Thursday, February 5, 2026

ဆရာဝန် (သစ်လွင်) နှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) များကို နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်



နေပြည်တော် ဖေဖော်ဝါရီ ၄

ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန် (သစ်လွင်) နှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေထိုင်နိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးတို့ကို ရည်မှန်းချက်ထားလုပ်ဆောင်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က နိုင်ငံတော်၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အလေးပေးမှာကြား၍ လိုအပ်ချက်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှစ၍ ကျန်းမာရေးဝန်ထမ်းများအား ပညာရှင်ထောက်ပံ့ကြေး၊ ဘွဲ့လွန်ထောက်ပံ့ကြေး၊ ဘေးအန္တရာယ်ရှိနိုင်မှုအတွက် ထောက်ပံ့ကြေး (Risk allowance)၊ ဆေးရုံညတာဝန်ကျထောက်ပံ့ကြေး (Night duty allowance) စသည်တို့ကို ချီးမြှင့်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် အမည်ပြောင်းလဲသတ်မှတ်ကာ အဆင့်မြှင့်တင်ရန်စီစဉ်ခြင်းတို့ကို တိုးမြှင့်ပေးအပ်ရန် စီစဉ်ပေးခြင်းတို့ကို အသိအမှတ်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ပြည်သူ့ဆေးရုံများတွင် ခေတ်နှင့်အညီ ရောဂါရှာဖွေဖော်ထုတ်ခြင်း၊ ကုသခြင်းလုပ်ငန်းစဉ်များကို နိုင်ငံတကာနည်းစနစ်များနှင့် လိုက်လျောညီထွေခေတ်မီစေရေးကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို စွမ်းရည်မြှင့်တင်ခြင်း၊ ဆေးရုံသုံးစက်ပစ္စည်းကိရိယာများကို အဆင့်မြှင့်တင်ခြင်း၊ လိုအပ်သည့် စက်ပစ္စည်းများကို အသစ်တပ်ဆင်ခြင်း၊ ဆေးရုံများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ဆေးရုံအင်္ဂါရပ်များနှင့် ညီညွတ်စေရေး၊ လိုအပ်ချက်ရှိသည့်ဆေးရုံများတွင် လူနာဆောင်များတိုးချဲ့ တည်ဆောက်ရေး၊ ကျန်းမာရေးဝန်ထမ်းများ နေထိုင်နိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာများ ဖြည့်ဆည်းတည်ဆောက်ရေး စသည့်လုပ်ငန်းစဉ်များကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်ပံ့ပိုးပေးမှုနှင့်အတူ မျက်ခြည်မပြတ် ဆန်းစစ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ကျန်းမာရေးဝန်ကြီးဌာနတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖြည့်ဆည်းနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဆရာဝန် (သစ်လွင်) စုစုပေါင်း ၂၆၃၃ ဦး၊ သွားနှင့် ခံတွင်းဆရာဝန် (သစ်လွင်) စုစုပေါင်း ၃၅၂ ဦး၊ BNSc (သူနာပြုသိပ္ပံဘွဲ့) ရ ၄၄၇ ဦး၊ သူနာပြုဒီပလိုမာဘွဲ့ရ ၅၈၉၉ ဦး၊ သားဖွားဒီပလိုမာဘွဲ့ရ ၁၈၅ ဦး၊ အကူသူနာပြု ၃၁၇၇ ဦး၊ ဆေးဝါးသိပ္ပံဘွဲ့ရ ၂၃၇ ဦး၊ ဆေးဘက်နည်းပညာဘွဲ့ရ ၅၃၈ ဦး၊ ကျွမ်းကျင် အဆင့် (၄) ဝန်ထမ်း ၃၁၅၀ တို့ကို ခန့်အပ်တာဝန်ပေးနိုင်ခဲ့ပါကြောင်း။

မိမိတို့၏ Professional Career တိုးတက်မြင့်မားစေရေးအတွက် သတ်မှတ်ကာလပြည့်မြောက်သည်နှင့် ဘာသာရပ်အလိုက် ဘွဲ့လွန်ဝင်ခွင့်သင်တန်းစာမေးပွဲများ ဝင်ရောက်ဖြေဆိုခွင့်ပြုထားသည့်အပြင် နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲများကိုလည်း ဝင်ရောက်ဖြေဆိုခွင့်ပြုထားပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ ကျင့်ကြံနေထိုင်ရင်း နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ထို့နောက်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက နိုင်ငံ့ဝန်ထမ်းတစ်ဦး လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်များ၊ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အဆိုပါအခမ်းအနားတွင် ဆရာဝန် (သစ်လွင်) ၁၆ ဦး နှင့်သွားနှင့် ခံတွင်းဆရာဝန် (သစ်လွင်) ၁၁၀ တို့ကို ခန့်အပ်တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment