Thursday, February 19, 2026

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ရွှေပြည်သာမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်အားပေး


ရန်ကုန် ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ကျောင်းသား၊ ကျောင်းသူများက ဘင်ခရာတီးဝိုင်းနှင့် ပန်းပွားအက စသည်တို့ဖြင့် ဖျော်ဖြေနေမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချို၊ မင်္ဂလာဒုံခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြတ်သူ၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအကျိုးတော်ဆောင် ဦးလှမင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် စာပေဟောပြောမည့် စာရေးဆရာ လင်းသိုက်ညွန့် (မြန်မာ့မြေ) ကို ဂုဏ်ပြုလက်ဆောင်အားလည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ ကျောင်းစာကြည့်တိုက်များအတွက် သုတ/ရသစာအုပ်များကို ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က အခမ်းအနားအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်ပြပွဲ၊ ပညာရေးဌာန ပြခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာန ပြခန်း၊ စားသုံးသူရေးရာဦးစီးဌာန ပြခန်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးပြခန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပြခန်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းပြခန်း၊ မီးသတ်ဦးစီးဌာနပြခန်း၊ ဂိမ်းကစားနည်းပြိုင်ပွဲများ၊ ကျောင်းသား၊ ကျောင်းသူများ တီထွင်စမ်းသပ်ထားသည့်ပြခန်း၊ စာအုပ်အရောင်းဆိုင်များ စသည်တို့ကို လှည့်လည်ကြည့်ရှု အားပေးသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က အခမ်းအနားအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများနှင့် စာပေစကားဝိုင်းဆွေးနွေးပွဲကို ကြည့်ရှုအားပေးကာ ပြိုင်ပွဲယှဉ်ပြိုင်မှုအတွက် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် အခမ်းအနားအား အဆိုပါကျောင်း၏ ရတနာခန်းမတွင် ဆက်လက်ကျင်းပရာ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက် သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၄၂) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင်စုအင်အား သီချင်းဖြင့်လည်းကောင်း၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အလှကမ္ဘာမြေသီချင်းဖြင့်လည်းကောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ထာဝရသစ္စာ သီချင်းဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြပြီး စာရေးဆရာ လင်းသိုက်ညွန့် (မြန်မာ့မြေ) စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောနေမှုတို့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

No comments:

Post a Comment