီးပွားဘဝမြင့်မားရေး၊ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းပေါများပြီး
မိသားစုဝင်ငွေတိုးပွားရေးအတွက် ဝန်ကြီးဌာနက မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ ချမှတ်၍
အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းဆိုင်ရာများ၊ သမဝါယမစနစ်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး
ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment